အာဖရိကတိုက်အရှေ့ပိုင်းရှိ ကင်ညာနိုင်ငံ (Kenya) ရှိ သစ်တောကြိုးဝိုင်းတစ်ခုတွင် အရေပြားရှိ အရောင်ချယ်ဆဲလ်တွေ အားနည်းခြင်းကြောင့် ဖြူဆွတ်နေတဲ့ သစ်ကုလားအုတ် ၂ ကောင်ကို ပထမဆုံးအကြိမ်အနေနဲ့ ဗီဒီယို ရိုက်ကူးနိုင်ခဲ့ပါတယ်။ ဒီ ရှားပါး သစ်ကုလားအုတ်ဖြူ နှစ်ကောင်ကို တွေ့ရှိခဲ့တဲ့အတွက် ဒေသခံတွေနဲ့ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေးသမားတွေ ပျော်ရွှင်နေကြပြီး ဒီသစ်ကုလားအုတ် ၂ ကောင်ဟာ သားအမိဖြစ်ကြကာ albino ဆိုတဲ့ မျက်လုံးတွေပါ ဆွတ်ဆွတ်ဖြူနေတဲ့ရောဂါ ဖြစ်ပွားခြင်းမဟုတ်ဘဲ ခန္ဓာကိုယ်သာ ဖြူနေခြင်းဖြစ်ပြီး မျက်လုံးနဲ့ တခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေကတော့ မည်းနက်နေပါသေးတယ်။
သစ်ကုလားအုတ်ဖြူ ၂ ကောင်ကို တွေ့ရှိခဲ့ရတဲ့ ကင်ညာ ဂါရီစာစီရင်စုရှိ အစ်ရှာဘီနီ ဟီရိုလာ သစ်တောကြိုးဝိုင်း (Ishaqbini Hirol) ကို NGO အဖွဲ့တစ်ဖွဲ့က ထိန်းသိမ်းစောင့်ရှောက်နေတာ ဖြစ်ပြီး ဒီ NGO အဖွဲ့ဟာ မျိုးသုဉ်းလုနီးပါးဖြစ်နေတဲ့ Hirola လို့ခေါ်တဲ့ သမင်နှင့်ဆင်ပြီး အပြေးမြန်တဲ့ တောဆိတ်တစ်မျိုးကို အဓိကထား ထိန်းသိမ်းစောင့်ရှောက်နေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။
HCP (Hirola Conservation Programme) NGO အဖွဲ့ကတော့ ဒီသစ်ကုလားအုတ် ၂ ကောင်ကို ဇွန်လလောက်ကတည်းက ရွာသားတွေ စမြင်ခဲ့တာ ဖြစ်ကြောင်းပြောဆိုခဲ့ပြီး “ ဒီသစ်ကုလားအုတ်ဖြူနှစ်ကောင်က လူကိုလည်း သိပ်မကြောက်ကြပါဘူး။ သစ်ကုလားအုတ်အမကြီးဆို ကျွန်တော်တို့ အနားထိတောင်လာသွားပါသေးတယ်။ သစ်ကုလားအုတ်ပေါက်လေးကတော့ ခြုံပုတ်တွေနောက်မှာပဲ ကျန်ခဲ့ပါတယ်။” လို့ပြောဆိုခဲ့ပါတယ်။
HCP ရဲ့ပြောဆိုချက်အရ သစ်ကုလားအုတ်အဖြူရောင်ကို တွေ့ရတာ ဒီအကြိမ်နဲ့မှ ၃ ကြိမ်သာရှိသေးပြီး တန်ဇာနီးယားမှာ ၂၀၁၆ မတ်လက တစ်ကြိမ်၊ ၂၀၁၆ ဇန်နဝါရီလက တစ်ကြိမ်သာ ဖြစ်ပါတယ်။ သစ်ကုလားအုတ်တွေဟာ ရှားပါးသတ္တဝါတွေထဲမှာ အပါအဝင်ဖြစ်ပြီး တစ်ကမ္ဘာလုံးမှာမှ အကောင်ရည် ၈၅၀၀ ခန့်သာ ရှိပါတယ်။
Ref : Guardian News : Rare white giraffes spotted in Kenya conservation area
လူမို (ရိုးရာလေး)