အသက် (၄၀) အရွယ်မှာ WBA စူပါချန်ပီယံဖြစ်လာတဲ့ ပက်ကွီအို

888ddd516a9e970f7ffbff1d02e25c6b.jpg

အသက် (၄၀) အရွယ်ရှိတဲ့ ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအိုဟာ အမေရိကန် လက်ဝှေ့သမား ကိတ်သာမန်းကို အမှတ်နဲ့အနိုင်ယူပြီး WBA ဝယ်တာဝိတ်တန်းရဲ့ စူပါချန်ပီယံ ဖြစ်လာခဲ့ပါတယ်။ ဇူလိုင်လ (၂၁) ရက်နေ့ အစောပိုင်း (မြန်မာစံတော်ချိန်) က အမေရိကန်နိုင်ငံ၊ လက်စ်ဗီးဂတ်စ်မြို့မှာရှိတဲ့ MGM Grand Garden Arena မှာ ပက်ကွီအိုနဲ့ ကိတ်သာမန်းတို့ပွဲစဉ် ထိုးသတ်ခဲ့ပါတယ်။

အခုပွဲစဉ်မတိုင်ခင် ပွဲ (၃၀) ဆက်တိုက် နိုင်ပွဲရရှိခဲ့ပြီး ရှုံးပွဲလုံးဝမရှိခဲ့တဲ့ ဝယ်တာဝိတ်တန်း လက်ဝှေ့သမား ကိတ်သာမန်းကတော့ ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားဘဝမှာ ပထမဆုံးရှုံးပွဲကြုံခဲ့ပါတယ်။ ပက်ကွီအိုဟာ ပထမအချီကတည်းက ကိတ်သာမန်းကို မှောက်သိပ်နိုင်ခဲ့ပေမဲ့ (၁၂) ချီပြည့်တဲ့အထိ ရေကုန်ရေခမ်း ထိုးသတ်ခဲ့ရပါတယ်။ အမှတ်ပေးဒိုင် (၃) ဦးအနက် (၂) ဦးက ပက်ကွီအိုကို ၁၁၅-၁၁၂ နဲ့ အနိုင်ပေးခဲ့ပြီး ကျန်တစ်ဦးကတော့ ၁၁၄-၁၁၃ နဲ့ ကိတ်သာမန်းကို အနိုင်ပေးခဲ့ပါတယ်။

WBA ဟာ WBC၊ WBO နဲ့ IBF ချန်ပီယံတွေကို အသိအမှတ်ပြုပြီး ဝိတ်တန်းတစ်ခုမှာ ချန်ပီယံခါးပတ် (၂) ခုနဲ့အထက်ရရှိခဲ့သူကို စူပါချန်ပီယံ၊ အငြင်းပွားစရာမရှိတဲ့ချန်ပီယံ၊ အားလုံးလက်ခံတဲ့ချန်ပီယံအဖြစ် သတ်မှတ်ပါတယ်။ ဝိတ်တန်း (၈) တန်းရဲ့ ကမ္ဘာ့ချန်ပီယံဖြစ်တဲ့ ပက်ကွီအိုအတွက် အခုပွဲစဉ်က (၇၁) ပွဲမြောက်ဖြစ်ပါတယ်။ ပက်ကွီအိုဟာ ကိတ်သာမန်းနဲ့ပွဲစဉ်မတိုင်ခင် နောက်ဆုံးထိုးသတ်ခဲ့တဲ့ (၁၁) ပွဲမှာ (၄) ပွဲအထိ ရှုံးနိမ့်ခဲ့ပြီး ကစားသမားဘဝတစ်လျှောက်မှာ စုစုပေါင်းရှုံးပွဲ (၇) ပွဲ ရှိခဲ့ပါတယ်။

သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံမှာ အထက်လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ပက်ကွီအိုဟာ ဗြိတိန်လက်ဝှေ့သမား အေမီယာခန်းနဲ့ ထိုးသတ်ဖို့ ရှိနေပါတယ်။ နိုဝင်ဘာလအတွင်း ဆော်ဒီနိုင်ငံ၊ ရီယာ့ဒ်မြို့မှာ အေမီယာခန်းနဲ့ ထိုးသတ်ဖို့ သဘောတူညီမှုရရှိခဲ့ပြီဆိုတဲ့ သတင်းတွေကို ပြီးခဲ့တဲ့သီတင်းပတ်မှာ ပက်ကွီအိုက ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမဲ့ နိုဝင်ဘာလ (၈) ရက်နေ့ကျရင် ရီယာ့ဒ်မြို့မှာ အဲဒီပွဲစဉ် ထိုးသတ်ဖြစ်လိမ့်မယ်လို့ အေမီယာခန်းကဆိုထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top