ဖန်သားပြင်ပေါ်က ပျောက်ကွယ်သွားတာ ကြာပြီဖြစ်တဲ့ ကလေးသရုပ်ဆောင်တို့ရဲ့ လက်ရှိပုံရိပ်များ

42390248_1981600481883893_2113328264175943680_n.jpg

ကျွန်တော်တို့ ငယ်ဘဝဟာ တရုတ်သိုင်းကားတွေ၊ ဘောလိဝုဒ်ဒရာမာတွေနဲ့ ကြီးပြင်းခဲ့ရတာဆိုရင် မှားမယ်မထင်ပါဘူး… မြန်မာ့အသံနဲ့ မြဝတီက လွှင့်သမျှပဲ ကြည့်ခဲ့ကြရတဲ့ ဘဝကိုး… ဒါပေမဲ့ ၂၀၀၀ ခုနှစ် ပတ်ချာလည်လောက်မှာတော့

ဟောလိဝုဒ်ရေစီးကလည်း အရှိန်မသေးလှပါဘူး.. ကိုရီးယားကားတွေလည်း ခေတ်စားခဲ့တဲ့ အချိန်ကာလတစ်ခုပေါ့…

ကျွန်တော်ကလည်း ဒီရက်ပိုင်းမှာ အတိတ်ကိုချည်း ပြန်တမ်းတနေတယ်ဆိုရမလား… ငယ်ဘဝကို သိပ်လွမ်းမိနေတော့ကာ ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်တွေ ပြန်ရှာကြည့်ဖြစ်ပါတယ်… အဲဒီတုန်းက နာမည်ကြီးခဲ့တဲ့ သရုပ်ဆောင်တွေက ခုချိန်မှာ ဘယ်လိုဖြစ်နေကြပြီလဲဆိုတာလည်း သိချင်မိတော့ အင်တာနက်ပေါ်တက် ရှာဖွေမိပြန်ရော… ဒီထဲကမှ ကျွန်တော်တို့ မြင်ကွင်းက အတော်ကြာကြာ ပျောက်ဆုံးနေကြတဲ့ သရုပ်ဆောင် (၁၀) ဦးရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ဘယ်သူတွေဖြစ်မလဲဆိုတော့…

၁။ မက်ကောလေး ကော်ကင် (Macaulay Culkin)

သိကြမှာပါ… ခရစ္စမတ်စ်တွေကို အဖမ်းစားနိုင်ခဲ့ဆုံး ရုပ်ရှင်တွေဖြစ်တဲ့ Home Alone ထဲက Kelvin ပေါ့… အမှန်တော့ ခုချိန်ထိ ခရစ္စမတ်စ်နား နီးပြီဆိုရင် Home Alone ရုပ်ရှင်တွေ ပြန်ကြည့်နေဆဲပါပဲ။ ဒီတော့ ဒီကလေးလေးဟာလည်း မျက်စိထဲမှာ ဒီအရွယ်ပဲ ဖြစ်နေတော့တာပေါ့.. တကယ့်လက်တွေ့ဘဝမှာတော့ မက်ကောလေးကော်ကင်ဟာ အသက် (၃၈) နှစ်အရွယ် လူကြီးတစ်ယောက်ဖြစ်နေပါပြီ။ ငယ်ငယ်က အရမ်းကို ချစ်ဖို့ကောင်းခဲ့တဲ့ ရုပ်ရည်လေးနဲ့ ကလေးလေးဟာ ကြားထဲမှာ မူးယစ်ဆေးဒဏ်ကြောင့် အတော်ရုပ်ကျသွားခဲ့ပါသေးတယ်… ခုတော့ ပြန်ပြီး ဝဖြိုးစိုပြည်လို့ပါပဲ..

၂။ ရှိရှောင်လုံ (Shi Xiao Long)

မှတ်မိကြဦးမှာပါ… အသက်ငယ်ငယ်လေးနဲ့ ကွန်ဖူးကစားတာ အရမ်းလှတဲ့ ရှောင်လင်ကတုံးလေးကိုလေ… သူပွဲဦးထွက် ရိုက်ကူးခဲ့တဲ့ လေပွေကလေးငယ်လို့ ခေါ်ရမလား ရှောင်လင်ကွန်ဖူးကားဟာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တာပါ။ မြန်မာနိုင်ငံမှာတောင် နာမည်တွေကြီးလို့လေ… အသက်လေးတဖြည်းဖြည်းရလာပြီးတဲ့နောက် ဆယ်ကျော်သက်အရွယ်ထိ ရှောင်လုံလေးဟာ ရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာ စတားပါပဲ.. လူငယ်ပေါင်ချိန် ဇာတ်လမ်းတွဲထဲမှာ ကျန်ကျောင်းလေးလုပ်ရင်း လူငယ်ကျန်ကျောင်းဆိုပြီး နာမည်ကြီးပြန်ပါရောလား… နောက်ပိုင်း လူကြီးဇာတ်ရုပ်အနေနဲ့ ၂၀၁၆ လောက်ထိ ဇာတ်လမ်းတွေ ရိုက်ကူးခဲ့ပေမဲ့ ကျွန်တော်တို့ဆီမှာတော့ သိပ်မမြင်ရတော့ပါဘူး… ကိုရီးယားကားတွေပဲ အရမ်းခေတ်စားလာတော့တာကိုး… ဆိုတော့ ရှိရှောင်လုံရဲ့ လက်ရှိရုပ်သွင်ကတော့ ပုံမှာ ပြထားတဲ့အတိုင်းပါပဲ… ငယ်ရုပ်လေးမပျောက်သေးသလို ခန့်ညားမှုပါ ထပ်စွက်လာတော့ ပျိုမေလေးတွေ သဘောကျဆဲ ကျမြဲပါတဲ့နော်…

၃။ ဟော့ရှောက်ဝမ် (Hao Shao Wen)

ရှိရှောင်လုံအကြောင်းပြောရင် ဟော့ရှောက်ဝမ်ကိုလည်း ချန်ထားခဲ့လို့ မရပါဘူး… ရှောင်လင်ဖက်တီးလေးဆိုပြီး ကလေးဘဝမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ ဟော့ရှောက်ဝမ်လေးက ဆယ်ကျော်သက်ဘဝမှာတော့ ရှိရှောင်လုံလို ဇာတ်ကားတွေ မရိုက်ဖြစ်တော့ဘဲ အနုပညာလောကကနေ ပျောက်ကွယ်သွားခဲ့ပါတယ်။ အင်း.. အရိုက်ကြဲလာတယ်ဆိုရမှာပေါ့… ရှိရှောင်လုံကို ကျန်ကျောင်းအနေနဲ့ မြင်တွေ့နေရသေးပေမဲ့ ဟော့ရှောက်ဝမ်ကတော့ ကျွန်တော်တို့ မျက်စိအောက်က ပျောက်သွားတာ ဆယ်စုနှစ်တစ်ခုလောက် ကြာသွားပါတယ်… မိသားစု စီးပွားရေးအခြေအနေကြောင့် ကျောင်းတက်ရင်း တစ်ဘက်ကလည်း ကြုံရာအလုပ်လုပ်ကိုင်ရင်း ပညာရေးအတွက်၊ မိသားစုအတွက် ရုန်းကန်နေရတဲ့ ဟော့ရှောက်ဝမ်ဟာ လက်လှမ်းမီသလောက် အနုပညာအလုပ်တွေ လုပ်ကိုင်ခဲ့ပေမဲ့ ထင်သလောက်မပေါက်ရောက်ခဲ့တာကြောင့် ကျွန်တော်တို့ မြင်ကွင်းကနေ ပျောက်ကွယ်နေခဲ့တာပါ… ဒါပေမဲ့ ကံကောင်းထောက်မစွာပဲ မကြာသေးခင်ကမှ မီဒီယာပေါ် ပြန်ပေါ်လာပြန်တဲ့ ဟော့ရှောက်ဝမ်ရဲ့ လက်ရှိ ပုံစံလေးကတော့ဖြင့် ငယ်ရုပ်လေး မပျောက်သေးပေမဲ့ ပုံစံချင်းတော့ အတော်ကွာခြားသွားတာကို တွေ့ရမှာပါနော်…

၄။ စကင်ဒါ ကိန်းစ် (Skandar Keynes)

Naniaက ခေါ်မယ့် နေ့ကို စောင့်နေတာ ကျွန်တော်တစ်ယောက်တည်းလား? အယ်လယ်.. ငယ်ငယ်ကတော့ နာနီယာကို တကယ်ကို သွားချင်ခဲ့တာပါ… နာနီယာထဲ ရောက်သွားတဲ့ မောင်နှမ သုံးယောက်က ကျွန်တော့်ဟီးရိုးတွေပေါ့… နောက်ဆုံး နာနီယာရုပ်ရှင် ထွက်ထားတာကလည်း အတော်ကြာပြီဆိုတော့ ခုချိန်မှာ သူတို့ရုပ်လေးတွေ ဘယ်လို ဖြစ်နေပြီလဲဆိုတာ စိတ်ဝင်စားဖို့တော့ အတော်ကောင်းပါတယ်… နောက်ဆုံး Nania : The Voyage of the Dawn Treader ကလည်း ထွက်ထားတာက ၈ နှစ်လောက်ကြာပြီဆိုတော့ကာ လူစီလေးနဲ့ အက်ဒ်မန်ရဲ့ လက်ရှိအနေအထားကို ပိုပြီး စိတ်ဝင်စားကြမယ်ထင်ပါတယ်နော်.. အက်ဒ်မန့်ကို အရင်ကြည့်ရအောင်နော်.. သူ့နာမည်ရင်းကတော့ စကင်ဒါ ကိန်းစ်ပါတဲ့… ခုတော့ အသက် ၂၇ ရှိပြီပေါ့လေ…လက်ရှိ ဒီဇိုင်းကာလာ အနေအထား ရုပ်ရည်လေးကတော့ဖြင့်.. <3

၅။ ဂျော်ဂျီ ဟန်လေ (Georgie Henley)

လူစီလေးရဲ့ ပုံကတော့ ၂၀၁၇ တုန်းက လူမှုကွန်ရက်တွေပေါ်မှာ တစ်ခေတ်ထလိုက်ပါသေးတယ်.. ကလေးတုန်းကနဲ့မတူ အရမ်းလှလာတာကိုး… နာနီယာမောင်နှမတွေထဲက အငယ်ဆုံး လူစီအဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဂျော်ဂျီဟန်လေက လက်ရှိမှာတော့ အသက် ၂၃ နှစ်ရှိနေပြီဖြစ်ပြီး သူ့ရဲ့ ၂၀၁၈ သွင်ပြင်က ၂၀၁၇တုန်းကနဲ့ အတော်ကို ကွာခြားနေတာ တွေ့ရမှာပါ။ လှတာတော့ လှဆဲ၊ လှမြဲပါပဲနော်…

ကဲ… ငယ်ဘဝလေးကို ပြန်မှ လွမ်းသွားကြရဲ့လား… နောက်ထပ်လည်း ဘယ်သရုပ်ဆောင်တွေက ဘယ်လိုပြောင်းလဲသွားတယ်ဆိုတာလေးတွေ ထပ်ပြီး ဖော်ပြသွားဦးမှာမို့ စောင့်ကြည့်ပေးကြပါဦးလို့…

Angelic Demon (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top