ဝတ်ပြီးသားဂါဝန်ကို ပြန်လည်အသုံးပြုဝတ်ဆင်ကာ ပွဲတက်ရောက်ခဲ့တဲ့ မြို့စားကတော်ကိတ်

18-10-2021yyl03.png

ကိန်းဘရစ်ချ် မြို့စားမင်းသားဝီလျံ (Prince William)နဲ့ မြို့စားကတော် ကိတ် မစ်ဒယ်တန် (Kate Middleton) တို့ဟာ လန်ဒန်မြို့မှာ ကျင်းပတဲ့ Earthshot Prize Awards အခမ်းအနားကို အောက်တိုဘာ၁၇ ရက်နေ့က တက်ရောက်လာခဲ့ကြပါတယ်။ သရုပ်ဆောင် အမ်မာသွန်ဆမ် (Emma Thompson)၊ အမ်မာ ဝက်ဆင် (Emma Watson)၊ အဆိုတော် အက်ဒ်ရှီရန် (Ed Sheeran) အပါအဝင် အခြားအနုပညာရှင်တွေနဲ့အတူ မြို့စားနဲ့မြို့စားကတော်တို့က အခမ်းအနားရဲ့ Green Carpet ပေါ်လျှောက်လှမ်းခဲ့ကြပါတယ်။

ဒီအခမ်းအနားကတော့ ရာသီဉတုပြောင်းလဲမှုနဲ့ သမုဒ္ဒရာ၊ လေနဲ့ ကုန်းမြေတွေအပေါ် ခြိမ်းခြောက်မှုတွေရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းနေတဲ့ Winner (၅) ဉီးကို ဂုဏ်ပြုဖို့ဖြစ်ပါတယ်။ အဲဒီပွဲကို တက်ရောက်လာတဲ့ မြို့စားကတော်ကိုယ်တိုင်က အသုံးပြုလို့ရတဲ့ပစ္စည်းတွေကို ဘယ်လိုပြန်လည်အသုံးပြုရမလဲဆိုတာကို သက်သေပြလိုက်ပါတယ်။ မြို့စားကတော်ကိတ်က တစ်ခါဝတ်ဖူးပြီးသားဝတ်စုံကို ပြန်လည်အသုံးပြုဝတ်ဆင်လာခဲ့လို့ပါပဲ။

အဲဒီဝတ်စုံဟာ၂၀၁၁ခုနှစ်က BAFTAs ပွဲမှာ ကိတ် ဝတ်ဆင်ခဲ့တဲ့ Alexander Mc Queen တံဆိပ်ဂါဝန်ဖြစ်ပါတယ်။ အဲဒီတုန်းကတော့ ခါးပတ်က အဖြူရောင်ဖြစ်ပေမဲ့ အခုပွဲမှာတော့ ရွှေရောင်ခါးပတ်ကို ဝတ်ဆင်ထားပါတယ်။ ကိတ်ကို ပေါ့ပေါ့ပါးပါးစတိုင်နဲ့ လှပကြော့ရှင်းတဲ့အသွင်ဆောင်တဲ့သူအဖြစ် လူသိများပါတယ်။ အခုဆိုရင် ကိတ်က ဝတ်စုံတစ်ခုကို ရေရှည်အသုံးပြုဝတ်ဆင်တတ်တယ်ဆိုတာကိုလည်း မြင်တွေ့ရပါတယ်။ ဆံပင်စတိုင်ကလည်း သူ့ရဲ့အမှတ်အသားလို့ပြောလို့ရတဲ့ ထားနေကျ ဆံပင်အကောက်ပုံစံလေးပါပဲ။

မြို့စား မင်းသားဝီလျံကလည်း အနက်ရောင်လည်ထောင်အင်္ကျီပေါ်မှာမှ အစိမ်းရောင်ကတ္တီပါကုတ်အင်္ကျီကို ဝတ်ဆင်ထားပါတယ်။ မင်းသားဝီလျံနဲ့ကိတ်တို့က အခမ်းအနားရဲ့ရည်ရွယ်ချက်နဲ့ လိုက်ဖက်အောင် ဝတ်ဆင်ခဲ့ကြတယ်လို့ ဆိုရမှာပါပဲ။

Earthshot Prize Awards ရဲ့ ဆုရရှိသူတွေဟာ ကမ္ဘာမြေကြီးကို ပြန်လည်ပြုပြင်ဖို့ သူတို့ရဲ့တီထွင်မှုတွေကို ပံ့ပိုးကူညီဖို့ ရန်ပုံငွေအနေနဲ့ ပေါင် ၁ သန်း ချီးမြှင့်ခံခဲ့ရပါတယ်။ ဆုရရှိသူတွေထဲမှာ ဘဟားမားနိုင်ငံက Cora Vita လို့‌ခေါ်တဲ့ သန္တာကျောက်ထိန်းသိမ်းရေးပရောဂျက်တစ်ခု ဖန်တီးတဲ့ အမေရိကန်လူမျိုး ဆမ် တိုင်ချာ (Sam Teichar) နဲ့ ဂါတာ ဟယ်ပန် (Gator Halpern) တို့လည်း ပါဝင်ပါတယ်။

ဒီပွဲမှာ အဆိုတော် အက်ဒ်ရှီရန် (Ed Sheeran)၊ Coldplay နဲ့ ရှောင် မန်ဒက်စ် (Shawn Mendes) တို့လည်း ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။ အခမ်းအနားမပြီးခင်မင်းသားဝီလျံက နောက်နှစ် Earthshot Prize Awards ကို အမေရိကန်နိုင်ငံမှာ ကျင်းပသွားမယ်လို့လည်း ကြေညာခဲ့ပါတယ်။

Ref: ABCNews “Duchess Kate recycles Alexander McQueen gown for Earthshot Prize Awards green carpet”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top