ဒါတွေမစစ်ဘဲ ကွန်ပျူတာဝယ်မိရင် မှားသွားနိုင်တယ်

it1.jpg

ကွန်ပျူတာတစ်လုံးဝယ်တယ်ဆိုတဲ့ကိစ္စက လွယ်မယောင်နဲ့ ခက်ပါတယ်။ အရွေးမှားသွားရင် နောက်ပိုင်းမှာ အတော်လေးဒုက္ခရောက်ပြီး ဗျာများရတော့တာပါပဲ။ ကဲ..ဒါကြောင့် မှန်းထားတဲ့ငွေပမာဏနဲ့ အဆင်ပြေဆုံးကွန်ပျူတာအသစ်တစ်လုံး ဝယ်နိုင်ဖို့ ဒီအချက်လေးတွေ အရင်စစ်သင့်ပါတယ်။

၁။ ပထမဆုံးခြေလှမ်းကတော့ ကိုယ်က Laptop ဝယ်မှာလား (သို့) Desktop ဝယ်မှာလားဆိုတာပါပဲ။ ရွေးချယ်မှုပေါ်မူတည်ပြီး ကုန်ကျမယ့်ငွေနဲ့ရနိုင်မယ့်အကျိုးကျေးဇူးတွေကလည်း ကွာခြားသွားပါလိမ့်မယ်။ ဥပမာပြောရရင် ပါဝင်တဲ့အရည်အသွေး၊စွမ်းဆောင်ရည်တွေ တူညီနေတဲ့အချိန်မှာ Desktop တွေက Laptop တွေထက် ဈေးပိုသက်သာနေတတ်တာပါပဲ။ ဒါကြောင့် ကွန်ပျူတာကို အပြင်သယ်စရာကိစ္စမရှိဘူးဆိုရင်တော့ Desktop ဝယ်ဖို့ အကြံပြုချင်ပါတယ်။

၂။ ဒုတိယကတော့ Processor ပါ။ Processor ဆိုတာ ကွန်ပျူတာရဲ့ ဦးနှောက်လို့တောင် တင်စားလို့ရတာမို့ စစ်ဆေးသင့်တဲ့အရေးကြီးဆုံးအချက်ပါ။ ကိုယ်က အလုပ်မြန်မြန်လုပ်တတ်သူမျိုး၊ စောင့်ရတာ၊နှေးကွေးတာကို စိတ်မရှည်တတ်သူမျိုးဆိုရင်တော့ Processor ကောင်းကောင်းကို ရွေးဝယ်သင့်ပါတယ်။ ဒါကြောင့် Processor ရဲ့ Cores နဲ့ မြန်နှုန်းကို စစ်ကြည့်ပါ။ Multiple cores တွေက အလုပ်အများကြီးကို တစ်ပြိုင်တည်း လုပ်ဆောင်နိုင်ပါတယ်။

၃။ နောက်ထပ်အရေးကြီးတာက RAM ပါ။ RAM က ကွန်ပျူတာ တကယ်အလုပ်လုပ်ပေးနိုင်တဲ့ပမဏနဲ့ မြန်နှုန်းတွေကို သတ်မှတ်ပေးပါတယ်။ RAM ကောင်းတာလေး ရွေးဝယ်ဖို့မမေ့ပါနဲ့။

၄။ Hard drive ရဲ့ အရေးပါမှုကိုလည်း ချန်ခဲ့လို့မရပါဘူး။ ကွန်ပျူတာတိုင်းမှာ RAM လိုပဲ သိုလှောင်မှုပမာဏကလည်း အရေးကြီးပါတယ်။ ကိုယ်ဘယ်လိုသုံးတယ်ဆိုတာပေါ်မူတည်ပြီး သင့်တော်မယ့် သိုလှောင်မှုပမာဏကို ရွေးချယ်ပေးပါ။ ကိုယ်က ကွန်ပျူတာထဲမှာပဲ ရုပ်ရှင်တွေ၊ပုံတွေ၊အပ်ပလီကေးရှင်းတွေ အများကြီးထည့်ချင်တဲ့သူဆိုရင်တော့ သိုလှောင်မှုပမာဏများတာကို ရွေးရပါမယ်။

၅။ ဆက်စပ်ပစ္စည်းတွေအတွက်လည်း တွေးပေးရပါမယ်။ ကိုယ်က ကွန်ပျူတာမှာ USB များများတပ်မယ့်သူလား၊ ပရိုဂျက်တာတပ်မယ့်သူလား အစရှိသဖြင့် လိုအပ်မယ့်အပေါက်တွေ ပါဝင်လားဆိုတာ မဝယ်ခင် အရင်စစ်ဆေးသင့်ပါတယ်။ ဥပမာ – HDMI အပေါက်၊ USB အပေါက်၊ SD ကတ်အပေါက်။ သြော်.. ဒါနဲ့ Laptop ဝယ်မယ့်သူဆိုရင်တော့ ကီးဘုတ်ရဲ့စွမ်းဆောင်ရည်ကိုပါ စစ်ဆေးသင့်ပါတယ်။

၆။ ကိုယ်သုံးမယ့် Operating System ကို အသင့်ထည့်သွင်းပေးထားတာမျိုးကို ရွေးချယ်ဝယ်ယူမယ်ဆိုရင်တော့ အလုပ်မရှုပ်တော့ဘူးပေါ့။ ဒီနေရာမှာ ကိုယ်အသားကျပြီး အကျွမ်းတဝင်ရှိတဲ့ Operating System ကိုသာ ရွေးချယ်စေချင်ပါတယ်။ Operating System အသစ်ကို အသားကျဖို့က အချိန်တော်တော်ကုန်ပါတယ်။

၇။ Graphic card ရဲ့ လုပ်ဆောင်မှုကိုလည်း စစ်ဆေးရပါမယ်။ ခုနောက်ပိုင်း Laptop တွေမှာ AMD တို့၊NVIDIA တို့ အစရှိသဖြင့် စတစ်ကာလေးတွေကပ်ထားတာကို သတိထားမိကြမယ်ထင်ပါတယ်။ တစ်ခါတလေ ကပ်ထားတဲ့စတစ်ကာအတိုင်း စက်ထဲမပါတာမျိုးလည်း ဖြစ်နေတတ်တာမို့ သတိထား စစ်ဆေးကြည့်ဖို့ အကြံပြုချင်ပါတယ်။

၈။ နောက်ဆုံးအဆင့်ကတော့ ငွေပေးချေတဲ့အချိန်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ငွေမချေခင် နောက်ဆုံးအနေနဲ့ ကိုယ်လိုအပ်တာတွေပါရဲ့လား၊ ဝယ်ဖို့သင့်တော်ရဲ့လားဆိုတာကို တစ်ခေါက်လောက် ထပ်စဉ်းစား၊စစ်ဆေးစေချင်ပါတယ်။

ကဲ..ဒီအချက်လေးတွေ စစ်ကြည့်ပြီးရင်တော့ သင့်တော်တဲ့ကွန်ပျူတာတစ်လုံးကို ရွေးချယ်ဝယ်ယူနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ အချိန်လည်းသိပ်မပေးရတာမို့ ဒါလေးတွေ စစ်ကြည့်ဖို့ကို အကြုံပြုချင်ပါတယ်။ ရိုးရာလေးပရိသတ်ကြီး အကောင်းဆုံးသောပစ္စည်းတွေ ရယူပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း နိဂုံးချုပ်လိုက်ရပါတယ်။

Scarlett (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top