အွန်လိုင်းမှာသိတဲ့အမျိုးသားနဲ့ ပထမဆုံးလူချင်းတွေ့တဲ့နေ့မှာ ပြင်းထန်စွာ ရိုက်နှက်ခြင်းခံခဲ့ရတဲ့ အမျိုးသမီး

wo4.jpg

အသက် (၅၇) နှစ်အရွယ် လိန်းကာပရိုဇ် (Elaine Caparroz) ဆိုသူ အမျိုးသမီးဟာ အွန်လိုင်းမှာတွေ့တဲ့ အသက် (၂၇) နှစ်အရွယ်အမျိုးသားနဲ့ ပထမဆုံးချိန်းတွေ့တဲ့နေ့မှာ လေးနာရီကြာအောင် ပြင်းထန်စွာရိုက်နှက်ခြင်းကို ခံခဲ့ရပါတယ်။ ဒီဖြစ်အပျက်ကတော့ အမျိုးသမီးရဲ့တိုက်ခန်းမှာပဲ ဖြစ်ပွားခဲ့တာပါ။

အဲဒီအမျိုးသမီးက အချက်ပေါင်း (၄၀) ကျော်ချုပ်ရလောက်အောင် နှာခေါင်းရိုးကျိုးတာ၊ မျက်လုံးနားက အရိုးလေးတွေ ပြင်းပြင်းထန်ထန်ပျက်စီးတာ၊ သွားကျိုးတာ၊ ပါးစပ်ထဲမှာ ဒဏ်ရာတဲ့အထိ မျက်နှာတစ်ခုလုံး ရစရာမရှိအောင် ဖြစ်ခဲ့ပါတယ်။ ကိုယ့်ကိုယ်ကာကွယ်ဖို့နဲ့ ထွက်ပြေးဖို့ကြိုးစားခဲ့တာကြောင့် သူရဲ့လက်မောင်းနဲ့ ခြေထောက်တွေကို အဲဒီအမျိုးသားက ထိုးကြိတ်ရိုက်နှက်ခဲ့တယ်လို့လည်း သိရပါတယ်။

စီစီတီဗီမှတ်တမ်းတွေအရ ရိုက်နှက်ခြင်းခံခဲ့ရတာကတော့ ဖေဖော်ဝါရီ (၁၆)ရက်နေ့ မနက် (၁) နာရီဝန်းကျင်ကနေစလို့ မနက် (၅) နာရီခွဲထိကြာခဲ့ပါတယ်။ တိုက်ခန်းမှာ ပျက်စီးနေတဲ့ ပရိဘောဂတွေ၊ နံရံနဲ့ကြမ်းပြင်က သွေးကွက်တွေပေကျံနေတာတွေကို ကြည့်မယ်ဆိုရင် ရိုက်နှက်ခံနေရစဉ်အတောအတွင်းမှာ အမျိုးသမီးဟာ ဒရွတ်တိုက်ဆွဲခေါ်ခံရတာ ဖြစ်နိုင်ပါတယ်။

အမျိုးသမီးရဲ့အကူအညီတောင်းခံတဲ့စူးစူးဝါးဝါးအော်သံကြောင့် အိမ်နီးနားချင်းတွေရောက်လာပြီး လုံခြုံရေးတွေကို အသိပေးခဲ့တာပါ။ အမျိုးသားကတော့ ထွက်ပြေးဖို့ကြိုးစားခဲ့ပေမယ့်လည်း ဝင်ပေါက်၊ထွက်ပေါက်တွေအားလုံးကို ပိတ်ထားတာကြောင့် ဖမ်းဆီးချုပ်နှောင်ထားခံလိုက်ရပါတယ်။ လုံခြုံရေးတွေ တိုက်ခန်းကို ဝင်လာတဲ့အခါမှာတော့ ကာပရိုဇ်ကို သွေးတွေပေကျံနေတဲ့ ကြမ်းပြင်မှာ လဲကျနေတာကို တွေ့ခဲ့ရပါတယ်။

ကာပရိုဇ်က ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေတဲ့သူဖြစ်ပြီး လူမှုကွန်ယက်မှာ ရှစ်လကြာ စကားပြောဖြစ်ခဲ့တဲ့ ဥပဒေကျောင်းသား ဆာရာ (Serra) ကို ပထမဆုံးအနေနဲ့ ညစာစားဖို့ ဖိတ်ခဲ့တာပါ။ အဲဒီအမျိုးသားက စိတ်ပိုင်းဆိုင်ရာအားနည်းတာကြောင့် စိတ်ဖောက်ပြန်ပြီး ကာပရိုဇ်ကို ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။

စာဖတ်ပရိသတ်တွေလည်း အွန်လိုင်းကနေခင်တဲ့၊သိတဲ့သူကို လွယ်လွယ်မယုံကြည်သင့်ပါဘူးနော်။ အွန်လိုင်းကနေသိပြီး အပြင်မှာတွေ့တဲ့အခါ ကြိုတင်ကာကွယ်မှုတွေပြုလုပ်ထားပါ။ မဖြစ်မနေ အပြင်မှာတွေ့မယ်ဆိုရင် လူမြင်ကွင်း၊လူများတဲ့နေရာတွေမှာ ချိန်းသင့်ပါတယ်။ အွန်လိုင်းကနေခင်ပြီး အပြင်မှာတွေ့တဲ့လူတွေ အသတ်ခံရတဲ့၊ ရိုက်နှက်ခံရတဲ့ အဖြစ်အပျက်တွေများစွာရှိနေတာကြောင့် ဒီအကြောင်းအရာလေးက စံနမူနာယူထိုက်ပါတယ်။

Ref: The horrific injuries of Brazilian woman, 57, who was brutally assaulted for four hours by 27-year-old man she met online on their first date
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top