နေရဲ့ အလင်းရောင်အကြောင်း

45459888_1411806548951087_5060390516084965376_n.jpg

ဒီနေ့ခေတ်လူသားတွေရဲ့သိမြင်နိုင်မှုအရ အလင်းဟာ အမြန်ဆုံးအရာဖြစ်ပြီး စကြဝဠာကြီးထဲမှာ အရာရာဟာ အချင်းချင်းဝေးကွာလွန်းတာကြောင့် အကွာအဝေးယူနစ်ကို အလင်းရဲ့ အလျင်နဲ့ မှတ်သားတိုင်းထွာကြရပါတယ်။ နေအဖွဲ့အစည်းထဲက ဂြိုဟ်တွေတစ်ခုနဲ့တစ်ခုကိုလည်း အလင်းရဲ့ အလျင်နဲ့ မိနစ်ပိုင်းအတွင်း သွားလာနိုင်ပါလိမ့်မယ်။ (ချွင်းချက်အနေနဲ့ ယခုအချိန်မှာ နေအဖွဲ့အစည်းထဲက ဖယ်ထုတ်လိုက်ပြီဖြစ်တဲ့ အပြင်ဘက်အကျဆုံး ပတ်လမ်းပေါ်က ပလူတိုဂြိုလ်ဟာ နေက ကြည့်လျင် အလင်းရဲ့ ၅ နာရီစာ ခရီးသွားရမယ့် အကွာအဝေးမှာ ရှိနေပါတယ်)

ဒါပေမဲ့ ကျွန်တော်တို့ သတိမပြုမိတဲ့ အချက်က ကျွန်တော်တို့ ကမ္ဘာပေါ်ကို ကျရောက်နေတဲ့အလင်းရောင်ဟာ နေရဲ့ အလယ်ဗဟိုကနေ လွန်ခဲ့တဲ့နှစ်ပေါင်း သန်း ၅၀ လောက်က ထုတ်လွှတ်ထားခဲ့တဲ့ အလင်းရောင် ဖြစ်နေနိုင်တယ်ဆိုတာပါပဲ။

အလင်းဟာ တစ်စက္ကန့် မှာ ၁၈၆,၃၈၈ မိုင် ခရီးသွားနိုင်ပြီး ကမ္ဘာကတော့ နေမှ ( ၉၂.၉၆ သန်း) မ်ိုင် ကွာဝေးတာကြောင့် ကိန်းဂဏန်းတွေအရတော့ နေကလာတဲ့အလင်းဟာ ကျွန်တော်တို့ဆီကိုရောက်ဖို့ ၈.၃၁ မိနစ် ကြာမြင့်မှာဖြစ်ပါတယ်။ ဒါဆိုရင် ကျွန်တော်တို့ရဲ့ နေမင်းကြီး ရုတ်တရက် ကွယ်ပျောက်သွားခဲ့ရင်တောင် ကျွန်တော်တို့ဟာ သူရဲ့ အလင်းရောင်တွေကို ၈ မိနစ်ခန့်တော့ ဆက်လက်ရရှိနေဦးမယ်ဆိုတဲ့ သဘောလား? တကယ်တမ်းမှာတော့ နေမင်းကြီးအနေနဲ့ ရုတ်တရက်ကွယ်ပျောက်သွားခဲ့ရင်တောင်မှ သူရဲ့အလင်းလှိုင်းတွေဟာ နောက်ထပ်နှစ်ပေါင်း ၁ သန်းခန့် ဆက်လက်တည်ရှိနေဖွယ်ရာ ရှိပါတယ်။

နေရဲ့ အချင်းဝက်ဟာ ၄၃၂,၀၀၀ မိုင်ရှိတာကြောင့်အလင်းဟာ နေရဲ့ဗဟိုကနေ မျက်နှာပြင်ကိုရောက်ဖို့ ၂ စက္ကန့် ကျော်ကျော်လေးသာ ကြာပါလိမ့်မယ်။ ဒါပေမဲ့ နေလုံးကြီးထဲက အလင်းရဲ့အမှုန်တွေ (အလင်းဟာ လှိုင်းအနေနဲ့ရော အမှူန်အနေနဲ့ပါ ခရီးသွားတာဖြစ်) ဒီလိုရိုးရှင်းစွာ ဖြစ်ပျက်ပြုမူနေတာ မဟုတ်ပါဘူး။ သူတို့ရဲ့ သွားလာပုံဟာ ”အမူးသမားလမ်းလျှောက်” သလို ထူးထူးဆန်းဆန်းနိုင်လှပါတယ်။ လက်တွေ့လောကမှာ အရက် အမူးလွန်နေတဲ့လူတစ်ယောက်လို ဟိုနေရာလမ်းမီးတိုင်လေးမှာ ခဏနားလိုက်၊ နည်းနည်းဆက်လျှောက်လိုက်၊ ဒီနားက လမ်းမီ်းတိုင်မှာ မှောက်လဲသွားလိုက်၊ ပြန်ထလိုက်၊ ဆက်လျှောက်လိုက်နဲ့ ဦးတည်ရာလမ်းကြောင်းကလည်း မကြာခဏ မှားပြီး ဟိုရောက်လိုက်၊ ဒီရောက်လိုက် ဖြစ်နေသလိုပါပဲ။ အလင်းရဲ့ အမှုန်ကလေးတွေဟာလည်း ဒီလိုပုံစံနဲ့ နေရဲ့ဗဟိုကနေ မျက်နှာပြင်ပေါ်ကို သွားကြရတာပါ။

ဒါတွေအကုန်လုံးရဲ့အစက နေရဲ့ အလယ်ဗဟိုမှာ သန်းပေါင်းများစွာသော ဟိုက်ဒရိုဂျင်အက်တမ်တွေက ဟီလီယမ်ဖြစ်လာဖို့ အချင်းချင်း ပေါင်းစည်းရာကနေ စပါတယ်။ ဒီဖြစ်စဉ်ကနေ အမှုန်အမျိုးအစား ၂ ခုကို ထုတ်ပေးပါတယ်။ တစ်ခုက နျူထရီးနို့စ် (Neutrinos) လို့ခေါ်တဲ့ ရုပ်ပိုင်းဆိုင်ရာအရ တခြားအရာတွေနဲ့ ဓာတ်ပြုနိုင်ခဲ (barely interact) တဲ့အမှုန်နဲ့ ဂမ်မာရောင်ခြည် (Gamma ray) လို့ခေါ်တဲ့ စွမ်းအင်မြင့်မားပြီး အခြားအရာတွေနဲ့ လွယ်လွယ်ကူကူ ကြီးမားစွာ ဓာတ်ပြုနိုင်တဲ့အမှုန် ဖြစ်ပါတယ်။ ဒီအခါမှာ နျူထရီးနို့စ်တွေက နေဆီက အလွယ်တကူ ထွက်လာနိုင်ပေမဲ့ ဂမ်မာရောင်ခြည်တွေက အခြားတစ်ခုခုနဲ့ ထိခိုက်မိ (ဓာတ်ပြုမိ) တိုင်းမှာ ဒီ နျူထရီးနို့စ်တွေဟာ ပြန်လည်စုပ်ယူခဲ့ရပြီးတော့ နောက်တစ်ဖန် ပြန်လည် ထုတ်လွှတ်ခြင်း ခံရပါတယ်။

ဒါကြောင့် အမှုန်တစ်ခုဟာ နေရဲ့ဗဟိုကနေ မျက်နှာပြင်ပေါ်ကို ရောက်ရှိလာဖ်ို့ နှစ်ပေါင်း ၁ သောင်းခန့်ကနေ နှစ်ပေါင်းသန်း ၅၀ ခန့်အထိ တိတိကျကျ မရှိပဲ ကြာမြင့်နိုင်ပါတယ်။ ဒါဟာ ”အမူးသမား လမ်းလျှောက်” သကဲ့သို့ပါပဲ။ ဘယ်ချိန်အိမ်ပြန်ရောက်မယ်မှန်း မရောသလိုပါပဲ။ ကျွန်တော်တို့ဆီကို ဘယ်ချိန်ရောက်လာမလဲဆိုတာ ခန့်မှန်းရ ခက်လှပါတယ်။ ဒါ့အပြင် ဒီကိန်းဂဏန်း တွေကို တွက်ချက်ရတာ အင်မတန် ရှုပ်ထွေးပြီး ခက်ခဲလှပါတယ်။ အမှုန်လေးတွေရဲ့ အကွာအဝေးတွေကို အနည်းငယ်တွက်ချက်မှု မှားတာနဲ့ ရောက်ရှိလာမယ့် အကွာအဝေး တွေဟာလည်း ပြောင်းလဲကုန်မှာပါ။ အဲဒီတော့ နေဗဟိုလ်ချက်ရဲ့ သိပ်ဆည်းဆ စတာတွေကို သေချာမသိနိုင်သေးသရွေ့တော့ သေချာတဲ့ အဖြေကို ရှာနိုင်မှာ မဟုတ်သေးပါဘူး။

နေရဲ့ အလင်းရောင်ဟာ ကျွန်တော်တို့ ကမ္ဘာအတွက် အင်မတန်အရေးကြီးလှပါတယ်။ နေအလင်းရောင်သာမရှိရင် အရာအားလုံးဟာ အေးခဲပြီး သေဆုံးကုန်မှာပါ။ အပင်တွေဟာ ဖိုတိုဆင်းသဆစ် (Photosynthesis) (နေရောင်ခြည်ဖြင့် အစာချက်လုပ်နည်း) ကို လုပ်နိုင်မှာ မဟုတ်တာကြောင့် အောက်ဆီဂျင်ကို ထုတ်လွှတ်မပေးနိုင်ပါဘူး။ ရေတွေဟာလည်း အကုန်လုံးခဲနေမှာ ဖြစ်တာကြောင့် သောက်စရာ ရေလည်း မရှိနိုင်ပါဘူး။ နေရောင်ခြည်မရှိရင် ဘယ်လိုသက်ရှိမှ အသက်မရှိနိုင်ပါဘူး။ ဒါကြောင့် မတော်တဆ နေမင်းကြီး ပျောက်ကွယ်ရပ်တန့်သွားရင်ဆိုတဲ့ အတွေးကို မတွေးရဲလောက်အောင် ဖြစ်နေရပါတယ်။

Ref: Curiosity “That sunlight you feel might be 50 million years old”

Zuluu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top