ရွေးကောက်ပွဲရှုံးနိမ့်ရင် ငြိမ်းချမ်းတဲ့အာဏာလွှဲပြောင်းမှုလုပ်ဖို့ ဒေါ်နယ်ထရမ့် ကတိမ‌ပေး

24-9-2020-yyl-018.jpg

နိုဝင်ဘာလမှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ရင် ငြိမ်းချမ်းတဲ့ အာဏာလွှဲပြောင်းမှုလုပ်ဖို့ ကတိပြုသလားဆိုတဲ့ မေးခွန်းကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဖြေဆိုခဲ့ခြင်းမရှိပါဘူး။ အမေရိကန်သမ္မတရွေးကောက်ပွဲကျင်းပဖို့ ၄၁ ရက်လိုချိန်မှာ သဘောထားအမြင် ကောက်ခံမှုအရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ် ဂျိုးဘိုင်ဒင်ရဲ့နောက်မှာ ရှိနေပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော်မှာ ကျင်းပခဲ့တဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ သတင်းထောက်တစ်ယောက်က ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒင်အနိုင်ရခဲ့ရင် ငြိမ်းချမ်းစွာအာဏာလွှဲပြောင်းပေးမယ်လို့ ကတိပြုလားဆိုပြီး မေးမြန်းခဲ့တာပါ။

ဒေါ်နယ်ထရမ့်က ” စာတိုက်ကနေ မဲပေးမှုနဲ့ပတ်သက်ပြီး ကျွန်တော် အပြင်းအထန် ကန့်ကွက်ပါတယ်။ စာတိုက်မဲတွေက တကယ့်ဘေးအန္တရာယ်ပါပဲ။ စာတိုက်မဲတွေကို ဖယ်ရှားလိုက်ပါ။ အဲဒါဆိုရင် ခင်ဗျား အရမ်း၊ အရမ်းကို ငြိမ်းချမ်းသွားလိမ့်မယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် အာဏာလွှဲပြောင်းပေးမှု ရှိလာမှာမဟုတ်ပါဘူး။ အာဏာဆက်လက် ကိုင်ဆုပ်မှုပဲ ရှိလာမှာပါ”လို့ ပြောခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ ပြောကြားချက်ကို ယုတ္တိမရှိဘူးလို့ ဂျိုးဘိုင်ဒင်က တုံ့ပြန်ခဲ့ပြီး ” သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် တစ်ကျော့ပြန် ရွေးကောက်ခံရရင် ဆူပူအုံကြွမှုတွေ လျော့ကျသွားမယ်လို့ ဘယ်သူ ယုံကြလဲ”လို့ မေးခွန်းထုတ်ခဲ့ပါတယ်။

အမေရိကန်ပြည်သူတွေ ကိုဗစ်-၁၉ ရောဂါ ကူးစက်မခံရစေဖို့အတွက် ပြည်နယ်တော်တော်များများမှာ စာတိုက်ကတစ်ဆင့် မဲပေးကြဖို့ တိုက်တွန်းနေပါတယ်။ ဒါပေမဲ့ ဒေါ်နယ်ထရမ့်ကတော့ စာတိုက်ကနေ မဲပေးမှုကို သံသယရှိနေပြီး သမ္မတရွေးကောက်ပွဲရလဒ်က အမေရိကန်အထက်တရားရုံးချုပ်မှာ အဆုံးအဖြတ် ခံယူရလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။

Ref: BBC ” US election: Trump won’t commit to peaceful transfer of power”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top