နှလုံးကျန်းမာရေး ကောင်းစေဖို့ရာ

close-up-of-elderly-man-having-a-heart-attack-PE2ZHQX.jpg

Disease Control and Prevention စင်တာရဲ့ ပြောကြားချက်အရ နှစ်စဉ် US လူဦးရေ (၆၁၀,၀၀၀) ဟာ နှလုံးရောဂါကြောင့် သေဆုံးနေရတယ်လို့ ဆိုပါတယ်။ ဒီလို နှလုံးရောဂါကို ကာကွယ်နိုင်ဖို့နဲ့ နှလုံးကျန်းမာရေး ပိုကောင်းမွန်လာဖို့ဆိုရင်တော့ မိမိ နေ့စဉ် နေထိုင်နေတဲ့ ဘဝပုံစံကနေ ခွဲထွက်ပြီး အပြောင်းအလဲလေး နည်းနည်းလုပ်ကြည့်ဖို့ လိုပါတယ်။

တချို့သူတွေကတော့ ပြောင်းပြီဆိုတာနဲ့ လေ့ကျင့်ခန်းတွေရော၊ စားသောက်ပုံတွေရော၊ နေ့စဉ်နေထိုင်မှု ပုံစံတွေရောကို ချက်ချင်းဆိုသလို ပြောင်းပစ်လိုက်ကြပါတယ်။ ပုံမှန်အားဖြင့် ဒီလို ကောက်ရိုးမီးတောက်လုပ်တာက အကျိုးမရှိပါဘူး။ ရေရှည်လည်း မခံပါဘူး။ ကျွန်တော် ရှေ့ကပြောသလို နည်းနည်းချင်းစီ စပြောင်းကြည့်ကြရမှာပါ။

ဆိုတော့ ကျွန်တော်က ရိုးရာလေး ပရိတ်သတ်တို့ နှလုံးကျန်းမာရေး ကောင်းမွန်လာစေဖို့အတွက် ထိရောက်လွယ်ကူတဲ့ နည်းလမ်း (၁၀) မျိုးကိုပဲ ဒီဆောင်းပါးလေးကနေ ပြောပြပေးသွားပါ့မယ်။

(၁၀) မိနစ်လောက် လမ်းလျှောက်ပေးပါ

လေ့ကျင့်ခန်း လုံးဝမလုပ်နိုင်တဲ့သူတွေ အတွက်တော့ လမ်းလျှောက် လေ့ကျင့်ခန်းက အစပျိုးလို့ အကောင်းဆုံးပါ။ ဒါကို ပုံမှန်လုပ်နိုင်ပြီဆိုရင်တော့ နောက်နေ့တွေမှာ တခြား လေ့ကျင့်ခန်းတွေကို နည်းနည်းချင်းစီတိုးပြီး လုပ်ဆောင်ကြည့်သွားပါ။

အလေးလည်းမပါ

ပထမဆုံး ကြွက်သားတွေ သန်မာလာစေဖို့အတွက် စာအုပ်လေးလေးတွေပဲဖြစ်ဖြစ်၊ ဝိတ်တုံးတွေပဲဖြစ်ဖြစ် မသာမပါ။ နောက်ပိုင်း တဖြည်းဖြည်း အလေ့အကျင့်ရလာပြီဆို ပိုလေးတဲ့အရာတွေကို စမ်းမကြည့်ချင်ကြည့်၊ မကြည့်ချင် အားကစားခန်းမထိ သွားကစားလိုက်ပါ။

အသီးအရွက်ပိုစားပေးပါ

ပုံမှန်မနက်၊ နေ့လည်၊ ညစာတွေမှာ အသားချည်းပဲ စားတတ်သူဆို အသီးအရွက်လေး တစ်နပ်လောက် ပြောင်းစားကြည့်ပါ။ အသီးအရွက်တွေက ဈေးလည်းသက်သာသလို သင့်ကျန်းမာရေးအတွက် ဘယ်လောက် အထောက်အကူဖြစ်တယ်ဆိုတာ သင်သိပြီးသားဖြစ်မှာပါ။

မနက်စာမှ စတင်ပါ

အဓိက မနက်စာကို ကျန်းမာအောင်စားပါ။ အာဟာရ မျှတအောင်စားပါ။ အသီးအရွက်၊ အသား၊ ငါး၊ အစေ့အဆန် အားလုံးပါဝင်ပါစေ။ ပြီးတော့ စားဖြစ်အောင်လည်းစားပါ။

ကယ်လိုရီတွေကို မစားသောက်ပါနဲ့တော့

ကျွန်တော်တို့ဟာ သကြားဓာတ် ပါဝင်မှုနှုန်း မြင့်မားတဲ့ အချိုရည်တွေနဲ့ ဂတ်စ်ပါဝင်တဲ့ အရည်တွေကို နေ့စဉ် သတိထားမိလို့ရော၊ မထားမိလို့ရောနဲ့ သောက်မိပေါင်းတွေ များနေပါပြီ။ ဒီအရာတွေကို သောက်မိပြီဆိုတာနဲ့ သင်တစ်နေ့ ကယ်လိုရီ (၁၀၀) ဒါမှမဟုတ် (၁၀၀) အထက်ကို ခန္ဓာကိုယ်ထဲ သိမ်းမိပြီးသား ဖြစ်သွားပါပြီ။ ဒီလိုနည်းအတိုင်း သွားမယ်ဆို သင် တစ်နှစ်အတွင်းမှာ (၁၀) ပေါင် တက်လာပါလိမ့်မယ်။ တစ်နှစ်ဆိုတဲ့အချိန်က ဘယ်လောက်မှ မကြာဘူးနော်။

အခွံမာသီးများများစားပါ

သစ်ကြားသီး၊ မက်မွန်းသီး၊ မြေပဲနဲ့ တခြား အခွံမာသီးတွေအားလုံးက သင့် နှလုံးကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေပါတယ်။ အာလူးချောင်းကြော်နဲ့ ဘီစကွတ်မုန့်တွေချည်း စားနေမယ့်အစား မြေပဲလေးကို အရွက်သုပ်လေးထဲထည့်ပြီး ပေါင်းစားကြည့်ပါ။ ပါစတာနဲ့ အခြား ဟင်းလျာတွေမှာလည်း နှစ်သက်သလိုထည့်ပြီး မွမ်းမံ သုံးဆောင်နိုင်ပါတယ်။

ပင်လယ်စာလည်း စားပေးပါ

တစ်ပတ် တစ်ခါထက်မနည်း အသားစိမ်းတွေ၊ အသားတုတွေ၊ ဓာတုပစ္စည်းပါဝင်တဲ့ မုန့်တွေကို ခုံခုံမင်မင် စားနေမယ့်အစား လတ်ဆတ်တဲ့ ပင်လယ်စာတွေကို အစားထိုးစားကြည့်ပါ။ နှလုံးအတွက်သာမကဘဲ ဦးနှောက်နဲ့ ခါးရိုးကျန်းမာရေးကိုပါ ကောင်းမွန်စေပါတယ်။

အသက်ပြင်းပြင်းရှုပါ

အကြာကြီး တရားမထိုင်နိုင်ဘူးဆို ပုံမှန် အသက်ရှုနေကျကိုပဲ နည်းနည်းလောက် အာရုံစိုက်ပြီး ရှုသွင်း၊ ရှုထုတ် ပြုလုပ်ကြည့်ပါ။ ဒီနည်းလမ်းက လုံးဝ စိတ်ဖိစီးမှုကို လျော့နည်းစေပြီး စိတ်ပေါ့ပါးစေပါတယ်။ သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးပါတယ်။

လက်မကြာခဏဆေးပါ

လက်ကိုဆပ်ပြာနဲ့ မကြာခဏ စင်ကြယ်အောင် ဆေးကြောပေးခြင်းက သင့်နှလုံးအတွက်သာမကဘဲ သင့်ကျန်းမာရေးအတွက်ပါ များစွာ အထောက်အကူဖြစ်စေပါတယ်။ တုတ်ကွေး၊ အဆုတ်ရောင်ရောဂါနဲ့ အခြားသော ကူးစက်ရောဂါတွေက သင့် နှလုံးကျန်းမာရေးနဲ့ တိုက်ရိုက် ဆက်စပ်နေပါတယ်။

အကောင်းမြင်စိတ်ထားပါ

နေ့စဉ် ကုသိုလ်ကောင်းမှုလေးတွေလုပ်ပေးပြီး ဘဝကို ကျေနပ်အောင် နေကြည့်ပါ။ မိမိလုပ်ထားတဲ့ အကောင်းဆုံးသောအရာတွေအတွက် ကိုယ်တိုင် ပြန်ချီးမွမ်းပေးပါ။ ပြီးတော့ ဂုဏ်ယူကြည့်ပါ။ ဒီအရာက ကျန်းမာတဲ့ ဘဝနေထိုင်မှု ရရှိဖို့၊ အသက်ရှည်စေဖို့နဲ့ ပျော်ပျော်ရွှင်ရွှင် နေနိုင်ဖို့ဆိုတဲ့ အရာတွေနဲ့ တိုက်ရိုက် ဆက်စပ်နေပြီး ဆန့်ကျင်ဘက်အနေနဲ့ဆို သင့်ရဲ့ နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး သွေးတိုးလာစေနိုင်တဲ့ ဒေါသ၊ စိုးရိမ်ကြောင့်ကြမှု၊ စိတ်ဖိစီးမှုတွေနဲ့လည်း တစ်မျိုးတစ်ဖုံ ဆက်စပ်နေပြန်ပါတယ်။

Ref : Harvard medical school “10 small steps for better heart health”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top