စိတ်ကျန်းမာရေးကို လူတော်တော်များများက မေ့လျော့ထားတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြင်ရတဲ့အရာထက် မမြင်ရတဲ့ စိတ်ကို လူတွေက သိပ်ပြီး ဂရုစိုက်လေ့မရှိတာကြောင့်ပါပဲ။ “စိတ်ချမ်းသာမှ ကိုယ်ကျန်းမာ” ဆိုသလို စိတ်ကို အေးချမ်းစွာ နေထိုင်တတ်မှ ဘဝကို ကျန်းမာပျော်ရွှင်စွာနဲ့ ဖြတ်ကျော်သွားနိုင်မှာပါ။
စိတ်ချမ်းသာဖို့ဆိုတာ ပြောလို့လွယ်ပေမဲ့ တကယ်တမ်းတော့ တော်တော်လေး ခက်ခဲနိုင်တယ်လို့ ထင်ရပါတယ်။ နေ့စဉ်ဘဝမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေ၊ အလုပ်ခွင်မှာ တွေ့ကြုံရတဲ့ အခက်အခဲတွေ၊ ဖိအားတွေ၊ မိသားစု၊ လူမှုရေးရာ အဆင်မပြေမှုတွေကြားမှာ ဘယ်လောက်ပဲ ကြံ့ခိုင်တဲ့ စိတ်ဖြစ်နေပါစေ အနည်းငယ်တော့ ဒဏ်ပိနိုင်ပါတယ်။
ဒီဆောင်းပါးလေးမှာတော့ မကြာခဏ စိတ်ညစ်တတ်တဲ့ သူတွေ၊ ဘဝကို စိတ်အေးလက်အေး ကျော်ဖြတ်ချင်တဲ့ သူတွေအတွက် ပြောင်းလဲသင့်တဲ့ နေပုံထိုင်ပုံ၊ ပြင်ဆင်သင့်တဲ့ စိတ်နေသဘောထားအကြောင်း ပြောပြပေးချင်ပါတယ်။
အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ
အသက်ရှူတယ်ဆိုတာ သမားရိုးကျ လေ့ကျင့်ခန်းတစ်ခုလို့ ထင်ထားပေမယ့် တကယ်တော့ ကိုယ့်ရဲ့ စိတ်ခံစားချက်နဲ့ အများကြီးသက်ဆိုင်မှုရှိနေပါတယ်။ ဥပမာ – ဒေါသဖြစ်လာတဲ့အချိန် နှလုံးတွေ တဆတ်ဆတ် ခုန်လာပြီး အသက်ရှူသံတွေ ပြင်းလာတာမျိုးပေါ့။ ဒါကြောင့် ဘဝကို အေးချမ်းစွာ ကျော်ဖြတ်ချင်တယ်ဆိုရင် အသက်ကို ပုံမှန်အတိုင်း ဖြည်းဖြည်းချင်း ရှူရှိုက်တဲ့ အလေ့အကျင့်ကို မွေးမြူသင့်ပါတယ်။
အသက်ရှူလေ့ကျင့်ခန်း လုပ်တော့မယ်ဆိုရင်
- သက်တောင့်သက်သာဖြစ်တဲ့ နေရာ၊ ထိုင်ခုံမှာ ထိုင်ပါ။
- ဝမ်းဗိုက်ပေါ်ကို လက်တစ်ဖက်တင်ပြီး ကျန်တဲ့ လက်တစ်ဖက်ကို ရင်ဘတ်ပေါ် တင်ထားပါ။
- ဝမ်းဗိုက်ကနေ အသက်ဝအောင်ရှူသွင်းပါ။ လေရှူသွင်းလိုက်တဲ့အချိန်မှာ ဝမ်းဗိုက်ဟာ ဖောင်းကြွနေပြီး ရင်ဘတ်ကတော့ နဂိုအတိုင်း ဖြစ်နေပါစေ။
- စက္ကန့်အနည်းငယ်လောက် အသက်ကို ဝအောင် ရှူသွင်းပြီးသွားရင် လေကို ပြန်ရှူထုတ်ပေးပါ။
- တစ်နေ့ကို ၁၀ မိနစ်ခန့် အသက်ရှူလေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးပါ။
နောက်ပိုင်း အကျင့်ဖြစ်သွားတဲ့အခါမှာ လေ့ကျင့်ခန်း သီးသန့်လုပ်စရာမလိုဘဲ ပုံမှန်အတိုင်းကို အသက်ကို ဝအောင် ဖြည်းဖြည်းချင်းရှူရှိုက်တတ်သွားမှာ ဖြစ်ပါတယ်။ အသက်ရှူလေ့ကျင့်ခန်း မှန်မှန်လုပ်ပေးခြင်းရဲ့ အဓိက ကောင်းကျိုးကတော့ စိတ်ဖိစီးမှု ဖြစ်နေတဲ့အချိန်မှာ ကိုယ်ခန္ဓာမှာထွက်လာတဲ့ ကော်တီစောဟော်မုန်း (Cortisol) ကို လျှော့ချပေးနိုင်တဲ့အပြင် ဦးနှောက်နဲ့ အာရုံကြောစနစ်ကို ကောင်းစွာ အနားပေးနိုင်ပါတယ်။
ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ
လေ့ကျင့်ခန်းနဲ့ အားကစားလုပ်ခြင်းဟာ ကိုယ်ခန္ဓာနဲ့ ကျန်းမာရေးအတွက်သာမက စိတ်ဓာတ်ကိုလည်း ကြံ့ခိုင်ဖွံ့ဖြိုးစေပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းလုပ်နေတဲ့အချိန်မှာ စိတ်ကို ပျော်ရွှင်စေတဲ့ အန်ဒိုဖင်ဟော်မုန်း (Endorphin) ဒိုပါမင်ဟော်မုန်း (Dopamine) စီရိုတိုနင်ဟော်မုန်း (Serotonin) နဲ့ အောက်စီတိုစင်ဟောမုန်း (Oxytocin) တွေကို ဦးနှောက်က ထုတ်လွှတ်ပေးလိုက်ပါတယ်။
ဒီဟော်မုန်းတွေဟာ လူ့ရဲ့ စိတ်ကို တည်ငြိမ်အေးချမ်းစေတယ်။ မောပန်းမှုနဲ့ စိတ်ဖိစီးမှုတွေကို ပြေလျော့စေတယ်။ အစာစားချင်စိတ်ကို ဖြစ်စေပြီး ညဘက်မှာ ကောင်းစွာ အိပ်ပျော်နိုင်စေတယ်။ နှလုံးရောဂါနဲ့ အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
ဒါကြောင့် တစ်နေ့ကို မိနစ် ၃၀ မှ ၆၀ထိ လမ်းလျှောက်တာ၊ ပြေးတာ၊ စက်ဘီးစီးတာ၊ ရေကူးတာ အစရှိတဲ့ လေ့ကျင့်ခန်းမျိုး လုပ်ပေးမယ်၊ တစ်ပတ်ကို ၃ကြိမ်မှ ၅ကြိမ်ထိ ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် စိတ်ရဲ့ အေးချမ်းပျော်ရွှင်မှုကို တည်ဆောက်နိုင်ပါတယ်။
နေရောင်ခြည်နဲ့ ထိတွေ့မှုရှိပေးပါ
လူတွေနဲ့ ဆက်ဆံမှုမရှိဘဲ အိမ်ထဲမှာ အမြဲလှောင်ပိတ်နေရင် စိတ်ဟာ အထီးကျန်ဆန်မှု ပိုဖြစ်စေနိုင်ပါတယ်။ နေရောင်ခြည်ဟာ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ ဗီတာမင် D ဓာတ်ကို ပေးစွမ်းနိုင်တဲ့အပြင် စီရိုတိုနင်ဟော်မုန်း (Serotonin) ကို မြှင့်တင်ပေးနိုင်ပါတယ်။
ဒါကြောင့် ပိတ်ရက်တွေမှာ အိမ်မှာ အောင်းမနေဘဲ အပြင်ထွက်ပြီး လေကောင်းလေသန့်ရှူရှိုက်ပါ။ ပတ်ဝန်းကျင်ရဲ့ အလှအပကို ငေးမောခံစားကြည့်ပါ။ အားကစားလုပ်တာဖြစ်စေ၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ တွေ့ဆုံစကားပြောတာဖြစ်စေ ပြုလုပ်ပေးပါ။
ဝါသနာပါတဲ့ အရာတွေ လုပ်ပေးခြင်းဖြင့် စိတ်အပန်းဖြေပါ
တစ်ခါတလေမှာ ဘာအကြောင်းအရာမှ မတွေးပဲ စိတ်လွတ်လက်လွတ် ကိုယ်ဝါသနာပါတဲ့ အရာလေးတွေ လုပ်ပေးလိုက်တာဟာ စိတ်ရဲ့ နားခိုစရာ ထွက်ပေါက်တစ်ခု ဖန်တီးပေးလိုက်တာပါပဲ။ ဒါ့အပြင် ကိုယ့်စိတ်ထဲမှာ စိတ်ညစ်စရာ၊ စိတ်ဖိစီးနေတာတွေ ခံစားနေရရင်လည်း ကိုယ့်ရဲ့ အတွေးအာရုံတွေကို ပျော်ရွှင်မှုဖြစ်စေတဲ့ ဘက်ကို လှည့်ပြောင်းပေးလိုက်တာနဲ့ အတူတူပါပဲ။ အားလပ်ရက်မှာ ကိုယ်ဝါသနာပါတဲ့ အရာတွေ ရွေးလုပ်လို့လည်း ရသလို ကိုယ်စိတ်ဝင်စားတဲ့ လုပ်ငန်းခွင်ထဲကို ဝင်ရောက်လုပ်ကိုင်တာဖြစ်စေ ကိုယ့်ရဲ့ စိတ်ပျော်ရွှင်မှုကို ဖန်တီးလုပ်ယူလို့ ရပါတယ်။
စိတ်ကောင်းစေတနာထားပါ
မေတ္တာဆိုတာ ပေးတဲ့သူအတွက်လည်း ငြိမ်းချမ်းမှုကို ဖြစ်စေသလို ရတဲ့သူအတွက်လည်း ပျော်ရွှင်မှုကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်တတ်နိုင်သလောက် မေတ္တာတွေကို မျှဝေပါ။ အားငယ်သူတွေ၊ အကူအညီလိုအပ်သူတွေကို ကိုယ်တတ်စွမ်းသလောက် ကူညီဖေးမပါ။ ကိုယ်စိတ်ကောင်းစေတနာထားသလောက် ကိုယ့်အပေါ် မေတ္တာရောင်ပြန်ဟပ်တဲ့ ခံစားချက်ဟာ ဘာနဲ့မှ မလဲနိုင်အောင် ကြည်နူးပီတိဖြစ်စရာ ကောင်းပါတယ်။
ကိုယ်ပိုင်ဆိုင်ထားတဲ့ အရာတွေကို တန်ဖိုးထားပါ
လူတော်တော်များများက ကိုယ်မပိုင်ရသေးတဲ့ အရာတွေနောက်ကို လောဘ၊ ဒေါသ၊ မောဟတွေနဲ့ လိုက်ရင်း ကိုယ့်မှာ ပိုင်ဆိုင်ထားတဲ့ အရာကို တန်ဖိုးထားဖို့ မေ့လျော့နေတတ်ပါတယ်။ ကိုယ့်အနားမှာ ကိုယ်လိုအပ်တဲ့ အချိန်တိုင်း အမြဲရှိနေပေးတဲ့ သူတွေ၊ အားပေးမှု၊ ထောက်ပံ့မှု ပြုခဲ့တဲ့ မိသားစုဝင်တွေကို ကျေးဇူးတင်ကြောင်း အမြဲပြောပါ။ သူတို့တွေပေါ်မှာ ထားတဲ့ ကိုယ့်မေတ္တာကိုလည်း မြင်အောင် အမြဲပြသပေးပါ။
ကိုယ့်ရဲ့ အမှားတွေကို ခွင့်လွှတ်လိုက်ပါ
လူသားတိုင်း အမှားနဲ့ မကင်းနိုင်ကြတာ သဘာဝပါပဲ။ ကိုယ် အတိတ်ကမှားခဲ့တဲ့ အရာတစ်ခုအတွက်နဲ့ တစ်သက်လုံး စိတ်ဆင်းရဲခံပြီး ပူလောင်နေဖို့ မလိုပါဘူး။ ဒါကြောင့် လက်ရှိအချိန်မှာ အကောင်းဆုံး ဖြစ်အောင် နေထိုင်ပါ။ ကိုယ်ချစ်တဲ့ သူတွေအပေါ်မှာ ထားရှိတဲ့ ကိုယ့်ရဲ့ မေတ္တာကို ဖွင့်ဟပြောပြပါ။ ကိုယ်ဝါသနာပါတဲ့ အလုပ်ကို ရွေးချယ်ပါ။ ပြီးခဲ့တဲ့ အတိတ်ပေါ်မှာ စွဲလမ်းစိတ်၊ အပြစ်မကင်းစိတ်၊ သိမ်ငယ်စိတ်၊ အားငယ်စိတ်တွေ စွန့်လွှတ်ပစ်လိုက်ပါ။ တစ်စုံတစ်ယောက်အပေါ်မှာ နာကျည်းစိတ်၊ မုန်းတီးစိတ်တွေ ရှိခဲ့ရင်လည်း မေတ္တာနဲ့ ခွင့်လွှတ်ပေးလိုက်ပါ။
လိုအပ်တဲ့အချိန်မှာ ပြောင်းလဲသင့်တာကို ပြောင်းလဲပစ်ပါ
ဘဝဟာ တစ်သမတ်တည်း သွားနေရရင် သိပ်ကို ပျင်းဖို့ ကောင်းပါတယ်။ လက်ရှိဖြစ်နေတဲ့အရာတွေက ကိုယ့်အတွက် မလိုအပ်ဘူးလို့ ထင်ရင်၊ ကိုယ့်ဘဝနဲ့ ကိုယ့်စိတ်ကို မကောင်းသော ပြောင်းလဲမှုမျိုး ဖြစ်စေတဲ့ အဆိပ်အတောက် ပတ်ဝန်းကျင်၊ လူသားတွေကို ကိုယ့်ဘဝထဲက ထုတ်ဖို့ လိုအပ်တယ်ထင်ရင် ထုတ်ပစ်လိုက်ပါ။
ကိုယ်က စိတ်အေးချမ်းသာဖို့ ကိုယ့်ဘဝကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားနေချိန်မှာ ကိုယ့်အနားမှာလည်း အေးချမ်းတည်ငြိမ်နေတဲ့ သူမျိုးတွေသာ ရှိသင့်ပါတယ်။ ကိုယ်တစ်ယောက်တည်း ပြောင်းလဲလို့ မဖြစ်တဲ့အခါမှာ တခြားသူတွေကိုပါ အကူအညီတောင်းပါ။
စိတ်ရောကိုယ်ပါ ပျော်ရွှင်အေးချမ်းတဲ့ ဘဝကို ပိုင်ဆိုင်ရဖို့ဆိုတာ မိမိကိုယ်တိုင်သာမက ကိုယ့်အနားပတ်ဝန်းကျင်က လူတွေကိုပါ အချိန်ပေးပြီး ပြောင်းလဲပြင်ဆင်နိုင်ဖို့ အရေးကြီးပါတယ်။ လွယ်ကူမှာ မဟုတ်ပေမဲ့ စိတ်အားထက်သန်မှုနဲ့ ကြိုးစားမှုသာ ရှိရင် အချိန်တိုအတွင်း ကိုယ့်ရဲ့ ဘဝမှာ ကောင်းသော တိုးတက်ပြောင်းလဲမှုတွေ၊ စိတ်ပျော်ရွှင်အေးချမ်းမှုတွေနဲ့ ကြုံလာမယ်ဆိုတာ မလွဲဧကန်ပါပဲ။
ရေးသားသူ – Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. Thurein Hlaing Win