ဓာတုကုထုံးခံယူနေတဲ့ သမီးလေးကြောင့် (၁၀) နှစ်လုံး မညှပ်ဘဲ ထားခဲ့တဲ့ ဆံပင်ကို ရိတ်ပစ်ခဲ့တဲ့ ဖခင်

24-6-2022-yyl11.jpg

ကယ်ဗင်နဲ့ နိုဗာတို့သားအဖ

အာကင်ဆောပြည်နယ်က ဖခင်တစ်ဉီးဟာ ဓာတုကုထုံးခံယူနေရတဲ့ (၁) နှစ်သမီးလေးကို သူ့ရဲ့ချစ်ခြင်းမေတ္တာနဲ့အားပေးပံ့ပိုးမှုတွေ ပြသနေပါတယ်။ ကယ်ဗင် စတုတ်စ်က ဓာတုကုထုံးကြောင့် ဆံပင်တွေဆုံးရှုံးလိုက်ရတဲ့ သူ့ရဲ့အငယ်ဆုံးသမီးလေးနိုဗာနဲ့တူသွားအောင် (၁၀) နှစ် မညှပ်ဘဲ ထားခဲ့တဲ့ သူ့ရဲ့ဆံပင်တွေအားလုံးကို ရိတ်ပစ်ခဲ့တာပါ။

မတ်လမှာ နိုဗာက ကလေးငယ်တွေရဲ့အာရုံကြောဆဲလ်တွေကို ထိခိုက်စေနိုင်တဲ့ ကင်ဆာတစ်မျိုးဖြစ်တဲ့ အဆင့် (၄) အာရုံကြောကင်ဆာကို ခံစားခဲ့ရတာပါ။ အဲဒီအချိန်တုန်းက နိုဗာဟာ ၉ လသားအရွယ်ပဲရှိပါသေးတယ်။ ဒီကင်ဆာရောဂါကို နိုဗာ ခံစားခဲ့ရလိမ့်မယ်လို့ ကယ်ဗင်တို့ မထင်ခဲ့ကြဘူး။

ကယ်ဗင်တို့မိသားစု

ရောဂါလက္ခဏာပြခဲ့တဲ့ နေ့က ညနေ့ခင်းအထိ နိုဗာ နေကောင်းနေခဲ့တယ်။ အဲဒီနောက်မှာ အရမ်းပင်ပန်းနေသလိုဖြစ်ခဲ့တယ်။ ဝမ်းဗိုက်ဖောင်းလာတာကို ကယ်ဗင်တို့ သတိပြုမိခဲ့တယ်။ အရေးပေါ်အခန်းကို ပို့ဆောင်ခဲ့ရတယ်။ ကင်ဆာရောဂါဖြစ်နေတယ်ဆိုတဲ့ သတင်းကို ကြားတော့ သူတို့ အရမ်းစိတ်ထိခိုက်သွားခဲ့ရတယ်။

ကယ်ဗင်တို့က အာရုံကြောကင်ဆာနဲ့ကလေးရှိတဲ့ မိဘတွေအတွက် ပံ့ပိုးကူညီပေးတဲ့အဖွဲ့တွေကို ရှာဖွေပြီး နိုဗာအတွက် ဘာတွေလုပ်ပေးရမလဲဆိုတာကို အဖြေရှာခဲ့တယ်။ သူတို့ရဲ့သမီးအတွက် ဖြစ်နိုင်သမျှအကောင်းဆုံးကုသမှုတွေ ပေးဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ မေလကစပြီး နို‌ဗာဟာ နယူးယောက်မြို့က Memorial Sloan Kettering Cancer Center မှာ ဆေးကုသမှု ခံယူနေခဲ့ပါတယ်။

နိုဗာရဲ့ဆံပင်မကျွတ်ခင်ပုံနဲ့ အခုပုံ

ဧပြီလမှာ ပထမအကြိမ် ဓာတုကုထုံးခံယူပြီးနောက် နိုဗာဟာ ဆံပင်တွေ မြန်မြန်ကျွတ်လာခဲ့တယ်။ အခုလိုဖြစ်လာနိုင်တယ်ဆိုတာ ကယ်ဗင်တို့သိခဲ့ပေမဲ့ ရက်အနည်းငယ်လေးမှာ ဆံပင်တွေကျွတ်သွားတာကို မျက်မြင်တွေ့လိုက်ရတော့ တုန်လှုပ်နေတုန်းပါပဲ။ တစ်လအကြာမှာ ကယ်ဗင်က ဆံပင်အရှည်ကို လိုချင်လို့ ဆယ်နှစ်မညှပ်ဘဲ ထားခဲ့တဲ့ သူ့ရဲ့ဆံပင်တွေကို ရိတ်ပစ်ဖို့ ဆုံးဖြတ်ချက်ကြီးကြီးမားမားချခဲ့ပါတယ်။ ကယ်ဗင်က ဘယ်တုန်းကမှ ဆံပင်ညှပ်ပစ်ဖို့ အစီအစဉ်မရှိခဲ့ပေမဲ့ သူ့သမီးလေးကို အားပေးပံ့ပိုးဖို့အတွက် သူ့ရဲ့ဆံပင်တွေကို ရိတ်ပစ်ခဲ့တာပါ။

ကယ်ဗင်ရဲ့ဆံပင်အရှည်ကြီး

နိုဗာက သူ့အဖေ ခေါင်းတုံးဖြစ်နေတာကို မြင်ပြီး အံ့အားသင့်ခဲ့တယ်။ ကယ်ဗင်ရဲ့ကလေး (၂) ယောက်လုံးက သူ့ကို စိုက်ကြည့်နေခဲ့တာပါ။ သူတို့နားကပ်ပြီး နိုဗာကို ချီတော့ နိုဗာက “ဪ…ဒါ ဖေဖေပဲ”လို့ ပြောပြီး ပြုံးပြကာ သူ့ရဲ့ခေါင်းကို ကိုင်ပြီး ပွတ်ခဲ့တယ်။ ကယ်ဗင် ဆံပင်ရိတ်ပစ်လိုက်တာက အာရုံကြောကင်ဆာရောဂါနဲ့ပတ်သက်ပြီး အသိပညာပေးရာရောက်ခဲ့ပါတယ်။ လူတိုင်းက “ဘာလို့ မင်းရဲ့ဆံပင်တွေညှပ်ပစ်လိုက်တာလဲ”လို့ မေးတဲ့အတွက် သူတို့ ကြုံတွေ့ရင်ဆိုင်နေရတဲ့အရာတွေ၊ သူ့သမီးလေးရဲ့ရောဂါအကြောင်း သူတို့ကို ရှင်းပြဖို့ အခွင့်အရေးရခဲ့တယ်။

Ref: GMA “Dad shaves hair after 10 years to support daughter undergoing chemo”

WL( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top