ငွေရှာပေးနေရုံနဲ့မလုံလောက်၊ မိသားစုကို တန်ဖိုးထားတတ်မှသာ ဖခင်ကောင်းပီသ

64734768_424916931692169_1518871014786727936_n.jpg

ဘယ်လိုယောကျာ်းမျိုးမဆို အဖေဖြစ်နိုင်ပါတယ်။ ဘယ်လိုယောကျာ်းမျိုးမဆို ဘဝကြီးကို ကောင်းကောင်းဖန်တီးနိုင်ပါတယ်။ ဒါပေမဲ့လည်း အဲဒီဘဝကြီးကို ပြုစုပျိုးထောင်နိုင်ဖို့၊ ပုံဖော်နိုင်ဖို့နဲ့ ချစ်ခြင်းမေတ္တာတရားတွေဖြည့်ဆည်းပေးနိုင်ဖို့ရာ မလွယ်ကူလှပါဘူး။

ဖခင်ကောင်းတစ်ယောက်ဆိုတာ ဇနီးနဲ့သားသမီးတွေကို ဈေးကြီးတဲ့အသုံးအဆောင်ပစ္စည်းတွေ ဝယ်ပေးနိုင်တာ၊ လိုအပ်တဲ့ငွေပမာဏတိုင်းကို ပုံပေးနိုင်တာ၊ တစ်နှစ်နှစ်ခါလောက် ဇိမ်ခံခရီးစဉ်တွေပို့ပေးနေနိုင်တာကိုကြည့်ပြီး သတ်မှတ်တာ မဟုတ်ပါဘူး။ ဖခင်ကောင်းဆိုတာ ကလေးတွေကို ကျောင်းကောင်းကောင်းထားပေးနိုင်တာနဲ့လည်း မဆိုင်ပါဘူး။

စစ်မှန်တဲ့အဖေဆိုတာ မိသားစုရဲ့တန်ဖိုးကို နားလည်တဲ့သူမျိုးပါ။ မိသားစုပြဿနာ၊ ကိုယ့်ပြဿနာလို့ သဘောထားပြီး ရှေ့ကနေမားမားမတ်မတ်ရပ်တည်ပေးနိုင်ပါမှ အိမ်ထောင်ဦးစီးပီသမှာပါ။ အဲဒီလိုမှမဟုတ်ဘဲ ငွေပုံပေးရင်ပြီးရောဆိုပြီး မိသားစုပြဿနာကို ကိုယ့်ပြဿနာလို့ သဘောမထားဘဲ ဖာသိဖာသာနေမယ်ဆို အဖေကောင်းတစ်ယောက် မဟုတ်နိုင်တော့ပါဘူး။

အဖေဆိုတာ ကလေးတွေဘာဖြစ်နေတယ်။ ဘာပြဿနာတွေနဲ့ ကြုံတွေ့နေရတယ်ဆိုတာကို အမြဲလေ့လာနေတတ်ပြီး မိသားစုအတွက် အချိန်ဖန်တီးပေးတတ်ဖို့လည်း လိုပါသေးတယ်။

ဒါ့အပြင် စံပြအဖေကောင်းတစ်ယောက်ဆိုတာ အမျိုးသမီးတွေအပေါ်ဘယ်လို ဆက်ဆံသင့်တယ်ဆိုတာကိုပါ လမ်းညွှန်ပြသပေးနိုင်ရပါမယ်။ ကိုယ့်မှာ သားမွေးထားမယ်ဆိုရင် အမျိုးသမီးတွေကို နှိမ်ချဆက်ဆံတတ်တဲ့သူမျိုးမဟုတ်ဘဲ လေးစားတတ်ဖို့၊ လူသားချင်းစာနာတတ်ဖို့၊ သဘောထားကြီးဖို့နဲ့ ဂုဏ်သိက္ခာရှိတဲ့လူတော်၊ လူကောင်းဖြစ်အောင် ဘယ်လိုနေထိုင်သင့်တယ်ဆိုတာကို သင်ကြားပြသပေးနိုင်ရပါမယ်။ သားတွေဟာ သူတို့အဖေက သူတို့အမေအပေါ် ဘယ်လိုဆက်ဆံလဲဆိုတာကိုကြည့်ပြီး အတုယူတတ်ကြတာဖြစ်လို့ သင့်အနေနဲ့ သတိထားဖို့လိုပါမယ်။

မိသားစုတစ်ခုမှာ အိမ်ထောင်ဦးစီးဖြစ်တဲ့အဖေကသာ ကိုယ့်ရဲ့ဇနီး၊ မယားအပေါ် ချစ်ခင်လေးစားနေမယ်ဆို သား၊ သမီးတွေကလည်း သူတို့ရဲ့မိခင်အပေါ် အလိုလိုရိုသေလေးစားနေကြပါမယ်။

သမီးလေးတွေဟာလည်း ယောကျာ်းတစ်ယောက်ရဲ့စံနှုန်းကို သူတို့ရဲ့ဖခင်ဖြစ်သူဆီကနေပဲ သင်ယူတတ်ကြတာမို့ သင့်အနေနဲ့ သမီးလေးတွေရဲ့စိတ်ထဲမလုံခြုံမှု၊ မေတ္တာတရား ငတ်မွတ်မှုတွေဖြစ်ပြီး တခြားယောကျာ်းလေးတစ်ယောက်ဆီ မှားယွင်းမမှီခိုမိသွားအောင် နေထိုင်တတ်ဖို့လိုပါမယ်။

သမီးလေးတွေအတွက် ကမ္ဘာပေါ်က အရင်းနှီးဆုံးယောကျာ်းဟာ သူတို့လေးတွေရဲ့ဖခင်ဖြစ်တာမို့ လွတ်လပ်စွာတိုင်ပင်ခွင့်နဲ့ ချစ်ခြင်းတရားတွေကို သင့်ဘက်ကနေပြီး နွေးနွေးထွေးထွေးပေးထားသင့်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ အရွယ်ရောက်လာတဲ့အခါ သင့်ဆီကမရခဲ့တဲ့ မေတ္တာတရားတွေကို တခြားမကောင်းတဲ့ယောကျာ်းလေးတွေဆီကနေ မှားယွင်းပြီးလိုချင်သွားတတ်ကြတာမို့ သင့်ဘက်ကအကောင်းဆုံးသူငယ်ချင်းတစ်ယောက်အနေနဲ့ ငယ်စဉ်ကတည်းက စစ်မှန်တဲ့မေတ္တာတရားပေးထားဖို့လိုပါတယ်။

ဒါ့အပြင် သမီးမိန်းကလေးမို့ ယောကျာ်းလေးတွေဆို ကြောက်တတ်ရမယ်၊ ယောကျာ်းလေးတွေက ဉာဏ်ပိုသာတယ်၊ ခွန်အားဗလပိုကြီးတယ်၊ အရာရာမိန်းကလေးတွေထက် ပိုသာလို့ သတိထားရမယ်၊ ယောကျာ်းလေးတွေဆို လျှော့မတွက်သင့်ဆိုပြီး ငယ်စဉ်ကတည်းက ခေါင်းထဲရိုက်သွင်းပေးထားခြင်းကလည်း လုပ်ငန်းခွင်ထဲ သူ့ထက်ငါအပြိုင် ယှဉ်ပြိုင်ကြတဲ့နေရာမျိုးမှာ အဆိုးဘက်က သက်ရောက်မှုတွေရှိလာနိုင်တာမို့ သူတို့စိတ်ထဲဒဏ်ရာမရအောင် အိမ်ထောင်ဦးစီးဖြစ်တဲ့အဖေက သမီးမိန်းကလေးအပေါ် ဆုံးမပဲ့ပြင်တဲ့နေရာမှာလည်း အလွန်တာဝန်ကြီးမားလှပါတယ်။

Ref : curiousmindmagazine.com “A True Father Is Not The One Who Pays The Bills, But The One Who Understands That Family Comes First”
Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top