ဘာကြောင့် နေ့စဉ် တရားထိုင်သင့်တာလဲ

6-3-2020-yyl-008.jpg

စိတ်ဖိစီးမှုနဲ့ သောကဗျာပါဒတွေဟာ နေ့စဉ်လူနေမှုဘဝမှာ ရင်ဆိုင်နေရလေ့ရှိတဲ့ ကိစ္စရပ်တွေဖြစ်ပါတယ်။ ကျွန်တော်တို့ မကိုင်တွယ်နိုင်တော့ဘူးလို့ ခံစားမိတဲ့ အခက်အခဲတွေကြောင့် ဒီလို စိတ်ဖိစီးမှုတွေ ရလာတတ်ပါတယ်။ ကျွန်တော်တို့တွေဟာ နေ့စဉ်နဲ့အမျှရင်ဆိုင်နေရတဲ့ ပြဿနာတွေ အခက်အခဲတွေနဲ့ ဖိအားတွေကို ဖြေရှင်းနိုင်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ပြဿနာတိုင်းဟာ အဖြေရှိတာ မှန်လို့လား။ ပြဿနာတိုင်းကို ပြန်လည်ဖြေရှင်းနေဖို့ လိုအပ်လို့လား။

ဒီလို စိတ်အာရုံနောက်ကျိစရာ စိတ်ညစ်ညူးစရာ အခြေအနေတွေကို တည်တည်ငြိမ်ငြိမ်ဖြတ်ကျော်နိုင်ဖို့ တရားရှုမှတ်ခြင်းက ကောင်းသော နည်းလမ်းတစ်ခုပါတယ်။ တရားရှုမှတ်ခြင်းနည်းလမ်းကို အသုံးချပြီး စိတ်ဖိစီးမှုတွေ၊ အမျိုးမျိုးသော သောကတွေကို လျှော့ချနိုင်ပါတယ်။

တရားရှုမှတ်တာဟာ ရိုးရှင်းတဲ့ နည်းလမ်းတစ်ခုဖြစ်ပြီး တစ်နေ့ကို ၁၀ မိနစ် ကနေ နာရီဝက် ဝန်းကျင်လောက်အထိ ပုံမှန်ပြုလုပ်ပေးရုံနဲ့ အကျိုးကျေးဇူးတွေ အများအပြားရနိုင်ပါတယ်။ တရားရှုမှတ်ခြင်းအလေ့အထဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀၀ ဝန်းကျင်ကတည်းက ရှိနှင့်နေခဲ့တဲ့ အလေ့အထတစ်ခုဖြစ်ပြီး ဘာသာရေးအလေ့အထ တစ်ခုဆိုတာထက် ကျန်းမာရေးဆိုင်ရာ လေ့ကျင့်ခန်းတစ်ခုလို့ ဆိုရင်ပိုမှန်ပါတယ်။

၁။ တရားထိုင်တဲ့အခါမျိုး အသက်ရှူလေ့ကျင့်ခန်းလုပ်တဲ့အခါမျိုးမှာ အတိုင်းအတာတစ်ခုအထိ စိတ်ရဲ့ ငြိမ်းချမ်းမှုကို ရှာတွေ့နိုင်ပါတယ်။ တရားထိုင်လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးမယ်ဆိုရင် မိမိကိုယ်တိုင်ရဲ့ စိတ်ပိုင်းဆိုင်ရာ အားကောင်းခိုင်မာမှုကို စဉ်ဆက်မပြတ် တိုးတက်စေမှာပါ။

၂။ တည်ငြိမ်တဲ့ စိတ်အရင်းခံကြောင့် ပြဿနာတွေကိုရင်ဆိုင်ရာမှာလည်း ဘယ်ဟာက အရေးပါပြီး၊ ဘယ်အရာကတော့ဖြင့် မလိုအပ်ဘူးဆိုတာကို ခွဲခြား သိမြင်လာနိုင်ပါတယ်။

၃။ ပုံမှန်အားဖြင့် လူ့ခန္တာကိုယ်ဟာ ပြင်းထန်တဲ့ စိတ်ဖိစီးမှု တစ်စုံတစ်ရာကို ကြုံရတဲ့အခါတိုင်း ကိုယ်တွင်းမှာ adrenaline နဲ့ norepinephrine ဓာတ်တွေ ပိုမိုထုတ်လွှတ်ပေးပါတယ်။ အဲ့ဒီလို အချိန်မျိုးမှာ သွေးတွင်း ဖိအားများတာ၊ သွေးခုန်နှုန်းမြင့်တာ၊ အသက်ရှူမြန်တာနဲ့ ကြွက်သားတွေအတွင်း သွေးလည်ပတ်နှုန်း မြင့်မားလာတာမျိုးတွေဖြစ်လာတာမို့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကိုပါ ဖြစ်ပွားစေနိုင်ပါတယ်။ ဒါကြောင့် စိတ်ထဲမှာ ထူပူနေချိန်၊ တွေးတောကြံဆဖို့ ဦးနှောက် အနားမရချိန်တွေမှာ ကျွန်တော်တို့ဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ခြင်းမရှိကြပါဘူး။ ဒီလိုဖြစ်ရတဲ့ အကြောင်းကတော့ စိတ်ဖိစီးမှုနဲ့ သောကတွေက ကျွန်တော်တို့ရဲ့ စိတ်ကို ပိတ်ဆို့တားဆီးနေလို့ပါ။ စိတ်ဖိစီးမှုတွေ လွင့်ပါးသွားမယ်ဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုပြန်လည်တည်ဆောက်နိုင်ပြီး မှန်ကန်သင့်လျော်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မယ်မဟုတ်လား။

၄။ ဒါ့အပြင် နေ့စဉ်တရားရှုမှတ်ပြီး တဲ့အလေ့အထလေးရှိမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာအရ အကျိုးကျေးဇူးတွေရရှိလာမှာဖြစ်ပြီးတော့ ဘယ်လိုပြဿနာမျိုးတွေဟာ အရေးပါပြီး ဘယ်လိုကိုင်တွယ်ရင် ပိုမိုသင့်လျော်မလဲဆိုတာကို ခေါင်းအေးအေးနဲ့ တွေးနိုင်လာပါလိမ့်မယ်။

၅။ တရားရှုမှတ်တဲ့အခါမှာ ခါးကို မတ်မတ်ထားပြီး သက်သောင့်သက်သာထိုင်ဖို့ လိုအပ်ပါတယ်။ စိတ်ကို ရှင်းရှင်းထားပြီး သင့်တင့်လျောက်ပတ်စွာ အသက်ရှူရတဲ့ လေ့ကျင့်ခန်း တစ်ခုဖြစ်တာမို့ ခန္တာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေပြီး အထူးသဖြင့် ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ပေးပါတယ်။

၆။ အသက်ရှူလေ့ကျင့်ခန်းနဲ့ စိတ်တည်ငြိမ်မှုကျင့်စဉ်တွေဟာ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေကို တိုးတက်ကောင်းမွန်စေပါတယ်။ ဦးနှောက်ဟာ အတွေးအမြင်တွေကို ပြောင်းလဲဖို့နဲ့ သင်ယူမှတ်သားဖို့ ကောင်းကောင်းလုပ်ပေးပါတယ်။

လူ့အဖွဲ့အစည်းအတွင်းမှာ တွေးတောနေကြတာက ရုပ်ပိုင်းဆိုင်ရာ ခန္တာကိုယ်ကြီး ကြည့်ကောင်းအောင် သန်စွမ်းအောင် ဘယ်လိုလုပ်ကြမလဲဆိုတာပါပဲ။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာ ခိုင်မာအားကောင်းမှုမရှိရင် ရုပ်ပိုင်းဆိုင်ရာ သန်စွမ်းကြံ့ခိုင်မှုတွေဟာ ရုပ်ချည်းပျောက်ကွယ်သွားနိုင်ပါတယ်။ ဒါကြောင့် စိတ်ဓာတ်ခိုင်မာအားကောင်းအောင်၊ စိတ်ကြည်လင်အောင် နေ့စဉ် တရားရှုမှတ်ပေးတာက အကောင်းဆုံးနည်းလမ်းတစ်ခုပါ။

တရားရှူမှတ်မှု ပုံမှန်ပြုလုပ်မယ်ဆိုရင် သင့်စိတ်ရဲ့ စွမ်းဆောင်နိုင်စွမ်းဟာ အထက်မှာဖော်ပြထားသလိုမျိုး အကျိုးကျေးဇူးတွေ ရရှိပြီး သိသိသာသာတိုးတက်လာမှာပါ။ ပိုပြီး အာရုံစိုက်နိုင်လာမယ်၊ ပိုပြီး ရှင်းလင်းပြတ်သားလာမယ်၊ စိတ်ဖိစီးမှုတွေကို ပိုပြီး ထိမ်းချုပ်ကိုင်တွယ်နိုင်လာမယ်။ တိတ်ဆိတ်ငြိမ်းအေးတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ အချိန်အနည်းငယ်လောက် မျက်စိကို မှိတ်ပြီး တရားရှုမှတ်လိုက်တာဟာ သင့်အတွက် စိတ်အေးချမ်းမှုကို ရှာတွေ့နိုင်စေပါလိမ့်မယ်။

ဒါတွေကတော့ တရားရှုမှတ်မှုကြောင့် ရလာနိုင်တဲ့ ဘဝရှင်သန်နေထိုင်မှုဆိုင်ရာ အကျိုးကျေးဇူးတွေဖြစ်ပြီး ဖြစ်နိုင်ရင်နေ့စဉ် အချိန်အနည်းငယ်လောက်ပေးပြီး အသက်ရှူလေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ကြည့်ကြဖို့ တိုက်တွန်းပါရစေ။

Ref : Hellosayarwon

ရေးသားသူ Ye Zon Aung
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top