ကြက်သွန်နီ မကြာခဏစားပေးမယ်ဆိုရင် ခန္ဓာကိုယ်မှာရရှိလာနိုင်တဲ့ ကောင်းကျိုးများ

4-12-2020-yyl-001.jpg

ကြက်သွန်နီခွာတဲ့အခါတိုင်း သင် မျက်ရည်ကျရတယ်မလား။ ကြက်သွန်နီက သင့်ကို မျက်ရည်ကျစေပေမယ့် သင့်ကျန်းမာရေးကို ကောင်းစေတဲ့ အစွမ်းထက်အာနိသင်တွေရှိပါတယ်နော်။ ခေါင်းအစ၊ ခြေအဆုံးအထိ သင့်ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေမယ့် ဗီတာမင်ဓာတ်တွေနဲ့ အာဟာရဓာတ်တွေ ကြွယ်ဝတဲ့ ကြက်သွန်နီက တကယ်တော့ နေ့စဉ်စားသုံးပေးမယ်ဆိုရင် သင့်အတွက် ကောင်းကျိုးတွေရလာစေမယ့် အစားအစာပါပဲ။ ကြက်သွန်နီကို သင့်ရဲ့တစ်နေ့တာအစားအစာမှာ ထည့်ပြီး စားသုံးပေးမယ်ဆိုရင် သင့်ခန္ဓာကိုယ်မှာ ဖြစ်လာမယ့် ကောင်းကျိုးတွေကို စာဖတ်ပရိသတ်တွေအတွက် ဒီဆောင်းပါးလေးနဲ့ မျှဝေပေးလိုက်ရပါတယ်။

အရိုးသိပ်သည်းစေတယ်

ကြက်သွန်နီကို စားသုံးပေးတာက သင့်ရဲ့အရိုးသိပ်သည်းမှုမှာ ကောင်းတဲ့အကျိုးသက်ရောက်မှုရှိနိုင်တယ်လို့ လေ့လာချက်တော်တော်များများက ဆိုထားပါတယ်။ တစ်လကို ကြက်သွန်နီတစ်လုံး နေ့စဉ်စားသုံးပေးတာက မစားတဲ့သူတွေနဲ့ယှဉ်ရင် (၅) ရာခိုင်နှုန်းလောက် အရိုးသိပ်သည်းမှုအားတိုးလာစေတယ်လို့ သိရပါတယ်။

ကိုလက်စထရောပမာဏကို လျော့ချပြီး နှလုံးကို ကျန်းမာစေတယ်

Anti-inflammatory ဂုဏ်သတ္တိမြင့်မားတဲ့ကြက်သွန်နီတွေက သင့်ခန္ဓာကိုယ်မှာရှိတဲ့ မကောင်းတဲ့ကိုလက်စထရောကို လျော့ချပေးပါတယ်။ ကိုလက်စထရောပမာဏနည်းပါးတာကလည်း နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ချပေးပြီး နှလုံးကျန်းမာရေးကို ထိန်းပေးပါတယ်။

အစာခြေအားကိုလည်း ကောင်းစေပါတယ်

ကြက်သွန်နီက သင့်ခန္ဓာကိုယ်မှာ အစာခြေအားကောင်းစေမယ့် အမျှင်ဓာတ်တွေနဲ့ ပြည့်နေတာပါ။ ဒါ့အပြင် သင့်အူလမ်းကြောင်းမှာ ကောင်းတဲ့ဘတ်တီးရီးယားပိုးမွှားတွေထုတ်လွှတ်မှုအားကောင်းအောင် လုပ်ဆောင်ပေးပါတယ်။

ဆဲလ်ပျက်စီးမှုကို လျော့ချပြီး အန်တီအောက်စီဒန့်ကို မြှင့်တင်ပေးတယ်

ကြက်သွန်နီက ကျွန်တော်တို့ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့ အမျိုးမျိုးသော အန်တီအောက်စီဒန့်အမျိုးအစား (၂၅) မျိုးစုနေတဲ့ အိမ်လို့လည်းပြောလို့ရပါတယ်။ အန်တီအောက်စီဒန့်ဓာတ်တွေက ရောဂါမဖြစ်ပွားအောင် ကူညီပေးနိုင်တဲ့အပြင် ဆဲလ်ပျက်စီးမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

အမြင်အာရုံအားကောင်းစေပြီး ခံတွင်းကျန်းမာရေးလည်း ကောင်းစေတယ်

ကြက်သွန်နီက သင့်ပါးစပ်အတွင်းမှာ ရှိတဲ့ မကောင်းတဲ့ဘတ်တီးရီးယားပိုးမွှားတွေကို သတ်ပေးပြီး ခံတွင်းကျန်းမာရေးကို ကောင်းစေပါတယ်။ ကြက်သွန်နီရဲ့ Antimicrobial ဂုဏ်သတ္တိကလည်း သင့်သွားကို သန်မာစေပါတယ်။ မျက်စိအတွင်းတိမ်ဖြစ်ခြင်းကို တိုက်ဖျက်ပေးတဲ့ Quercetin (ကွာဆက်တင်) ဒြပ်ပေါင်းပါဝင်တဲ့အတွက် သင့်မျက်လုံးအတွက်လည်း အန္တရာယ်ကင်းစေပါတယ်။

ညဘက် ကောင်းကောင်းအိပ်စက်စေတယ်

ကြက်သွန်နီကို စားသုံးပေးတာက အိပ်စက်နိုင်စွမ်းအားကောင်းစေတယ်လို့ University of Coloradoရဲ့သုတေသနပြုချက်က ဆိုထားပါတယ်။ အူကျန်းမာရေးကို တိုးတက်ကောင်းမွန်လာစေမယ့် အမျှင်ဓာတ်တွေလည်း ပါဝင်ပြီး စိတ်ဖိစီးမှုကိုလည်း သက်သာစေပါတယ်။

အိုမင်းရင့်ရော်မှုကို ထိန်းပေးပြီး အသားရေကို ကောင်းမွန်စေတယ်

ဗီတာမင်အေ၊ စီနဲ့အီးဓာတ်တွေကြွယ်ဝတဲ့ ကြက်သွန်နီတွေက မိန်းကလေးတိုင်း လိုချင်ကြတဲ့ အသားရေကြည်လင်စိုပြေမှုကို ရအောင် ကူညီပေးနိုင်ပါတယ်။ ဝက်ခြံမပေါက်အောင် ကူညီပေးတဲ့အပြင် ကြက်သွန်နီအရည်ကို အမာရွက်မှာ လိမ်းပေးမယ်ဆိုရင် အမာရွတ်ကို မှေးမှိန်သွားစေနိုင်တယ်လို့ လေ့လာချက်တစ်ခုက ဆိုထားပါတယ်။

Ref: 7 Things That Can Happen to Your Body if You Start Eating Onions More Often

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top