အမြင်အာရုံဆုံးရှုံးခြင်းကို ကုသပေးနိုင်တဲ့ ဗီယာဂရာ (Viagra)

d9f414fa-viagra_.jpg

အမျိုးသားခွန်အားတိုးဆေးတစ်မျိုး ဖြစ်တဲ့ ဗီယာဂရာ (Viagra) ဟာ အမြင်အာရုံ ကွယ်လုနီးပါး ဖြစ်နေတဲ့ လူနာတွေကို ပြန်လည်ကောင်းမွန်အောင် ကုသပေးနိုင်ကြောင်း သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ကြပါတယ်။

နယူးယော့ခ်မြို့၊ ကိုလမ်ဘီယာတက္ကသိုလ်ရဲ့ နှစ်နှစ်တာစမ်းသပ်မှုတစ်ခုကနေ ဒီအပြာရောင်ဆေးပြားသေးသေးလေးဟာ ကုသလို့မရနိုင်တဲ့ အသက်အရွယ်အရ အမြင်အာရုံဆုံးရှုံးခြင်း (AMD) ကို တားဆီးပေးနိုင်တယ်ဆိုတာကို တွေ့ရှိခဲ့တာပါ။

ဗြိတိန်နိုင်ငံသား ခြောက်သိန်းလောက် အမြင်အာရုံတဖြည်းဖြည်း ဆုံးရှုံးလာကြရတဲ့ အဓိကအကြောင်းရင်းက AMD ကြောင့်ဆိုတာကို တွေ့ရှိခဲ့ရပြီး ၉၀ ရာခိုင်နှုန်းလောက်က နှစ်ရှည်လများ တမြေ့မြေ့ အမြင်အာရုံပျက်စီးမှု (dry AMD) ကို ခံစားရပြီး ကျန်တဲ့ ၁၀ ရာခိုင်နှုန်းက သုံးလလောက်နဲ့ အမြင်အာရုံဆုံးရှုံးမှု (wet AMD) ဖြစ်ကြတယ်ဆိုတာ တွေ့ရပါတယ်။

Dry AMD က အသက် ၅၀ အရွယ်နောက်ပိုင်းမှာ တဖြည်းဖြည်း သိသာလာပြီး Macula တစ်ဝိုက်မှာ သွေးကြောအသစ်တွေ ကြီးထွားလာတာကြောင့် ဖြစ်ပါတယ်။ ဒီသွေးကြောတွေကနေ အရည်ယိုစိမ့်ပြီး မျက်လုံးအလယ်ဗဟိုမှာ အမြင်အာရုံတွေကို ပျက်စီးစေတာ ဖြစ်ပါတယ်။ ဒါကြောင့် မျက်နှာတွေကို ကြည့်တဲ့အခါ တဖြည်းဖြည်း မသဲကွဲတော့ပဲ တီဗွီကစာသားတွေကိုလည်း ဖတ်ဖို့ မလွယ်ကူတော့တာမျိုး ဖြစ်လာစေပါတယ်။

မျက်လုံးရဲ့ တစ်ရှူးအလွှာတွေဆီ သွေးစီးဆင်းမှု နည်းသွားတာကြောင့်လည်း အမြင်အာရုံဆုံးရှုံးမှု တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်ချေရှိတယ်လို့ မကြာသေးခင်က ပြုလုပ်တဲ့ သုတေသနတွေက တွေ့ရှိခဲ့တဲ့အတွက် Viagra ဆေးက တစ်ရှူးတွေဆီ သွေးလည်ပတ်စီးဆင်းမှု ကောင်းမွန်စေတယ်လို့ အဆိုပြုခဲ့ကြပါတယ်။

ကိုလမ်ဘီယာ တက္ကသိုလ်ရဲ့လေ့လာချက်အရ AMD ရှိတဲ့ သက်ကြီးရွယ်အို ၅ ယောက်ကို Viagra ဆေးပြား တစ်နေ့ နှစ်လုံးပေးပြီး နှစ်နှစ်ကြာ စမ်းသပ်ခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ သက်ကြီးရွယ်အိုတစ်ဦးရဲ့ အမြင်အာရုံဟာ လုံးဝပြန်ကောင်းသွားခဲ့ပြီး ကျန်တဲ့လေးယောက်ကိုတော့ အမြင်အာရုံ ပျက်စီးဆုံးရှုံးတော့မယ့် အခြေအနေကနေ ဟန့်တားပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မျက်စိဆရာဝန်ကြီး ပါမောက္ခ ဆောဘာ (Sobha) ကတော့ Viagra ဆေးကို လေ့လာမှုတွေ နည်းနေသေးပေမဲ့ ရလဒ်တွေကတော့ အားတက်စရာလို့ ဆိုပါတယ်။ ဒီဆေးက နှလုံးရောဂါဖောက်ခြင်းနဲ့ အဆုတ်ရောဂါတွေအပြင် စိတ်ပေါ့သွပ်ခြင်းကို ကုသရာမှာလည်း အသုံးဝင်တယ်လို့ သိရပါတယ်။

ဒီ Viagra ဆေးကို မေလကတည်း စတင်ကာ ဗြိတိန်နိုင်ငံတစ်ဝန်းလုံးမှာ တရားဝင်ရောင်းချပေးနေတာလည်း ဖြစ်ပါတယ်။

Ref: DailyMail “Viagra could be a new miracle cure for Blindness, scientists claim”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top