လွဲမှားဆုပ်ကိုင်ထားတဲ့ ယုံကြည်မှုများ

2-6-2020-yyl-023.jpg

တစ်ခါက လူတစ်ယောက်ဟာ လမ်းလျှောက်သွားရင်း ဆင်တွေကိုတွေ့လိုက်ချိန် ရုတ်တရက် သူ လမ်းလျှောက်နေတာကို ရပ်လိုက်ပါတယ်။ အကြောင်းကတော့ ဒီကြီးမားတဲ့သတ္တဝါတွေရဲ့ ရှေ့ဘက်ခြေထောက်တစ်ဖက်ကို ကြိုးသေးလေးတစ်ချောင်းနဲ့ ချည်နှောင်ထားပြီး ဒီကြိုးလေးတွေကို ရုန်းထွက်နိုင်ဖို့ ခွန်အားတွေရှိကြပေမဲ့

ဆင်တွေက ဒီလိုထွက်ပြေးဖို့ မကြိုးစားတာကြောင့် ဖြစ်ပါတယ်။

အဲဒီလူက အနီးနားမှာ ဆင်ထိန်းကိုတွေ့ရတာနဲ့ပဲ ဒီဆင်တွေ ဘာကြောင့်ထွက်ပြေးဖို့ မကြိုးစားရသလဲဆိုတာကို သိလိုစိတ်နဲ့ မေးမြန်းလိုက်ပါတယ်။ ဒီတော့ ဆင်ထိန်းဖြစ်သူက “ဆင်တွေ အကောင်သေးသေး ငယ်ရွယ်စဉ်မှာ ဒီလိုအရွယ်အစားရှိတဲ့ ကြိုးနဲ့ပဲ ကျွန်တော်တို့ ချည်နှောင်ပါတယ်။ အဲဒီအရွယ်တုန်းမှာ ဒီကြိုးလေးတွေကို သူတို့တွေ မရုန်းနိုင်၊ ထွက်မပြေးနိုင်ပါဘူး။ ဒီလိုနဲ့ သူတို့ကြီးပြင်းလာပေမဲ့လည်း ကျွန်တော်တို့က ဒီအရွယ်အစားရှိတဲ့ ကြိုးနဲ့ပဲ ချည်နှောင်ထားဆဲပါ။ ဒါပေမဲ့ သူတို့ကတော့ ငယ်ငယ်ကလို ကြိုးတွေကို ပြတ်ထွက်သွားအောင် မရုန်းနိုင်၊ ထွက်မပြေးနိုင်ဘူးလို့ ထင်နေကြဆဲပါပဲ။ ဒါကြောင့် ဘယ်တော့မှ ထွက်ပြေးဖို့လည်း မကြိုးစားကြတာပါ” လို့ ပြန်ဖြေပြါတယ်။

အဖြေစကားကိုကြားရတော့ မေးမိလိုက်တဲ့ သူလည်း အံ့အားသင့်သွားပါတယ်။ ဆင်တွေဟာ အချည်အနှောင်တွေကနေ လွတ်မြောက်နိုင်ဖို့ စွမ်းရည်ရှိကြပေမဲ့ မရုန်းနိုင်ဘူးလို့ ယုံကြည်နေတဲ့အတွက်ကြောင့် သူတို့ထွက်ပြေးဖို့ မကြိုးစားကြပါဘူး။

ဆင်တွေလိုပါပဲ… ကျွန်တော်တို့ လူသားတွေဟာလည်း တစ်ကြိမ်ကလး မအောင်မြင်ခဲ့ဖူးတာနဲ့ပဲ တစ်စုံတစ်ခုကို မလုပ်နိုင်ဘူး၊ မစွမ်းဆောင်နိုင်ဘူးဆိုတဲ့ ယုံကြည်မှုတစ်ခုကို ဘယ်လောက်များ ဆုပ်ကိုင်ထားကြပြီလဲ။

ဒီပုံပြင်လေးကနေ ရရှိတဲ့ သင်ခန်းစာကတော့ ရှုံးနိမ့်ခြင်းဆိုတာ သင်ခန်းစာတစ်ခုသာ ဖြစ်ပါတယ်။ ဘဝမှာ ရုန်းကန်လှုပ်ရှားနေရတာတွေကို ဘယ်တော့မှ လက်မြှောက်အရှုံးမပေးသင့်ပါဘူး။ ကျရှုံးဖို့ ကံတရားပါလာတဲ့အတွက် ကိုယ်ကျရှုံးရတာမဟုတ်ပါဘူး။ ကိုယ်ရှေ့ဆက်သွားရမယ့် ဘဝမှာ သင်ခန်းစာတစ်ရပ်အနေနဲ့ သင်ယူရမယ့်အရာတွေ ကျရှုံးမှုတွေထဲမှာ အများကြီးပါဝင်တယ်ဆိုတာကို နားလည်သဘောပေါက်ဖို့ပဲ ဖြစ်ပါတယ်။

Ref : Moral Stories “The False Human Belief”

Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top