မက္ကဆီကိုရေကြီးရေလျံမှုကနေ ခွေးလေးတစ်ကောင်ကို ကယ်ဆယ်ရေးအဖွဲ့က ကယ်တင်ခေါ်ယူထားရ

18-11-2020-yyl-014.jpg

မက္ကဆီကိုတောင်ပိုင်းမှာ မုတ်သုံမုန်တိုင်းတိုက်ခိုက်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျံမှုတွေဖြစ်ခဲ့ပါတယ်။ လူ (၃၀၀၀၀၀) ကျော်ဟာ မိုးသည်းထန်စွာရွာသွန်းမှုဒဏ်နဲ့ ရေကြီးရေလျံတဲ့ဒဏ်ကို ခံစားခဲ့ရပြီး လူ ရာချီပျောက်ဆုံးနေတဲ့အပြင် လူ သေဆုံးမှုလည်းများနေပါတယ်။ တိုဘက်စကိုဒေသက နှစ် (၅၀) ကျော်အတွင်း ဒီလိုရေကြီးရေလျံမှုကို မမြင်တွေ့ခဲ့ရဖူးဘူးလို့ သိရပါတယ်။

မုန်တိုင်းငြိမ်သက်သွားပေမဲ့လည်း ပျက်စီးဆုံးရှုံးမှုတွေကို ရင်ဆိုင်ရဦးမှာပါ။ Mexican Marine Secretarist (SEMAR) အဖွဲ့အစည်းကလည်း ရေကြီးရေလျံမှုဖြစ်ကတည်းက ကယ်ဆယ်ရေးအစီအစဉ်ကို စတင်ဆောင်ရွက်ခဲ့ပြီး လူတွေကို ရှာဖွေကယ်တင်နေပါတယ်။ သူတို့အဖွဲ့ ကယ်တင်ရတဲ့သူတွေအထဲမှာ လာဘရာဒေါ ရီထရီဗာခွေးလေးလည်း ပါဝင်ခဲ့ပါတယ်။ ရေတွေကြားမှာ အရမ်းကြောက်လန့်နေတဲ့ အဲဒီခွေးလေးကို SEMAR အဖွဲ့က ကယ်တင်ခဲ့တဲ့ဗီဒီယိုက လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။ ဗီဒီယိုထဲမှာ ပြတင်းပေါက်ထောင့်နားကပ်ပြီး ကြောက်ကြောက်လန့်လန့်နဲ့ရပ်နေရှာတဲ့၊ ခန္ဓာကိုယ်တစ်ဝက်ကိုလည်း ရေတွေဖုံးနေတဲ့ခွေးလေးကို တွေ့ရမှာပါ။

ကယ်ဆယ်ရေးအလုပ်သမားက အဲဒီခွေးလေးကို မြင်ပြီး ကြောက်လန့်နေတာကို ပြေလျော့သွားဖို့ သူ့ရဲ့ခေါင်းလေးကို ပုတ်ပေးပြီး လှေပေါ်တင်ကာ ကယ်တင်သွားခဲ့ပါတယ်။ အဲဒီခွေးလေး ရေကင်းလွှတ်တဲ့နေရာကို မရောက်ခင် ကယ်ဆယ်ရေးအဖွဲ့က အခြားလှေအကြီးစားပေါ်ပြောင်းပြီး သူ့ကို ခေါ်ဆောင်လာခဲ့ပါတယ်။ ခွေးလေးက အရမ်းကြောက်လန့်နေတဲ့အတွက် ကယ်ဆယ်ရေးအဖွဲ့ SEMAR က ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့အတွက် သူတို့ရဲဌာနဆီ ခေါ်ဆောင်လာခဲ့ပါတယ်။ ခွေးပိုင်ရှင်ကိုလည်း ရှာမတွေ့တဲ့အတွက် သူတို့ရဲ့အဖွဲ့အစည်းမှာ အဖွဲ့ဝင်အဖြစ် ခေါ်ထားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

SEMAR အဖွဲ့က ခွေးလေးကို နာမည်တော့မပေးရသေးပါဘူး။ ခွေးလေးကို ကျန်းမာရေးစောင့်ရှောက်မှုတွေပေးပြီးသွားတဲ့အချိန်မှာ ခွေးလေးကို ကယ်ဆယ်ရေးခွေးအနေနဲ့ ခန့်အပ်ချင်တယ်လို့ အဖွဲ့အစည်းရဲ့အာဏာပိုင်တွေထဲက တစ်ယောက်က ဆိုပါတယ်။ ခွေးလေးက ကယ်ဆယ်ရေးခွေးလုပ်နိုင်တဲ့စွမ်းရည်ရှိတယ်လို့လည်း ဆိုပါတယ်။ ခွေးလေးက တစ်နေ့မှာ အကောင်းဆုံးကယ်ဆယ်ရေးခွေးတစ်ကောင်ဖြစ်လာမယ်လို့ SEMAR အဖွဲ့အစည်းက မျှော်လင့်ထားပါတယ်။

ဗီဒီယိုကြည့်ရှုရန်

https://web.facebook.com/212150908889717/videos/685455968797129

Ref: Boredpanda “Dog Saved From Flood In Mexico, Gets Taken In By The Mexican Marines Who Saved Him”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top