နှစ် ၅၀ အတွင်း ကလေး ၆၀၀ ကျော်မွေးစားခဲ့တဲ့ မေတ္တာရှင်အမျိုးသမီးကြီး

yyl-040-4.jpg

ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရတာ လွယ်ကူတဲ့အလုပ်မဟုတ်မှန်း မိဘတိုင်း သိကြပါတယ်။ ဒါဆိုရင်တော့ နှစ်(၅၀)အတွင်း ကလေး ၆၀၀ ကျော်ကို ပြုစုပျိုးထောင်ဖို့အတွက် အမျိုးသမီးကြီး လင်ဒါတစ်ယောက် ဘယ်လောက်ကြိုးပမ်းခဲ့ရသလဲဆိုတာ ဆဝါးကြည့်နိုင်မှာပါ။ လင်ဒါဟာ သူ့ရဲ့ခင်ပွန်း ဘော့တို့ဟာ ၁၉၇၀ ပြည့်နှစ်တစ်ဝိုက်ကစပြီး ၂၀၁၉ ခုနှစ်အထိ ကလေး ၆၀၀ ကျော် မွေးစားခဲ့ပါတယ်။ ဆယ်ကျော်သက်မိန်းကလေးငယ်တွေကို မွေးစားနေတဲ့ သူ့မိတ်ဆွေတစ်ယောက်ကို အားကျပြီး လင်ဒါက ကလေးတွေကို မွေးစားခဲ့တာပါ။ သူကတော့ လူမမယ်ကလေးအရွယ်တွေကို မွေးစားခဲ့တယ်။ အသက်အရွယ်မရွေး၊ ကျားမမရွေး၊ အထူးလိုအပ်ချက် ရှိ၊ မရှိ မရွေးဘဲ ကလေးငယ်မှန်သမျှကို မွေးစားခဲ့တဲ့ လင်ဒါဟာ အိုင်အိုဝါပြညနယ် ဂျွန်ဆင်ကောင်တီမှာတော့ မသိသူမရှိပါဘူး။


လူသားအကျိုးပြုဝန်ဆောင်မှုဌာနက ညဉ့်သန်းခေါင်ယံအချိန် ဖုန်းဆက်ပြီး မွေးစားမယ့်ကလေး လာခေါ်ပါဆိုရင်လည်း လင်ဒါက ဘယ်လောက်ဝေးတဲ့နေရာဖြစ်ဖြစ် သွားခေါ်ခဲ့သူပါ။ အဲဒီလောက် အပင်ပန်းခံရတဲ့ တစ်ခုတည်းသော အကြောင်းရင်းကတော့ ချစ်ခြင်းမေတ္တာပါပဲ။ မွေးစားကလေးတစ်ယောက် သူ့အိမ်ရောက်လာတာနဲ့ အဲဒီကလေးကိုဓာတ်ပုံရိုက်ပြီး အဲဒီဓာတ်ပုံကို ဧည့်ခန်းနံရံမှာ ချိတ်ထားလေ့ရှိပါတယ်။ မွေးစားကလေးကို မိသားစုအိမ်မှာ နေရသလို ခံစားစေချင်တဲ့ လင်ဒါရဲ့မေတ္တာက တုနှိုင်းမဲ့ပါပဲ။ မွေးစားကလေးတွေကို သားသမီးအရင်းနဲ့မခြား မေတ္တာထားတဲ့ လင်ဒါဟာ မွေးစားကလေးတွေ အရွယ်ရောက်လို့ သူ့ရင်ခွင်ထဲကနေ ထွက်ခွာသွားတဲ့အခါတိုင်း ငိုကြွေးတတ်သူပါ။ လူတိုင်းအပေါ် မေတ္တာထားတတ်တဲ့ လင်ဒါရဲ့အဖြူရောင်စိတ်ထားကို သူ့သားသမီးတွေက အမွေဆက်ခံနိုင်ခဲ့ပါတယ်။

လင်ဒါရဲ့သားသမီးအရင်း ၄ ယောက်က ကလေးတွေ မွေးစားခဲ့သလို သူ့မြေး ၃ ယောက်ကလည်း ကလေးတွေ မွေးစားခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် အောက်တိုဘာလမှာတော့ အသက် ၇၅ နှစ်အရွယ်ရှိနေတဲ့ လင်ဒါဟာ ကျန်းမာရေးယိုယွင်းလာလို့ ကလေးမွေးစားတဲ့အလုပ်ကို စွန့်လွှတ်ခဲ့ပါတယ်။ ကလေးတွေ မွေးစားတော့မှာမဟုတ်ဘူးလို့ လင်ဒါက ကြေညာလိုက်ချိန်မှာတော့ ဂျွန်ဆင်ကောင်တီ ကြီးကြပ်ကွပ်ကဲရေးဘုတ်အဖွဲ့က သူ့ကို ဂုဏ်ပြုလွှာပေးအပ်ခဲ့ပါတယ်။ လင်ဒါဟာ ကလေးတွေ မမွေးစားတော့ပေမဲ့ သူ့ရဲ့မွေးစားသားသမီးတွေ ပေးပို့ကြတဲ့ ဓာတ်ပုံတွေ၊ ပို့စ်ကတ်တွေကို ကြည့်ပြီး ကြည်နူးနေဆဲပါပဲ။ အရွယ်ရောက်လို့ သူ့ကို ခွဲခွာသွားတဲ့ မွေးစားသားသမီးတွေ သူ့ဆီ အလည်အပတ် ပြန်လာချိန်ကတော့ လင်ဒါရဲ့ဘဝမှာ အပျော်ဆုံးအချိန်ပါပဲ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top