တာဝန်ရှိချိန်မှာ တာဝန်သိသိစွမ်းဆောင်ခဲ့တဲ့ အမှုထမ်းကောင်းလေး ဟာရီကိန်း

yyl-9-9-010.jpg

ဟာရီကိန်း (Hurricane) ဆိုတဲ့ခွေးလေးက အမေရိကန်နိုင်ငံရဲ့ လျို့ဝှက်စစ်ဆင်ရေးတွေမှာ အရေးပါခဲ့တဲ့ အမှုထမ်းခွေးတစ်ကောင်ပါ။ လက်ရှိအချိန်မှာတော့ သူက တာဝန်ကနေအနားယူလိုက်ပါပြီ။ သူ့ကို လေကျင့်ထိန်းကျောင်းပေးသူကတော့ အရာရှိ မာရှယ် မီရာချီ ( Marshall Mirarchi) ဖြစ်ပါတယ်။ ၂၀၁၄ အောက်တိုဘာလတုန်းက ထူးခြားပြောင်မြောက်လှတဲ့ စွမ်းဆောင်မှုတစ်ခုကို ဟာရီကိန်းက ဆောင်ရွက်ခဲ့ဖူးပါတယ်။ အဲဒါကတော့ အမေရိကန်သမ္မတဟောင်း ဘားရက်ခ် အိုဘားမား (BarackါObama) နဲ့ မိသားစုဝင်တွေကို အိမ်ဖြူတော်ထဲ ချဉ်းနင်းဝင်ရောက်လာသူ တစ်ဉီးရဲ့ရန်ကနေ ကာကွယ်ပေးခဲ့တာပါပဲ။

အဲဒီလိုမျိုး အလေးအနက်ထား အသိအမှတ်ပြုလောက်စရာ စွမ်းဆောင်ခဲ့တဲ့သူ့ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာ ပြီးခဲ့တဲ့သောကြာနေ့က ဆုချီးမြှင့်ပွဲကျင်းပပြီး ပြန်လည်ဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။ အခုလိုဆုချီးမြှင့် ဂုဏ်ပြုခံခဲ့ရတဲ့အတွက် ဟာရီကိန်းဟာ ဆုပေးအပ်ခံရတဲ့ (၃၁) ကောင်မြောက် တိရိစ္ဆာန်အဖြစ်သာမကဘဲ ဆုပေးအပ်ဂုဏ်ပြုခံရတဲ့ ပထမဆုံးသော အမှုထမ်းခွေးအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါပြီ။

PDSA (People’s Dispensary for Sick Animals) ရဲ့ ဒါရိုက်တာ ယန် မက် လောက်ဖ်လင် (Jan McLoughlin) ကလည်း အိမ်ဖြူတော်ထဲကိုဝင်ရောက်ဖို့ ခိုးကြောင်ခိုးဝှက်ကြိုးစားနေတဲ့ လူတစ်‌‌ယောက်ကို ဟာရီကိန်းက တာဝန်ပေးမလာသေးခင်မှာပဲ တာဝန်တသိနဲ့တားဆီးခဲ့တာဖြစ်လို့ တကယ်ကိုအမှုထမ်းကောင်း ပီသတဲ့ဆောင်ရွက်မှု လို့ ချီးကျူးထောပနာပြုထားပါတယ်။ အိမ်ဖြူတော်ထဲကိုဝင်ရောက်ဖို့ ချဉ်းကပ်လာတဲ့လူက သူ့ကိုဟန့်တားခဲ့တဲ့ ဟာရီကိန်းကို ပြင်းပြင်းထန်ထန် ပြန်တိုက်ခိုက်ခဲ့သေးပြီး အဲဒါကိုမြင်နေရချိန်မှာ အတော်ကို စိတ်မကောင်းဖြစ်ခဲ့ရကြောင်း ဟာရီကိန်းကိုလေကျင့် ထိန်းကျောင်းသူ မီရာချီက ဖွင့်ဟပြောပြခဲ့ပါတယ်။

“သူက အရင်သွားဖြေရှင်းထားနိုင်ပြီဆိုတော့ ကျွန်တော်တို့ရောက်သွားချိန်မှာ ဘာမှတောင်ဖြေရှင်းဖို့မလိုတော့ဘူးလေ”
မီရာချီ (Mirachi) နဲ့ ဟာရီကိန်း (Hurricane) တို့ဟာ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်ထိ အတူတာဝန်ထမ်းဆောင်ခဲ့ကြတဲ့ တွဲဖက်တွေဖြစ်ကြပြီး အခု ဟာရီကိန်း တာဝန်ကနေအနားယူပြီး ချိန်မှာလည်း အတူတူဆက်လက် နေထိုင်ကြဆဲပဲဖြစ်ပါတယ်။

Ref: CGTN “U.S. service dog receives UK award for stopping White House intruder”
Lynn Thu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top