ONE: A NEW ERA ပြိုင်ပွဲကြီးနှင့် ဆက်စပ်နေသောကိန်းဂဏန်းများ

4edff257-1701-4d1c-b776-0392da440839.jpg

ကျင်းပပြီးစီးခဲ့သော ONE: A NEW ERA ပြိုင်ပွဲကြီးသည် ONE Championship သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးပြိုင်ပွဲတစ်ခုဖြစ်ခဲ့သလို ၂၀၁၉ ခုနှစ်၏ အခမ်းနားဆုံး ကိုယ်ခံပညာပြိုင်ပွဲဟုလည်း ဆိုနိုင်ပေမည်။ အဆိုပါပြိုင်ပွဲကြီးကို မတ်လ (၃၁) ရက်နေ့က ဂျပန်နိုင်ငံရှိ ထင်ရှားကျော်ကြားသော Ryogoku Kokugikan အားကစားရုံကြီးတွင် ကျင်းပသွားခဲ့သည်။ ဤကဲ့သို့ ခမ်းနားထည်ဝါလှသောပြိုင်ပွဲကြီးနှင့် ပတ်သက်သည့် ကိန်းဂဏန်း (၆) ခုကို ဖော်ပြပေးသွားပါမည်။

၁ ဂဏန်း

A NEW ERA ပြိုင်ပွဲကြီးသည် ဂျပန်နိုင်ငံတွင်ကျင်းပသော ပထမဆုံး ONE Championship ပြိုင်ပွဲကြီးဖြစ်သည်။ ONE Championship သည် အာရှတစ်လွှားတွင် ပြိုင်ပွဲကြီးများကို ခြိမ့်ခြိမ့်သဲကျင်းပနေသော်လည်း မတ်လ (၃၁) ရက်နေ့မတိုင်မီ အချိန်အထိ ဂျပန်နိုင်ငံတွင် ကျင်းပခဲ့ခြင်းမရှိခဲ့ပေ။ ယင်းနိုင်ငံတွင် ကျင်းပရန် ONE သည် များစွာအားစိုက်ထုတ်ကာ ပြင်ဆင်ခဲ့ရပြီး Shooto နှင့် Pancrase တို့ကို ပေါင်းကူးတံတားသဖွယ်ဆောင်ရွက်စေနိုင်ရန် လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့သည်။ ထို့အပြင် Pancrase မှ အားကစားသမားဖြစ်သူ Senzo Ikeda ကလည်း တွဲဆိုင်းတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

၁၉ ဂဏန်း

ONE: A NEW ERA ပြိုင်ပွဲကြီးတွင် နိုင်ငံပေါင်း (၁၉) နိုင်ငံမှ ကစားသမားများသည် ၎င်းတို့နိုင်ငံကို ကိုယ်စားပြုကာ ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ အိမ်ရှင်နိုင်ငံဖြစ်သော ဂျပန်နိုင်ငံမှစ၍ အမေရိကန်ပြည်ထောင်စု၊ မြန်မာ၊ ဖိလစ်ပိုင်၊ တရုတ်၊ အီတလီ၊ နယ်သာလန်၊ ထိုင်း အစရှိသော နိုင်ငံများမှ ကစားသမားများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ONE သည် ထူးချွန်သော ကိုယ်ခံပညာကစားသမားများအတွက အောင်မြေတစ်ခုဖြစ်လာခဲ့သည်။ ONE: A NEW ERA ပြိုင်ပွဲလောက် ထူးခြားပြောင်မြောက်သောပြိုင်ပွဲဟူသည် နောက်ထပ်ရှိလာရန် ခဲယဉ်းတော့မည်ဖြစ်သည်။

၃ ဂဏန်း

ကိုယ်ခံပညာအားကစားပြိုင်ပွဲ (၃) ခုကို ပြသယှဉ်ပြိုင်ခဲ့ကြသည်။ ကိုယ်ခံပညာ သိုင်းပေါင်းစုံပြိုင်ပွဲများကို ဦးစားပေးယှဉ်ပြိုင်ကစားကြသည်ဆိုသော်ငြားလည်း ပြိုင်ပွဲကြီးတွင် မွေထိုင်းတွဲဆိုင်း (၂) ပွဲနှင့် kickboxing တွဲဆိုင်းတစ်ခုကို ကျင်းပခဲ့သည်။ ကျယ်ပြန့်လှသော အားကစားပညာရပ်နှင့် သေသပ်စနစ်ကျသောစည်းကမ်းသတ်မှတ်ချက်များကြောင့် ONE Championship သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးကိုယ်ခံပညာအဖွဲ့အစည်းတစ်ခု ဖြစ်လာခြင်းဖြစ်သည်။

၄ ဂဏန်းများ

ONE: A NEW ERA ပြိုင်ပွဲကြီး၏ တွဲဆိုင်းကြီးတွင် မကျေပွဲ (၄) ခု ထည့်သွင်းကျင်းပသွားခဲ့သည်။ အများစုက ချန်ပီယံလုပွဲများသည် ထိပ်တန်းမကျေပွဲများဖြစ်သည်ကို သိရှိထားကြသော်လည်း
Andy Souwer နှင့် Yodsanklai IWE Fairtex တို့၏ kickboxing ပြိုင်ပွဲသည်လည်း မကျေပွဲဖြစ်သည်ကို သိရှိထားသူနည်းပါးနေသေးသည်။ ထို kickboxing ကစားသမား အကျော်အမော် (၂) ဦး သည် လွန်ခဲ့သော (၁၁) နှစ်တာကာလက တွေ့ဆုံယှဉ်ပြိုင်ခဲ့ဖူးသည်။ အဆိုပါပြိုင်ပွဲတွင် Souwer က အနိုင်ရရှိခဲ့သည်။ ထို့အပြင် ONE: A NEW ERA ပြိုင်ပွဲကြီးတွင် ပါဝင်သော မကျေပွဲတွဲဆိုင်းများမှာ Kevin Belingon နှင့် Bibiano Fernandes III၊ Aung La N Sang နှင့် Ken Hasegawa II၊ Eduard Folayang နှင့် Shinya Aoki II တို့ပင်ဖြစ်သည်။

ထိပ်တန်းကမ္ဘာ့ချန်ပီယံလုပွဲများတွင် အထက်တွင်ဖော်ပြခဲ့သော် တစ်ကျော့ပြန်ပြိုင်ပွဲများအပြင် ONE အမျိုးသမီးစတောဝိတ်ချန်ပီယံ Xiong Jing Nan သည် ၎င်း၏ခါးပတ်ကို ONE အမျိုးသမီး အက်တမ်ဝိတ်ချန်ပီယံ Angela Lee နှင့် ယှဉ်ပြိုင်ကာ ကာကွယ်နိုင်ခဲ့သည်။ Angela Lee သည် ONE ၏ ပထမဆုံး ဝိတ်တန်း (၂) ခု၏ အမျိုးသမီးကမ္ဘာ့ချန်ပီယံဖြစ်လာရန် ရည်ရွယ်သော်လည်း အကောင်အထည်ပေါ်မလာခဲ့ချေ။

၉ ဂဏန်း

အဆိုပါ ONE Championship ပြိုင်ပွဲကြီးတွင် ပရော်ဖက်ရှင်နယ် ပွဲဦးထွက်ပြိုင်ပွဲဝင်မည့် ကစားသမား (၉) ဦးရှိခဲ့သည်။ ယင်းကစားသမားများတွင် အထင်ရှားဆုံးကစားသမားများမှာ UFC ကမ္ဘာ့ချန်ပီယံဟောင်း Demetrious “Mighty Mouse” Johnson နှင့် “The Underground King” Eddie Alvarez တို့သည် ONE တွင် ပထမဆုံး ပွဲဦးထွက်ကစားသွားကြခြင်းဖြစ်သည်။ Johnson နှင့် Alvarez တို့သည် ONE ကမ္ဘာ့ Grand Prix ပြိုင်ပွဲ၏ ဖလိုင်းဝိတ်တန်းနှင့် လိုက်ဝိတ်တန်းတို့တွင် အသီးသီးယှဉ်ပြိုင်သွားကြပြီး Johnson သည် Yuya Wakamatsu ကို ကွာတားဖိုင်နယ် ပွဲစဉ်အတွက် ယှဉ်ပြိုင်အနိုင်ရခဲ့ကာ Alvarez သည် Timofey Nastyukhin ကို ရှုံးနိမ့်ခဲ့ရသည်။

၂ ဂဏန်း

အမျိုးသမီးကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲ (၂) ခု ပါဝင်ကျင်းပသွားခဲ့သည်။ Xiong နှင့် Lee တို့၏ ခမ်းနားသောပြိုင်ပွဲအပြင် ဂျပန်အမျိုးသမီးကိုယ်ခံပညာသိုင်းပေါင်းစုံလောကကို ရှေ့ဆောင်ဖြစ်သူ Mei Yamaguchi က ရုရှားနိုင်ငံသူ Kseniya Lachkova ကို ရင်ဆိုင်ကစားခဲ့သည်။ အဆိုပါပြိုင်ပွဲကြီးတွင် Mei Yamaguchi က အနိုင်ရရှိခဲ့သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top