သတ္တဝါတစ်ခု ကံတစ်ခုမို့ မနှိပ်စက်မိစေဖို့

group-of-pets-PZY3ZLY.jpg

သင်အိမ်မွေးတိရစ္ဆာန်မွေးဖို့ စဉ်းစားနေတာလား။ သူများတွေ ခွေးလေး၊ ကြောင်လေးတွေ နဲ့ဓာတ်ပုံလှလှရိုက်ပြီးတင်တာကို အားကျနေတာလား။ ဒါမှမဟုတ် ရုပ်ရှင်ထဲကလို ကိုယ်ပြောသမျှ နားထောင်မယ့်၊ ဒုက္ခရောက်ရင် သခင်ကိုကယ်တင်မယ့် ခွေးလေးအကြောင်း စိတ်ကူးယဉ်နေမိလား။ ဒါဆို သူတို့ကို မမွေးခင် အောက်ကအချက်တွေ အရင်ဖတ်ကြည့်ပါဦး။

သူတို့အကြောင်းလေ့လာပြီးပြီလား

သင်မွေးမယ့် ခွေးအမျိုးအစားက တစ်နေ့ ကိုယ်လက်လှုပ်ရှား ဘယ်လောက်လုပ်ရမလဲဆိုတာရောသိလား။ ဘယ်အစားအစာတွေဟာ ဘယ်တိရစ္ဆာန်ကို ချက်ချင်းသေစေနိုင်လဲရော လေ့လာပြီးပြီလား။ အိမ်မွေးတိရစ္ဆာန် မမွေးခင် သူတို့နဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို အရင်ဆုံး ရှာဖတ်လိုက်ပါဦး။

သင် အိမ်ပိုင်လို့လား

သင်က ဆယ်ကျော်သက်ဖြစ်ပြီး အိမ်ကမိဘက တိရစ္ဆာန်မွေးတာ မကြိုက်တာဖြစ်ဖြစ်၊ ဒါမှမဟုတ် သင်က ယောက္ခမအိမ်မှာနေရတာဖြစ်ပြီး သင်ကလွဲရင် တစ်အိမ်လုံး တိရစ္ဆာန်မချစ်တာမျိုးဆိုရင်တော့ ဒီကိစ္စဟာ သင်ဦးစားပေးစဉ်းစားရမယ့် ကိစ္စဖြစ်ပါတယ်။ ကိုယ်မရှိတာနဲ့ ကိုယ့်ခွေးလေး၊ ကြောင်လေး နှိပ်စက်ခံရတာ၊ သူများပေးပစ်မယ် တကဲကဲလုပ်နေတာမျိုးဖြစ်နိုင်သလို ဒီလို စိတ်ယုတ်မာမရှိရင်တောင် သူတို့က ပိုင်ရှင်မဟုတ်တဲ့အတွက် သင်အလုပ်သွား၊ ကျောင်းသွားတုန်း အစာကျွေးဖို့မေ့တာ စတာတွေ ဖြစ်နိုင်ပါတယ်။ ကလေးမွေးတဲ့အခါ အမေတွေအဖေတွေ သူများ အကူအညီလိုအပ်သလို အိမ်မွေးတိရစ္ဆာန်မွေးရင်လည်း အကူအညီလိုလို့ ဒါကိုထည့်စဉ်းစားပါ။

သင် အနွံအတာခံနိုင်လား

သင်ခွေးမွေးထားရင် သူ့ကို အနည်းဆုံး မနက်တစ်ခါ၊ ညတစ်ခါတော့ လမ်းလျှောက်ကို လျှောက်ပေးရမယ်။ သင်ပေးလို့ရပေမဲ့ ငယ်စဉ်မှာတော့ ခွေးလေးကြောင်လေးတွေဟာ အိမ်ထဲမှာအပေါ့အပါးသွားတာ၊ အန်ချတာ၊ သင့်အိပ်ရာတွေပေါ်မှာမှဝမ်းသွားတာတွေ လုပ်ကောင်းလုပ်မိလိမ့်မယ်။ ညဘက်သန်းခေါင်ကျမှ ထဟောင်နေတာတို့၊ တညောင်ညောင်အော်နေတာတို့လည်း ရှိလိမ့်မယ်။ ဟမ်းစတားလို ယုန်လို အကောင်မျိုးလေးတွေဆို လှောင်ချိုင့် အချိန်မှန်ဆေးပေးရဦးမယ်။ ခရီးသွားရင် သူတို့လေးတွေကို ဘယ်မှာထားမလဲ?

ပိုက်ဆံတတ်နိုင်ရဲ့လား

“ဒီခွေးလေး ကျွန်တော့်ကိုပေးပါလားဗျာ။ မွေးချင်ပေမယ့် ပိုက်ဆံမတတ်နိုင်လို့ပါ” ဆိုတဲ့ မှတ်ချက်မျိုး သင်တွေ့ဖူးမှာပါ။ သိထားရမှာက ခွေးလေးတွေရဲ့ ဆေးကုသစရိတ်တွေ၊ အစာဖိုး တွေဟာ ဈေးကြီးပါတယ်။ တခြား ဗာဟီရတွေ မဝယ်တာတောင်မှ သူတို့အတွက် တကယ်လိုအပ်တဲ့ဆေး၊ အစာ၊ ရေချိုးဆပ်ပြာတွေဟာ ရေရှည်မှာ သူတို့ကိုဝယ်ဖို့အတွက်ပေးရတဲ့ ပိုက်ဆံထက်တောင်ပိုများပါသေးတယ်။ ပိုက်ဆံမသုံးချင်ရင် တိရစ္ဆာန်မမွေးတာ အကောင်းဆုံးပါပဲ။

တိရစ္တာန်ပေမဲ့ သူတို့မှာလည်းခံစားတတ်တဲ့ နှလုံးသားရှိပြီး သခင်ကို ခင်တွယ်တတ်လို့အစကတည်းက ကိုယ့်အခြေအနေမသေချာရင် မမွေးပါနဲ့။ သင်သူ့ကို စွန့်ပစ်လိုက်တဲ့အခါ သင့်မှာ အခက်အခဲရှိလို့ စွန့်ပစ်တာလို့သူ နားမလည်ပါဘူး။ သူသိတာ သူချစ်ရတဲ့သူက သူ့ကိုထားရစ်ခဲ့ပြီးတော့ အခုလောကကြီးအလယ်မှာ သူတစ်ယောက်တည်း ကျန်ခဲ့တယ်လို့ပဲ သိမှာပါ။

အစွန့်ပစ်ခံ၊ အပယ်ခံတော့ ဘယ်သူမှမဖြစ်ချင်ပါဘူး။ ကိုယ့်ပြုသည့်ကံ ကိုယ့်ထံပြန်လာခဲ့ရင် အကောင်းတွေချည်းပါပဲ။ ပြန်လာနိုင်အောင် တခြားသတ္တဝါတွေအပေါ်  ကြင်နာသနားသင့်ပါတယ်။

Elsa (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top