ကွန်ကရစ်ဆိုတာ ရောမလူမျိုးတွေ ပန်သီနွန် ကျောင်းတော်ကြီး (pantheon) ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ခန့်က ဆောက်လုပ်ခဲ့တဲ့အချိန်မှစပြီး ယနေ့အချိန်အထိ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အရေးပါနေဆဲ ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။
ကွန်ကရစ်များကို ပါဝင်ပစ္စည်းကောင်းကောင်းနဲ့ ဘယ်လောက်ရောစပ်ထားပါစေ ကွန်ကရစ်များအားလုံးဟာ အချိန်ကြာလာတာနဲ့အမျှ အက်ကွဲလာပြီး ပျက်ဆီးသွားတတ်ပါတယ်။ ဒါကြောင့် ပညာရှင်များဟာ ကွန်ကရစ်များကို ပိုမိုခိုင်မာအောင် တီထွင်လာခဲ့ကြပါတယ်။
ကွန်ကရစ်များရဲ့ အဓိက အားနည်းချက် တစ်ခုကတော့ အက်ကွဲခြင်း ဖြစ်ပါတယ်။ ကွန်ကရစ် အက်ကွဲလာရင် ထိုအက်ကွဲကြောင်းမှ တဆင့် ရေဝင်လာပါတယ်။ ရေဝင်လာတဲ့အခါ ထိုရေဟာ အဆောက်အဦးရဲ့ သံတိုင်တွေဆီကို ရောက်သွားပြီး သံတိုင်တွေ သံချေးတက်သွားတာနဲ့ အဆောက်အဦးလည်း ပျက်ဆီးသွားတတ်ပါတယ်။ ဒီလို ကွန်ကရစ်များရဲ့ အဓိက အားနည်းချက်ကိုတော့ နယ်သာလန်နိုင်ငံ ဒဲလ်ဖ် နည်းပညာတက္ကသိုလ် (Delft University of Technology) မှ ပါမောက္ခ ဟန့်ဂျွန်ကာ (Professor Henk Jonkers) ခေါင်းဆောင်တဲ့ အဖွဲ့မှ တီထွင်မှုတစ်ခုလုပ်ပြီး ဖြေရှင်းနိုင်ခဲ့ပါတယ်။ ပါမောက္ခ ဟန့်ဂျွန်ကာ တို့အဖွဲ့ တီထွင်ခဲ့တဲ့ကတော့ အက်ကွဲကြောင်းများကို အလိုအလျောက် ဖာထေးပေးနိုင်တဲ့ ဇီဝကွန်ကရစ် (Bioconcrete) ဖြစ်ပြီး ဇီဝကွန်ကရစ်မှ ဘတ်တီးရီးယားများက အက်ကွဲကြောင်းများကို ဖာထေးပေးသွားမှာဖြစ်ပါတယ်။
ဇီဝကွန်ကရစ်ကို ရောစပ်အသုံး ပြုရာမှာ သာမန် ကွန်ကရစ်များ အသုံးပြုသကဲ့သို့ အသုံးပြုရမှာဖြစ်ပြီး “အလိုအလျောက် ဖာထေးပေးနိုင်သောပစ္စည်း” လို့ခေါ်တဲ့ “healing agent” ကို ထည့်သွင်းအသုံးပြုရမှာ ဖြစ်ပါတယ်။ Healing agent ဟာ ကွန်ကရစ် အသုံးပြုချိန်မှာ ဘာအာနိသင်မှ မပြပေမဲ့ ကွန်ကရစ် အက်ကွဲလာပြီး ရေဝင်လာတဲ့အခါမှာ လုပ်ဆောင်ချက် စတင်မှာဖြစ်ပါတယ်။ ပါမောက္ခ ဟန့်ဂျွန်ကာဟာ အဏုဇီဝ ပညာရှင်တစ်ယောက်ဖြစ်ပြီး ဒီနည်းပညာကို ၂၀၀၆ ခုနှစ်ကတည်းက သုတေသန ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။
ဇီဝကွန်ကရစ်တီထွင်ခဲ့တဲ့ ပါမောက္ခ ဟန့်ဂျွန်ကာကတော့ “ဘိုင်အို ကွန်ကရစ်ကို တီထွင်ရာမှာ တွေ့ရတဲ့ ပြဿနာတစ်ခုကတော့ ဘတ်တီးရီးယားတွေကို ကျောက်တုံးကဲ့သို့ ကြမ်းတမ်း မာကြောတဲ့ ကွန်ကရစ်မှာ အသက်ရှင်အောင် ထားရတာပါပဲ။ ကွန်ကရစ်ဟာ အယ်လ်ကာလီ သတ္တိ လွန်ကဲတဲ့ပစ္စည်းဖြစ်ပြီး ဘတ်တီးရီးယားများဟာ ကွန်ကရစ် မအက်ကွဲခင်အထိ နှစ်ပေါင်းများစွာ စောင့်ဆိုင်းရပါတယ်။ ဒါကြောင့် ကျွန်တော် အယ်လ်ကာလီ သတ္တိ လွန်ကဲတဲ့ အခြေအနေမှာ ရှင်သန် မျိုးပွားနိုင်တဲ့ bacillus bacteria ကို အသုံးပြုခဲ့ပါတယ်။”
ဘတ်တီရီးယားများ နှစ်ပေါင်းများစွာ ရှိနေဖို့အတွက် လုပ်ဆောင်ခဲ့ပြီးတာနဲ့ ပြန်လည် ဖာထေးပေးနိုင်ဖို့အတွက် ထုံးကျောက်ဓာတ် လိုအပ်ပါတယ်။ ဘတ်တီးရီးယားများ ထုံးကျောက်ဓာတ်ကို ထုတ်လုပ်ပေးဖို့အတွက် အစာအရင်းအမြစ် လိုအပ်ပြီး ပါမောက္ခ ဟန့်ဂျွန်ကာကတော့ calcium lactate ကို အစာအရင်းအမြစ်အဖြစ် အသုံးပြုခဲ့ပါတယ်။ ကွန်ကရစ် အက်ကွဲလို့ ရေဝင်လာတဲ့အချိန်မှာ ကွန်ကရစ်ထဲက ဘတ်တီရီးယားများကို ထည့်ထားတဲ့ ဘူးဟာ ကွဲထွက်သွားပြီး calcium lactate ကို စားသုံးကာ ထုံးကျောက်ကို ထုတ်လုပ်ပေးမှာဖြစ်ပါတယ်။ ထိုထုံးကျောက်ဟာ အက်ကွဲကြောင်းများကို ဖာထေးပေးစွားမှာဖြစ်ပြီး ပါမောက္ခ ဟန့်ဂျွန်ကာကတော့ သူ့ရဲ့ ဇီဝကွန်ကရစ်ဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွက် ခေတ်သစ်တစ်ခုကို ပြောင်းလဲပေးနိုင်မယ်လို့ ယုံကြည်နေပါတယ်။
Ref : CNN News : How self-healing concrete could redefine the construction industry
လူမို (ရိုးရာလေး)