ကလေးငယ်တွေကို မရိုက်နှက်ဘဲ ထိန်းသိမ်း ကြပ်မတ်နည်းများ

yyl-020.jpg

မိဘအများအပြားက လက် သို့မဟုတ် တုတ်နဲ့ ရိုက်ခြင်းဟာ ကလေးငယ်များရဲ့ မလိုလားအပ်တဲ့အပြုအမူတွေကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပြီး ကလေးငယ်အချင်းချင်းအကြားမှာ မဖြစ်စေချင်တဲ့ အပြုအမူတွေကို ပြုလုပ်တဲ့အခါ အပြစ်ပေးခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့  ထင်တတ်ကြပါတယ်။ ကလေးငယ်ကို ရိုက်နှက်ခြင်းဟာ ဆုံးမ သွန်သင်ရာမှာ ထိရောက်မှုရှိတဲ့နည်းလမ်းမျိုး

မဟုတ်ပါဘူး။ ရိုက်နှက်ခြင်း၊ တုတ်နဲ့ရိုက်ခြင်း၊ ထုရိုက်ခြင်း၊ ဆိတ်ဆွဲခြင်း၊ ထိုးခြင်း အစရှိတဲ့နည်းလမ်းတွေဟာ အကြမ်းဖက်ခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်းလို့သာ ခေါ်နိုင်ပါတယ်။

တချို့ကလေးတွေက ဒီလိုနှိပ်စက်ညှဉ်းပမ်းတာတွေကို ကြောက်ရွံ့တတ်ကြပါတယ်။ ဒါကို မိဘတွေက ဒီနည်းလမ်းက အဆင်ပြေတယ်၊ အလုပ်ဖြစ်တယ်လို့ ထင်မှတ်မှားနေကြပုံပေါ်ပါတယ်။ ဒီလိုရုပ်ပိုင်းဆိုင်ရာ အပြစ်ပေးခြင်းကနေ ကလေးငယ် သင်ယူနိုင်မယ့်အချက်ကတော့ အကြမ်းဖက်ခြင်းဟာ ပြဿနာတစ်ရပ်ဖြေရှင်းရာမှာ လက်ခံနိုင်ဖွယ် နည်းလမ်းတစ်ရပ်ဖြစ်တယ်လို့ ကလေးငယ်က ထင်သွားစေနိုင်တာ ဖြစ်ပါတယ်။

တချို့ကလေးတွေမှာ ဒီလိုရုပ်ပိုင်းဆိုင်ရာ အပြစ်ပေးခံရတာ သူတို့အတွက် ကျင့်သားရသွားပြီးတဲ့နောက် ဒီလိုအပြစ်ပေးခံရတာဟာ သူတို့အတွက် ဘာမှမဟုတ်တော့သလို ဖြစ်လာပါတော့တယ်။ တချို့ကလေးတွေကတော့ ဆုံးမစကားကို မနာခံဘဲ ပြန်လည် ချေပ ပုန်ကန်တတ်တာမျိုးတွေ ဖြစ်လာပြီး ဒီလိုကြမ်းတမ်းတဲ့ ဆက်ဆံမှုကို ဆန့်ကျင်တတ်ကြပါတယ်။ တစ်ခါတစ်လေမှာ မိဘတွေက ရိုက်နှက်အပြစ်ပေးတာကြောင့် ကလေးငယ်တွေမှာ ကိုယ်ရောစိတ်ပါ ပြင်းထန်တဲ့ ထိခိုက်ပျက်စီးမှုတွေ ဖြစ်သွားစေပါတယ်။

အရွယ်ရောက်သူ တစ်ယောက်အနေနဲ့ စဉ်းစားကြည့်လိုက်ပါ။ ကိုယ့်ရဲ့အပြုအမူ မှန်မှန်ကန်ကန်ရှိစေဖို့အတွက်နဲ့ ကိုယ့်ကို ရိုက်နှက်ဆုံးမဖို့ တစ်ယောက်ယောက်က ကြိုးပမ်းလာခဲ့ရင် ကိုယ်ဘယ်လိုခံစားရမလဲဆိုတာ စဉ်းစားကြည့်ပါ။ ဒီလိုပဲ ကလေးငယ်လည်း ခံစားရလိမ့်မယ်လို့ တွေးကြည့်ဖူးပါသလား?

ကလေးငယ်ကို ထိန်းသိမ်းကြပ်မတ်ပေးတာ၊ လမ်းညွှန်ပြသပေးတာဟာ ကလေးငယ်ကို အပြစ်ပေးရိုက်နှက်ခြင်း မဟုတ်ပါဘူး။ မိဘတွေက ကလေးငယ်ကို သင်ယူစေချင်တဲ့၊ လက်ခံနိုင်စရာ အပြုအမူနဲ့ပတ်သက်တဲ့ သင်ခန်းစာတွေကို သင်ပြပေးဖို့အတွက် နည်းလမ်းအမျိုးမျိုးရှိပါတယ်။

ပထမအချက် – ကလေးအတွက် မှန်ကန်တဲ့ စံနမူနာချမှတ်ပါ။ ကလေးငယ်လေးတွေကို နမူနာနဲ့ သင်ယူစေပါ။ ကလေးငယ်က မိဘတွေကို စောင့်ကြည့်ပြီး မိဘတွေလုပ်သလို လိုက်လုပ်တတ်ကြပါတယ်။ မိဘတွေက စည်းကမ်းတွေချမှတ်ထားရင် အဲဒီစည်းကမ်းတွေကို မိဘတွေကလည်း လိုက်နာရပါမယ်။ ကိုယ့်ရဲ့ကလေးငယ်ကို ပြောဆို သုံးနှုန်းစေချင်တဲ့ ပြုမူစေချင်တဲ့ အသုံးအနှုန်း၊ အပြုအမူမျိုးကို ကိုယ်ကပြောဆိုသုံးနှုန်းရမယ်။

ဒုတိယအချက် – မိသားစုအတွက် မိဘတွေက ချမှတ်ထားစည်းကမ်းများမှ ကလေးတွေကို ပါဝင်ကူညီစေပါ။ ဘယ်လိုအရာမျိုးဟာ လက်ခံလို့မရနိုင်တာ၊ စည်းကမ်းတွေကို ချိုးဖောက်တဲ့အခါ ဘယ်လိုအရာတွေ လုပ်ဆောင်သင့်တယ်ဆိုတာတွေကို ဆုံးဖြတ်ရာမှာ ကလေးတွေကို ပါဝင်စေပါ။ ဒီလိုပါဝင်ခြင်းကြောင့် ဘယ်လိုအပြုအမူမျိုး လုပ်ဆောင်ဖို့ လိုအပ်တယ်ဆိုတာ သူတို့ ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်လာပါလိမ့်မယ်။

တတိယအချက် – ကလေးငယ်က တစ်ခုခုအမှားလုပ်ရင် အချိန်ခဏတဖြုတ်ပေးလိုက်ပါ။ ဆိုလိုတာက လူတွေအနားမှာမဟုတ်ဘဲ တိတ်ဆိတ်တဲ့နေရာတစ်ခုမှာ သူတို့ကို ပေးထိုင်ပါ။ သူ့ရဲ့အပြုအမူနဲ့ ပတ်သက်ပြီး အေးအေးဆေးဆေး စဉ်းစားဖို့ အချိန်ပေးလိုက်ပါ။ အဲဒါပြီးရင်တော့ ပြဿနာအကြောင်းကို ကလေးငယ်နဲ့ ဆွေးနွေးပါ။

စတုတ္ထအချက် – တကယ်လို့ ကလေးငယ်က ဆိုးသွမ်းတဲ့အပြုအမူတစ်ခုခုလုပ်ခဲ့ရင် သူကြိုက်နှစ်သက်တဲ့ အရာတစ်ခုခု ယူသွားလိုက်ပါ။ ကလေးရဲ့အကြိုက်ဆုံး အရုပ်တစ်ခု ဒါမှမဟုတ် မုန့်တစ်ခုခုကို ယူသွားတာတို့၊ အချိန်ကာလတစ်ခုအထိ သူငယ်ချင်းတွေနဲ့ ဆော့ကစားခွင့်မပြုခြင်းတို့ ပြုလုပ်နိုင်ပါတယ်။ ပြီးရင် သူ့အပြုအမူနဲ့ပတ်သက်ပြီး ကလေးငယ်နဲ့ ဆွေးနွေးပြောဆိုဖို့လည်း အရေးကြီးပါတယ်။ ဘယ်လိုအရာမျိုးကို လက်ခံနိုင်တယ်၊ ဘာကြောင့်လက်ခံရသလဲဆိုတာမျိုးတွေကို တိုက်တွန်းပြောဆိုပေးရပါမယ်။

ပဥ္စမအချက် – ကလေးငယ်က ကောင်းမွန်တာတစ်ခုခု လုပ်ဆောင်ရာမှာ ချီးကျူးစကားပြောပါ။ လက်သင့်ခံဖွယ် အပြုအမူအတွက် ချီးကျူးစကားဆိုပြီး ကလေးငယ်ရဲ့ ဒီလိုအပြုအမူကြောင့် မိဘဖြစ်သူဟာ ဘယ်လောက်တောင် ဂုဏ်ယူဝမ်းသာရတယ်ဆိုတာကို ကလေးငယ်ကို ပြောပြပါ။ ကလေးငယ် လုံခြုံစိတ်ချရမှုနဲ့ ယုံကြည်မှုတွေတည်ဆောက်ဖို့ အထောက်အကူပေးနိုင်မယ့် များစွာသော ချစ်ခြင်းမေတ္တာတွေကို ကလေးငယ်တွေကို ပြသပေးပါ။ ကိုယ့်မိဘကို ယုံကြည်မှုမရှိတဲ့ ကလေးငယ်တစ်ဦး ဒါမှမဟုတ် မိဘတွေနဲ့ လွတ်လပ်စွာ ပြောဆိုဆွေးနွေးဖို့ ယုံကြည်မှုမရှိတဲ့ ကလေးငယ်ဟာ ကိုင်တွယ်ဆက်ဆံရ ခက်ခဲနိုင်ပါတယ်။

ဆဌမအချက် – ကလေးငယ်နဲ့အတူ အချိန်ကုန်ဆုံးပါ။ သူတို့နဲ့ ဆက်သွယ်စကားပြောပါ။ ကလေးငယ်တွေရဲ့ ပြဿနာတွေကို ကြိုးစားရှာဖွေပါ။ ကိုယ့်ကို လွတ်လပ်စွာစကားပြောဖို့ တိုက်တွန်းပြောဆိုပါ။

သတ္တမအချက် – မိဘအုပ်ထိန်းခြင်းဟာ စိန်ခေါ်မှုတစ်ရပ်ဖြစ်တယ်လို့ ခံစားရရင် သင့်ကလေးငယ်အတွက် ထိန်းသိမ်းကြပ်မတ်မှု မပြုလုပ်နိုင်ဘူးဆိုရင် အကူအညီ ရှာဖွေပါ။ သင့်ကလေးငယ်နဲ့အတူ သင့်ကိုအဆင်ပြေစေအောင် ကူညီပေးနိုင်တဲ့ အကြံပေးပုဂ္ဂိုလ်တွေ၊ ဆရာမတွေနဲ့ လူမှုဝန်ထမ်းတွေ များစွာရှိပါတယ်။ မတတ်သာလို့ ရိုက်နှက်တာတွေ မလုပ်ပါနဲ့။ ပြဿနာအတွက် ထိရောက်တဲ့အဖြေတွေ ရှိနေတယ် ဆိုတာ သတိရစေချင်ပါတယ်။

 

Ref : Knowledge : Disciplining Your Child Without Beating

Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top