ကိုယ်ပိုင်စာသင်ကျောင်းလေး တည်ထောင်ခဲ့တဲ့ (၁၂) နှစ်အရွယ်ကောင်လေး

bb0.jpg

နီကာနော် ကွင်တာရိုစ် (Nicanor Quinteros) အမည်ရတဲ့ကောင်လေးက အခြားသက်တူရွယ်တူကောင်လေးတွေလိုပဲ သာမန်ကောင်လေးတစ်ယောက်ပါပဲ။ သူ့ရဲ့အဘွား ရာမွန်နာ (Ramona)နဲ့ နေထိုင်တယ်။ ကျောင်းသွားတယ်။ နွားနို့နဲ့ ကွတ်ကီးစားရတာ ကြိုက်တယ်။ သူက အခြားကလေးတွေ စာသင်ကြားနိုင်ဖို့အတွက် ကိုယ်ပိုင်ကျောင်းလေး တည်ထောင်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာတစ်ခုသာမရှိရင် သူဟာ အခြားကလေးတွေနဲ့ မထူးမခြားနားပါပဲ။ ဒါကြောင့် ကိုယ်ပိုင်ကျောင်းလေး တည်ထောင်ခဲ့တဲ့ နီကာနော်အကြောင်းလေးကို စာဖတ်ပရိသတ်တွေကို မျှဝေပေးပါရစေ..။

နီကာနော်က အသက် (၉) နှစ်အရွယ်မှာ သူတို့ရဲ့အိမ်ဘေးမှာ စာသင်ကျောင်းတစ်ခု ဆောက်မလားလို့ သူ့ရဲ့အဘွားကို သူက မေးခဲ့ပါတယ်။ သူ့ရဲ့ ပတ်ဝန်းကျင်က ကလေးတချို့က ယာဉ်စီးခပေးဖို့ ပိုက်ဆံမရှိတဲ့အတွက်၊ လမ်းလျှောက်သွားဖို့တောင် ဖိနပ်မရှိတဲ့အတွက်၊ တချို့က အိမ်ခြေရာမဲ့ဖြစ်တဲ့အတွက် ကျောင်းမတတ်နိုင်ကြပါဘူး။ နီကာနော်ရဲ့အဘွားက ဝမ်းမြောက်ဝမ်းသာနဲ့ပဲ သူ့ရဲ့အကြံဉာဏ်ကို သဘောတူလက်ခံခဲ့ပြီး အကောင်အထည်ဖော်ဖို့ အတူတူစတင်ခဲ့ပါတယ်။

သူ့ရဲ့ အိမ်နောက်ဖေးကွက်လပ်မှာ နီကာကော်နဲ့ သူ့ရဲ့အဘွားတို့က “Patria y Unidad” လို့အမည်ရတဲ့စာသင်ကျောင်းတစ်ခုကို ဆောက်လုပ်ခဲ့ပါတယ်။ သူတို့က စာသင်ခန်းတွေ ဖန်တီးဖို့အတွက် တုတ်ချောင်းတွေ၊ ကင်းဗတ်စတွေကို အသုံးပြုခဲ့ပြီး ထိုင်ခုံတွေအဖြစ် သစ်သီးစက္ကူဘူးတွေကို အသုံးပြုခဲ့သလို မှတ်စုစာအုပ်ရဲ့စာရွက်တွေကို ပြန်အသုံးပြုခဲ့ပါတယ်။ ဒါမှ ကျောင်းသားတွေ စာရေးနိုင်၊ သင်ယူနိုင်မှာဖြစ်ပါတယ်။

အဲဒီကတည်းကစခဲ့တာ သူ့ရဲ့ကိုယ်ပိုင်စာသင်ကျောင်းလေးက (၄) နှစ်ရှိသွားပါပြီ။ အိမ်နီးနားချင်းတွေ၊ ကြင်နာတတ်တဲ့လူတွေရဲ့အကူအညီနဲ့ နီကာကော်က နောက်ထပ်စာသင်ခန်း (၂) ခန်း၊ အံဆွဲတွေ၊ ဘလက်ဘုတ်တွေ၊ အသေးစားစာကြည့်တိုက်လေးတစ်ခု၊ ကျောင်းတက် ကျောင်းဆင်းကို အချက်ပေးဖို့ ခေါင်းလောင်းလေးတွေရှိလာခဲ့ပါပြီ။ ဆရာတချို့ကတော့ သူ့ရဲ့ကျောင်းနေဖက်သူငယ်ချင်းတွေဖြစ်ပြီး နီကာကော်မှာ သူ့ရဲ့ကိုယ်ပိုင်ကျောင်းအုပ်ရုံးခန်းတောင် ရှိပါတယ်။

ကလေးတွေက ကျောင်းစာကို သင်ယူလိုစိတ်ရှိပြီး သူတို့ ကျောင်းရောက်တာ နီကာနော်သိစေဖို့အတွက် ကျောင်းအုပ်ရုံးခန်းတံခါးကို အမြဲတမ်း ခေါက်လေ့ရှိပါတယ်။ အခုဆိုရင် ကျောင်းသားဦးရေ (၃၆) ယောက်ရှိပါပြီ။

နီကာကော်ရဲ့ အရည်အချင်းတွေ၊ မွန်မြတ်တဲ့စိတ်ထားလေးက ဒီမှာတင် ရပ်မသွားပါဘူး။ သူဟာ သူ့ရဲ့ကျောင်းရောက်ဖို့အတွက်  (၄) ကီလိုမီတာကို စက်ဘီးနဲ့ သွားရပါတယ်။ သူဟာ ကလေးတွေ စာလေ့လာသင်ယူနိုင်ဖို့အတွက် အကောင်းဆုံးကြိုးစားလုပ်ဆောင်ပါတယ်။ တစ်ခါတရံ ပုံမှန်စာသင်ချိန်တွေကို မတက်ရောက်နိုင်တဲ့သူတွေအတွက် ညဘက်တွေတောင် စာသင်ပေးပါတယ်။ ကျောင်းသားတွေအတွက် လက်ဖက်ရည်နဲ့ ကွတ်ကီးတွေ ကျွေးမွေးနိုင်ဖို့ သူ့ရဲ့မုန့်ဖိုးထဲကနေ ပိုက်ဆံတွေ စုထားတတ်ပါတယ်။

ဆန် ဂျူအန်မြို့ရဲ့အစိုးရက နီကာကော်ကို သွားတွေ့ဆုံတဲ့အခါ “ပေါ်စီတိုပြည်နယ်မှာ ဟီးရိုးတစ်ယောက်ရှိတာကို ကျွန်တော်တို့ မယုံနိုင်ဖြစ်မိပါတယ်”လို့ ပြောခဲ့ပါတယ်။ သူတို့ပြောတာမှန်ပါတယ်။ နီကာကော် ကွင်တာရိုစ်က အာဂျင်တီးနားမှ လူတွေတင်သာမက တစ်ကမ္ဘာလုံးက လူတွေကိုပါ စံနမူနာယူထိုက်စေပါတယ်။

Ref: Brightside “Meet a 12-Year-Old Boy Who Founded His Own Private School for Children in Need”
WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top