News Feed အတွက် အယ်ဂိုရစ်သမ်ရဲ့ အလုပ်လုပ်ပုံ လျှို့ဝှက်ချက်ကို ဖော်ပြပေးမယ့် ဖေ့စ်ဘွတ်ခ်

fb1.jpg

ဖေ့စ်ဘွတ်ခ်ရဲ့ News Feed(အကြောင်းအရာအသစ်တွေကို အဆက်မပြတ်ဖော်ပြပေးမှု)အတွက် အယ်ဂိုရစ်သမ်စနစ် ဘယ်လိုအလုပ်လုပ်လဲဆိုတာ စိတ်ဝင်စားစရာပါ။ အယ်ဂိုရစ်သမ်စနစ်အရ ကိုယ်နဲ့ စကားပြောဆိုနေကျ၊ အပြန်အလှန် ကွန်မန့်ပေးနေကျ လူတွေရဲ့ ပို့စ်တွေကို ဦးစားပေးဖော်ပြပေးတတ်ပါတယ်။ အခုအခါမှာတော့ ဒီအကြောင်းကို ထဲထဲဝင်ဝင် သိရအောင် ဖေ့စ်ဘွတ်ခ်က လမ်းဖွင့်ပေးလိုက်ပါပြီ။

News Feed မှာ အကြောင်းအရာ ဖော်ပြမှုနဲ့ပတ်သက်ပြီး အယ်ဂိုရစ်သမ်က ဘယ်လိုဆုံးဖြတ်လဲဆိုတာကို ရှင်းလင်းဖော်ပြပေးမယ့် လုပ်ဆောင်ချက်သစ်ကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်က စတင်လိုက်တာဖြစ်ပါတယ်။
ဒီပို့စ်ကို ဘာလို့မြင်ရတာလဲ(Why am I seeing this post?)ဆိုတဲ့ Button ဟာ ဖေ့စ်ဘွတ်ခ်ရဲ့ အယ်ဂိုရစ်သမ်ကို ဘယ်လှုပ်ရှားမှုက လွှမ်းမိုးလဲဆိုတာ ဖော်ပြပေးမှာပါ။ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီဟာ ပထမဆုံးအကြိမ်အဖြစ် အသုံးပြုသူတွေကို app နဲ့ ဝက်ဘ်ဆိုက်ရဲ့ အတွင်းပိုင်းအထိ ဝင်ရောက်ကြည့်ရှုခွင့် ပေးလိုက်တာဖြစ်ပါတယ်။

ဖေ့စ်ဘွတ်ခ်၊ တွစ်တာ၊ YouTube နဲ့ တခြားပလက်ဖောင်းတွေဟာ
အယ်ဂိုရစ်သမ်စနစ် ဘယ်လိုအလုပ်လုပ်လဲဆိုတာ မရှင်းပြဘဲ အကြောင်းအရာတွေ ဖော်ပြပေးနေလို့ ဝေဖန်ခံခဲ့ရပါတယ်။ ဗြိတိန်နိုင်ငံရဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတချို့ကတော့ ဧပြီလ (၁) ရက်နေ့ကစပြီး လုပ်ဆောင်ချက်သစ်ကို အသုံးပြုနိုင်မယ်လို့ ဖေ့စ်ဘွတ်ခ်က ပြောပါတယ်။ မေလ (၂) ရက်နေ့မှာတော့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူအားလုံး ဒီလုပ်ဆောင်ချက်ကို အသုံးပြုနိုင်မှာပါ။

ပို့စ်တိုင်းရဲ့ ညာဘက်အပေါ်ထောင့်မှာရှိတဲ့ drop-down menu(အစက် (၃) စက် ပုံစံရှိပြီး နှိပ်လိုက်ရင် ရွေးချယ်စရာစာရင်း ကျလာမယ့်နေရာ)မှာ Why am I seeing this post? ဆိုတဲ့ Button ကို မြင်တွေ့ရမှာပါ။ ” တခြားပုံစံတွေထက်စာရင် ပုံများတဲ့ ပို့စ်တွေမှာ ခင်ဗျား ကွန်မန့်ပေးထားလို့ပါ” အစရှိတဲ့ အတွင်းကျကျ ဖြေရှင်းမှုတွေကို မြင်တွေ့ရမှာပါ။ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီဟာ ၂၀၁၄ ခုနှစ်နောက်ပိုင်း ကြော်ငြာတွေမှာ မြင်တွေ့ရတဲ့
ဒီကြော်ငြာကို ဘာလို့မြင်ရတာလဲ (Why am I seeing this ad?) button မှာလည်း သတင်းအချက်အလက်တွေ ထပ်ဖြည့်ထားတယ်လို့ ဆိုပါတယ်။

ကြော်ငြာကုမ္ပဏီရဲ့ ဒေတာရင်းမြစ်နဲ့ သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်ပရိုဖိုင်က အချက်အလက်တွေ ကိုက်ညီမှု ရှိ၊ မရှိ ဆိုတာကိုလည်း အသုံးပြုသူတွေကို အသိပေးမှာပါ။ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီဟာ အချက်အလက် ပေါက်ကြားမှုတွေ၊ ပုဂ္ဂိုလ်ရေးချိုးဖောက်မှု အရှုပ်တော်ပုံတွေ၊ ရွေးကောက်ပွဲမှာ ကြားဝင်စွက်ဖက်ဖို့ အသုံးချခံခဲ့ရတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် မျက်စိဒေါက်ထောက် စောင့်ကြည့်ခံနေရပါတယ်။

ထိခိုက်နစ်နာစေနိုင်တဲ့ အကြောင်းအရာတွေကို ကုမ္ပဏီတွေဘက်ကချည်းပဲ စောင့်ကြည့်ပေးဖို့ မဖြစ်နိုင်ဘူး၊ အစိုးရဘက်ကလည်း စည်းမျဉ်းချမှတ်ပေးသင့်တယ်လို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ဖေ့စ်ဘွတ်ခ်ကုမ္ပဏီ အမှုဆောင်ချုပ် မက်ခ်ဇူကာဘတ်က ပြောပါတယ်။

Ref: BBC
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top