ဂျက်ကီချန်းက သူ့အသက်ကို ကယ်ခဲ့ဖူးတယ်ဆိုတဲ့ မီရှဲယိုး

1-3-2022-yyl04.jpg

အက်ရှင်ဇာတ်ကားတွေရိုက်ရင် စတန့်လုပ်ရတာက ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဖြစ်နိုင်သလို အသက်အန္တရာယ်လည်း ဖြစ်နိုင်ပါတယ်။ ဟောင်ကောင်အက်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း နာမည်ရလာခဲ့တဲ့ မလေးရှားလူမျိုးမင်းသမီး မီရှဲယိုး (Michelle Yeoh) က အက်ရှင်ဇာတ်ဝင်ခန်းတစ်ခုမှာ ရိုက်ရင်း အသက်အန္တရာယ်နဲ့ရင်ဆိုင်ခဲ့ရဖူးတယ်ဆိုတာကို မျှဝေလာခဲ့ပါတယ်။ မကြာမီထွက်ရှိမယ့် ရုပ်ရှင်ကား Everything Everywhere All At Once အတွက် အင်တာဗျူးဖြေကြားရမှာ သူ့အသက်သေဆုံးလုနီးပါးဖြစ်စေခဲ့တဲ့ ၁၉၉၂ ခုနှစ် ရုပ်ရှင် Supercop က စတန့်တစ်ခုအကြောင်း ပြန်ပြောဖြစ်ခဲ့ပါတယ်။ သူက ဝမ်းနည်းစရာမတော်တဆမှုဖြစ်သွားနိုင်တဲ့ အဆိုးရွားဆုံးစတန့်လို့တောင် ခေါ်ခဲ့ပါတယ်။

“အဲဒီအချိန်တုန်းက အာရှမှာ ကျွန်မတို့ အစမ်းလေ့ကျင့်ရေးတွေ တကယ်မလုပ်ခဲ့ရဘူး၊ ကြိုတင်ပြင်ဆင်ရတဲ့ရက်သတ္တပတ်လည်းမရှိခဲ့ဘူး။ စတန့်ကို လေ့လာပြီး လုပ်ခဲ့တယ်”လို့ မီရှဲယိုးက ပြောခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ကံ​ကောင်းထောက်မစွာနဲ့ သူ့ရဲ့တွဲဖက်သရုပ်ဆောင်မင်းသား ဂျက်ကီချန်းက သူ့အသက်ကို ကယ်တင်ခဲ့တယ်။ မီရှဲယိုးဟာ သွားနေတဲ့ ထရပ်ကားပေါ်ကနေ ဂျက်ကီချန်းရဲ့ကားရှေ့အဖုံးပေါ်ကျလာကာ လေကာမှန်ကို ရိုက်ချိုးမိပြီး အဲဒီနောက် ဂျက်ကီချန်းက ကားဘရိတ်အုပ်လိုက်တဲ့အခါမှာ လမ်းပေါ်ပြုတ်ကျခဲ့တဲ့ စတန့်ဇာတ်ဝင်ခန်းဖြစ်ပါတယ်။

မီရှဲယိုးက အစကတော့ စတန့်လုပ်ဆောင်နေစဥ် ယာဥ်တွေ ရွေ့လျားနေတဲ့အထိ အရမ်းကြီး မတွေးဖြစ်ခဲ့ဘူး။ ဒါပေမဲ့ မီရှဲယိုးက ကားရဲ့လေကာမှန်အပေါ်ပြုတ်ကျမိတဲ့အတွက် ကားကို လမ်းကြောင်းမှားသွားစေပြီး ကားပေါ်ကနေ လျှောကျသွားစေခဲ့တယ်။သူက “ကျွန်မမှာ ကိုင်စရာနေရာမရှိတော့ဘဲ ကားပေါ်ကနေ လျှောကျသွားတယ်။ ဇာတ်ဝင်ခန်းကို ကြည့်လိုက်ရင် ဂျက်ကီချန်း အထိတ်တလန့်ဖြစ်သွားတာကို တွေ့ရနိုင်တယ်။ သူက ကျွန်မ ပြုတ်ကျသွားတာမြင်တယ်။ ကျွန်မ လန့်ဖျပ်သွားတယ်၊ သူက ကျွန်မဆီ ရောက်အောင်လာပြီး ကျွန်မကို ဖမ်းဆွဲလိုက်တယ်။ —ကံကောင်းစွာနဲ့ သူက ကျွန်မ့ရဲ့အင်္ကျီကို ဖမ်းဆွဲမိကာ ကျွန်မကို ကယ်ခဲ့တယ်” လို့ ဆိုပါတယ်။

မီရှဲယိုးဟာ ကားပေါ်လျှောကျ​​ပြီး လမ်းပေါ်ကျသွားတယ် (ကံကောင်းတာက ဂျက်ကီချန်း ကယ်လိုက်လို့ ခေါင်းနဲ့ မကျခဲ့ဘူး)။ ဒါပေမဲ့ သူ့ကိုကူဖို့လာခဲ့တဲ့ စတန့်သမားက အဲဒီလောက်မသက်သာခဲ့ဘူး။ ကားပေါ်က ချော်ကျပြီး ခေါင်းထိခိုက်ကာ သတိမေ့သွားခဲ့တာကြောင့် ဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။ ဂျက်ကီချန်းက ရိုက်ကွင်းကို နားပစ်ချင်ခဲ့တယ်လို့ မီရှဲယိုးက ပြန်ပြောပြပါတယ်။ “ဂျက်ကီက “အိုကေ၊ အိုကေ ဒီလောက်ဆို၊ လုံလောက်ပြီ၊ ငါတို့ တစ်ရက်ပြီးသွားပြီ။ ငါတို့ ထပ်ပြီး မလုပ်တော့ဘူး။ ငါတို့ မလုပ်ဘူး” တဲ့။ ဒါပေမဲ့ ဒါရိုက်တာ စတန်လေ တုန် (tanley Tong) က မီရှဲယိုးနားကို ကပ်လာပြီး သူရော ဘယ်လိုသဘောရလဲလို့ တိတ်တဆိတ် မေးခဲ့ပါတယ်။ သူက ရူတင်မရပ်ဘဲ စတန့်ကို ဒုတိယတစ်ခေါက်လုပ်ခဲ့ပါတယ်။

အဲဒီနှစ်​တွေတုန်းက မီရှဲယိုးဟာ အတော်လေး မိုက်ရူးရဲဆန်ခဲ့ပေမဲ့ Supercop က စတန့်တွေကို ပြန်ကြည့်တဲ့အခါ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်​ဖြစ်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ “ကျွန်မ ဘာတွေတွေးမိနေခဲ့တာလဲဆိုရင် ထရပ်ကားတွေရဲ့ဘေးဘက်မှာ တွဲလောင်းခိုနေခဲ့တယ်။ သွားနေတဲ့ရထားပေါ်မှာလည်း ဆိုင်ကယ်စီးနေခဲ့တယ်။ မိုက်ရူးရဲအဆန်ဆုံးစတန့်တွေကို လုပ်နေခဲ့တာပဲ” လို့ သူက တအံတသြနဲ့ပြောပြခဲ့ပါတယ်။အခုတော့ မီရှဲယိုးက အက်ရှင်ခန်း​တွေမှာ ပရောဖက်ရှင်နယ်စတန့်သမားတွေကိုပဲ လုပ်ဆောင်ခိုင်းတော့ပါတယ်။

Ref: Asiaone “Jackie Chan saved my life: Michelle Yeoh on the Supercop stunt that almost killed her”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top