လေပြင်းကြောင့် (၃) နှစ်သမီးလေး စွန်ရဲ့အမြီးမှာရစ်ပတ်ကာ လေထဲပါသွားခဲ့တဲ့ဖြစ်ရပ်

31-8-2020-yyl-016.jpg

ထိုင်ဝမ်မြို့မှာ သြဂုတ်လ ၃၀ ရက်နေ့က လူအများကို ထိတ်လန့်သွားစေခဲ့တဲ့ အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ (၃) နှစ်အရွယ် ကလေးမလေးဟာ စွန်တစ်ခုရဲ့အမြီးမှာ ရစ်ပတ်မိခဲ့ပြီး လေပြင်းကြောင့် မြေပြင်ကနေ ကောင်းကင်ထက်ကို ပါသွားခဲ့ကာ လေထဲမှာ ဝဲပျံနေခဲ့ပြီးတဲ့နောက်မှ မြေပြင်ပေါ်ကို ပြန်ကျလာခဲ့တဲ့ မတော်တဆဖြစ်ရပ်တစ်ခုပါပဲ။ လေပြင်းတိုက်လေ့ရှိတဲ့ ထိုင်ဝမ်မြောက်ပိုင်း မြို့တစ်မြို့ Hsinchu မှာ ဒီမတော်တဆမှုဖြစ်ပွားခဲ့တယ်လို့ Taiwan News က ဖော်ပြထားပါတယ်။ သြဂုတ်လ ၃၀ ရက်နေ့ ညနေ့ခင်း နေသာနေခဲ့ပြီး 2020 International Kite Festival ပွဲကို ကျင်းပနေတာလည်းဖြစ်ပါတယ်။

စွန်လွှတ်ပွဲကျင်းပနေတဲ့အချိန်မှာ (၃) နှစ်သမီးလေးက ဘယ်လိုဖြစ်မှန်းမသိဘဲ လိမ္မော်ရောင်စွန်ရဲ့အမြီးမှာ ရစ်ပတ်သွားခဲ့ပါတယ်။ ရုတ်တရက်ဆိုသလိုပဲ လေပြင်းကြောင့် စွန်က ကလေးလေးကို ရစ်ပတ်လျက် ကောင်းကင်ထက်ကို ဝဲပျံသွားခဲ့ပါတယ်။ စက္ကန့်အနည်းငယ်လောက် စွန်က ကလေးလေးနဲ့အတူ ဝဲပျံခဲ့ပြီးတဲ့နောက် လေတိုက်တာ နည်းနည်းငြိမ်သွားတဲ့အချိန်မှာ စွန်နဲ့အတူ ကလေးလေး မြေပြင်ပေါ်ကို ပြန်ကျလာခဲ့ပါတယ်။ လူအုပ်ကြီးက ပြန်ကျလာနေတဲ့ ကလေးလေးကို ဝိုင်းဖမ်းပေးခဲ့ကြပြီး ချက်ချင်းပဲ ကလေးလေးကို ဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။

ဒီဖြစ်ရပ်ကြောင့် လူအများထိတ်လန့်သွားခဲ့ရပြီး ရုန်းရုန်းသည်းသည်းဖြစ်ခဲ့ရပါတယ်။ မြို့တော်ဝန်က အဲဒီမတော်တဆဖြစ်ရပ်အတွက် တောင်းပန်ခဲ့ပြီး စွန်လွှတ်ပွဲတော်ကို ရုပ်သိမ်းပစ်ခဲ့ပါတယ်။ မြို့တော်ဝန်က ဒီဖြစ်ရပ်ကို စုံစမ်းမှာဖြစ်ပြီး နောက်ထပ် ဒီလိုဖြစ်ရပ်မျိုးမဖြစ်စေရဘူးလို့လည်း ကတိပေးခဲ့ပါတယ်။ ကလေးလေးက သူ့မျက်နှာနဲ့လည်ပင်းမှာ ခြစ်ရာအနည်းငယ်ရှိခဲ့ပြီး မစိုးရိမ်ရဘူးလို့ သိရပါတယ်။ ဒါပေမဲ့ မတော်တဆဖြစ်ရပ်ကြောင့် ကလေးလေးက ထိတ်လန့်နေတယ်လို့ ဆိုပါတယ်။

ဒီဖြစ်ရပ်ကို မျက်မြင်ကိုယ်တွေ့မြင်လိုက်ရတဲ့သူတွေတော့ တော်တော်လေးထိတ်လန့်သွားကြမှာပါ။ အဲဒီဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ဗီဒီယိုကို ကြည့်ရတာတောင် အရမ်းကြောက်ဖို့ကောင်းလှပါတယ်။ စွန်မှာ ပါသွားခဲ့တဲ့ (၃) နှစ်သမီးလေး ဆိုရင်လည်း ဘယ်လောက်တောင် ကြောက်သွားမလဲ၊ ကလေးရဲ့မိဘတွေလည်း ဘယ်လောက်ထိတ်လန့်သွားမလဲဆိုတာ တွေးကြည့်စရာတောင်မလိုလောက်ဘူးထင်ပါတယ်။ အဲဒီလိုဖြစ်ရပ်မျိုးမဖြစ်အောင် မိဘတွေကလည်း မိမိတို့ရဲ့ကလေးတွေကို မျက်ခြေမပျက်ကြည့်ပြီး ဂရုစိုက်နေပေးသင့်ပါတယ်။

ဗီဒီယိုကြည့်ရန်

Ref: WorldofBuzz “3yo Girl Entangled in Kite’s Tail, Gets Lifted Off Ground & Thrown Around In The Sky”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top