Pfizer ကာကွယ်ဆေးကြောင့် နွေဦးမှာ ပုံမှန်ဘဝမျိုး ပြန်ရောက်မယ်လို့ ယူဆမှုများ ရှိ

10-11-2020-yyl-012.jpg

Pfizer ဟာ လူ ၉၀ ရာခိုင်နှုန်းကျော်ကို ကိုဗစ်-၁၉ ရောဂါကနေ ကာကွယ်ပေးနိုင်စွမ်းရှိတဲ့ ပထမဆုံး အာနိသင်ထိရောက်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ဖြစ်တယ်လို့ ကနဦးစမ်းသပ်မှုရလဒ်တွေမှာ ဖော်ပြထားပါတယ်။ ဒါဟာ သိပ္ပံပညာနဲ့ လူသားမျိုးနွယ်အတွက် နေ့ထူးနေ့မြတ်တစ်ရက် ဖြစ်တယ်လို့ Pfizer နဲ့ BioNTech ကုမ္ပဏီတွေက မှတ်ချက်ပေးခဲ့ပါတယ်။ Pfizer ကာကွယ်ဆေးကို နိုင်ငံ ၆ နိုင်ငံမှာရှိတဲ့ လူ ၄၃,၅၀၀ ကို စမ်းသပ်မှုလုပ်ခဲ့ပြီး ဘေးထွက်ဆိုးကျိုး အန္တရာယ် မတွေ့ခဲ့ပါဘူး။

ဒီလကုန်ကျရင် အရေးပေါ်အသုံးပြုခွင့်ပေးဖို့ FDA ကို လျှောက်ထားမယ်လို့ Pfizer နဲ့ BioNTech ကုမ္ပဏီတွေက ပြောပါတယ်။ အခုလောက် အချိန်တိုအတွင်းမှာ အာနိသင်ထက်မြက်လွန်းတယ်လို့ အတည်ပြုနိုင်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး မရှိခဲ့ဖူးပါဘူး။ Pfizer ကာကွယ်ဆေးကလည်း စိန်ခေါ်မှုတွေ အများကြီးကြုံရဦးမှာပါ။ ဒါပေမဲ့ အခုကြေညာချက်ကြောင့် နွေဦးကာလမှာ ပုံမှန်နေထိုင်မှုဘဝမျိုး ပြန်ဖြစ်လာနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေ ရှိနေပါတယ်။

Pfizer ကာကွယ်ဆေးဟာ ၃ ပတ်ခြားပြီး ကာကွယ်ဆေး ၂ ကြိမ် ထိုးဖို့ လိုအပ်ပါတယ်။ အမေရိကန်၊ ဂျာမနီ၊ ဘရာဇီး၊ အာဂျင်တီးနား၊ တောင်အာဖရိကနဲ့ တူရကီနိုင်ငံတွေမှာ ပြုလုပ်ခဲ့တဲ့ စမ်းသပ်ထိုးနှံမှုတွေအရ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပြီး ၇ ရက်အကြာမှာ ရောဂါပိုးကူးစက်မှုကို ၉၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်တယ်လို့ တွေ့ရပါတယ်။ ဒါပေမဲ့ အခုထုတ်ပြန်ခဲ့တဲ့ အချက်အလက်တွေက အပြီးသတ်မဟုတ်သေးပါဘူး။ ကာကွယ်ဆေးထိုးနှံမှု ခံယူခဲ့တဲ့ စေတနာ့ဝန်ထမ်း ၉၄ ယောက်ရဲ့ ရလဒ်တွေဖြစ်ပါတယ်။ (ဒီတော့ အပြီးသတ်အချက်အလက်တွေ ထုတ်ပြန်တဲ့အခါ Pfizer ကာကွယ်ဆေးရဲ့ အာနိသင်သက်ရောက်မှု အတိုင်းအတာက အပြောင်းအလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်)။

နိုဝင်ဘာလ တတိယပတ်ကျရင်တော့ သူတို့ရဲ့ကာကွယ်ဆေးကို စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့ထံ တင်ပြဖို့အတွက် ဘေးကင်းစိတ်ချရတယ်ဆိုတဲ့ အချက်အလက်တွေ လုံလုံလောက်လောက် ရလိမ့်မယ်လို့ Pfizer နဲ့ BioNTech ကုမ္ပဏီတွေက ပြောပါတယ်။ ဒီနှစ်အကုန်မှာ ကာကွယ်ဆေးအဖုံရေ သန်း ၅၀ ထုတ်လုပ်ပေးနိုင်ပြီး ၂၀၂၁ ခုနှစ်အကုန်ကျရင် အဖုံရေ ၁.၃ ဘီလျံနီးပါး ထုတ်လုပ်ပေးနိုင်မယ်လို့ ကုမ္ပဏီတွေက ဆိုပါတယ်။ ကာကွယ်ဆေး ထိုးနှံနိုင်ပြီဆိုရင် လူတိုင်းကို ချက်ချင်း ထိုးပေးနိုင်ဦးမှာမဟုတ်ပါဘူး။ နိုင်ငံအသီးသီးမှာ ဦးစားပေးသတ်မှတ်ချက်တွေ ရှိပါတယ်။ ဆေးရုံဝန်ထမ်းတွေနဲ့ စောင့်ရှောက်ရေးဂေဟာ ဝန်ထမ်းတွေကတော့ ထိလွယ်ရှလွယ်အဖြစ်ဆုံးလူတွေနဲ့( သက်ကြီးရွယ်အိုတွေက ရောဂါကူးစက်နိုင်ခြေအမြင့်ဆုံးဖြစ်) အတူတူ ရှိနေရတဲ့အတွက် ဦးစားပေးအဆင့်မှာ ပါဝင်ပါတယ်။

Pfizer ကာကွယ်ဆေးက ရောဂါကူးစက်ပြန့်ပွားမှုမရှိအောင် ကာကွယ်ပေးတာလား၊ ရောဂါလက္ခဏာ သက်သာလျော့ပါးစေတာလား၊ ကူးစက်နိုင်ခြေမြင့်မားတဲ့ သက်ကြီးရွယ်အိုတွေမှာရော အာနိသင်သက်ရောက်မှု အတူတူပဲလား၊ ရောဂါကာကွယ်နိုင်စွမ်းက ဘယ်လောက်ကြာလဲ၊ လပိုင်းလား၊ နှစ်ပိုင်းလား စတဲ့ မေးခွန်းတွေကိုတော့ မဖြေရှင်းနိုင်သေးပါဘူး။

အစောပိုင်းစမ်းသပ်ထိုးနှံမှုတွေအရ Pfizer ကာကွယ်ဆေးဟာ ပဋိပစ္စည်းနဲ့ T-cells လို့ခေါ်တဲ့ ကိုယ်ခံအားစနစ်က ကိုရိုနာဗိုင်းရပ်စ်ကို တွန်းလှန်တိုက်ဖျက်နိုင်အောင် လေ့ကျင့်ပေးတဲ့ပုံစံမျိုး အလုပ်လုပ်တာပါ။ Pfizer ကာကွယ်ဆေးက စမ်းသပ်ထိုးနှံမှု အဆင့်(၃) ရောက်နေပါပြီ။ ကိုဗစ်-၁၉ ရောဂါအတွက် ကာကွယ်ဆေးရပြီး ကုသမှုနည်းလမ်းတွေ ပိုကောင်းလာမှပဲ ကမ္ဘာ့နိုင်ငံတွေမှာ ရောဂါကူးစက်ပြန့်ပွားမှု တားဆီးကာကွယ်ဖို့ ကန့်သတ်ပိတ်ပင်မှုလုပ်ထားတဲ့ စည်းမျဉ်းတွေကနေ ကင်းလွတ်ခွင့်ရမှာပါ။

Ref: BBC ” Covid vaccine: First ‘milestone’ vaccine offers 90% protection”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top