မြန်မာနိုင်ငံကသုံးစွဲသူတွေအကြား အမုန်းစကားပျံ့နှံ့မှုကို ပိုပြီးထိန်းချုပ်တော့မယ့် ဖေ့စ်ဘွတ်ခ်

mark.jpg

ဖေ့စ်ဘွတ်ခ် (Facebook) ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ မီဒီယာတွေကို ဖိတ်ကြားကာ မြန်မာနိုင်ငံက အမုန်းစကားနဲ့ ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းမယ့် အစီအစဉ်တွေကို ရှင်းလင်းသွားခဲ့ပါတယ်။

လူ့အခွင့်အရေးအဖွဲ့အစည်းတွေက ထောက်ပြခဲ့ ပြောဆိုခဲ့တာကတော့ လူမှုကွန်ရက် ပလက်ဖောင်းတစ်ခုဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်ကို အသုံးချပြီး လွဲမှားတဲ့ အချက်အလက်တွေ ဖြန့်ဝေမှုတွေ ရှိနေတာကြောင့် ၂၀၁၃ ခုနှစ်တုန်းက မြန်မာနိုင်ငံအတွင်းမှာ ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

ဖေ့စ်ဘွတ်ခ် မြန်မာနိုင်ငံအတွင်းမှာ အသုံးပြုသူ ၁၈ သန်းလောက်အထိ ရှိနေပြီး ဘာသာရေး အမုန်းပွားမှုတွေနဲ့ ပတ်သက်လို့ ကုမ္ပဏီဘက်က ထိန်းချုပ်နိုင်ခြင်း မရှိသေးတာပဲ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်ထဲမှာလည်း မူစလင် အမျိုးသားတစ်ဦးက ဗုဒ္ဓဘာသာ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ရာကနေ အစပြုပြီး မြန်မာနိုင်ငံရဲ့ မြို့ကြီးတစ်မြို့ဖြစ်တဲ့ မန္တလေးမြို့မှာ ဘာသာရေး အဓိကရုဏ်းတွေ ပေါ်ပေါက်ခဲ့ပါသေးတယ်။

အခုလို ဖြစ်ပွားပြီး ၄ နှစ်အကြာ ၂၀၁၈ ခုနှစ် ဧပြီလအတွင်းမှာ ဖေ့စ်ဘွတ်ခ် တည်ထောင်သူ မက်ခ်ဇူကာဘက် (Mark Zuckerberg) က အမုန်းစကားတွေကို ဖေ့စ်ဘွတ်ခ်ကနေ ဖယ်ရှားဖို့ ကြိုးစားနေတယ် ဆိုတဲ့အကြောင်း အမေရိကန် လွှတ်တော်မှာ ပြောခဲ့ပါတယ်။

ဖေ့စ်ဘွတ်ခ်ပေါ်က အမုန်းစကားတွေနဲ့ ပတ်သတ်ပြီး ဓာတ်ပုံ၊ စာနဲ့ ဗီဒီယို ၁၀၀၀ ထက်မနည်း ဖယ်ရှားခဲ့ပေမဲ့ အများကြီး ရှိနေသေးတယ်လို့ ဆိုပါတယ်။ ၂၀၁၅ မတိုင်ခင်က ဖေ့စ်ဘွတ်ခ်မှာ မြန်မာဘာသာစကား ကျွမ်းကျင်သူဝန်ထမ်း ၂ ဦးသာ ခန့်ထားခဲ့တာပါ။ အခုအခါမှာတော့ မြန်မာစကား ကျွမ်းကျင်သူ ဝန်ထမ်း ၆၀ အထိ ခန့်အပ်ထားပြီးဖြစ်သလို ဒီနှစ် နှစ်ကုန်လောက်မှာ နောက်ထပ် မြန်မာစကား ကျွမ်းကျင်သူ ဝန်ထမ်း ၄၀ လောက် ခန့်အပ်သွားဖို့လည်း ရှိနေတာပါ။

အမုန်းစကား ထင်ဟပ်စေတဲ့ ဝီရသူ၊ သုစိတ္တ၊ ပါမောက္ခနဲ့ ဦးလှဆွေ စတဲ့ ဖေ့စ်ဘွတ်ခ်အကောင့်တွေကို ဖယ်ရှားရှင်းလင်းခဲ့ပါတယ်။ မကြာခင်မှာလည်း အမုန်းစကားတွေကို ပိုမိုစောင့်ကြည့်နိုင်ဖို့အတွက် စာသားဖော်ပြချက် ကြီးကြီးမားမား လွဲချော်မှုတွေရှိနေတဲ့ ဇော်ဂျီဖောင့်ကို ဖေ့စ်ဘွတ်ခ်ကနေ ဖယ်ရှားသွားဖို့ ရှိနေပြီး လတ်တလော အကောင့် အသစ်တွေမှာ ယူနီကုဒ်ဖောင့်ကိုသာ အသုံးပြုအောင် ပြုလုပ်ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

Ref: theguardian “Facebook’s failure in Myanmar is the work of a blundering toddler”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top