Miesha Tate ၏ အောင်မြင်မှု အရောက် ချီတက်နိုင်မည့် နည်းလမ်း ၄ သွယ်

meishatate02.jpg

ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာ သိုင်းပေါင်းစုံအဖွဲ့အစည်း ONE Championship ၏ ဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်သူ အမေရိကန်နိုင်ငံသူ Miesha Tate က ၎င်း ၏ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသမားဘဝ တစ်လျှောက် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော အဖိုးမဖြတ်နိုင်သည့် အတွေ့အကြုံများကို အခြေခံ၍ ဘဝ အောင်မြင်မှု ရရှိနိုင်ရေးအတွက် အရေးပါသော အချက်အလက်များကို ပြောပြခဲ့သည်။ အသက် ၃၃ နှစ်အရွယ် Miesha Tate သည် နာမည်ကျော် အမျိုး သမီး အားကစားသမား တစ်ယောက်ဖြစ်ပြီး UFC ဘန်တန်ဝိတ်တန်း ချန်ပီယံဟောင်း တစ်ယောက်လည်းဖြစ်သည်။ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား သမား ဘဝတစ်လျှောက် ၂၅ ပွဲယှဉ်ပြိုင်ရာတွင် ၁၈ ပွဲနိုင်၊ ၇ ပွဲရှုံးမှတ် တမ်းပိုင်ဆိုင်ထားသော Miesha Tate သည် အွန်လိုင်း ကာယ လေ့ကျင့်ရေး သင်တန်း ဆရာမအဖြစ် ဆောင်ရွက်လျက်ရှိပြီး ရက်ပေါင်း ၉၀ အတွင်း မိုင် ၁၃၀ စွန်းစွန်းနှင့်ညီမျှသော ကီလိုမီတာ ၂၁၀ ပြေးနိုင်ရမည် ဆိုသည့် စိန်ခေါ်မှုတစ်ခုကို ကမ္ဘာသိ ကြေညာခဲ့သည်။

၃ လတာကာလအတွင်း ၂၁၀ ကီလိုမီတာ အကွာအဝေး ရောက်အောင် ပြေးမည်ဆိုသည့်ရည်မှန်းချက်မှာ အလွယ်တကူပြီးမြောက်နိုင် သည့်စိန်ခေါ်မှုဟု လှောင်ပြောင် သူများရှိခဲ့သည်။ Miesha Tate ဆိုလိုသည်က နေ့တိုင်းပြေးနေခြင်းမျိုးမဟုတ်ဘဲ တစ်နေ့ ၅ ကီလိုမီတာ နှုန်းဖြင့် တစ်ပတ်လျှင် ၃ ကြိမ်သာ ပြေးကာ သည်းခံနိုင်မှုနှင့် ဇွဲလုံ့လရှိမှုတို့ကို စမ်းသပ်လိုခြင်းဖြစ်သည်။ Miesha Tate ပြောပြခဲ့သည့် အောင်မြင်မှုအရောက် ချီတက်နိုင်သော ခရီးလမ်းကြမ်း တွင် မှတ်သားဖွယ်ရာ အချက်အလက် ၄ ခုကို ဖော်ပြလိုက်ပါသည်။

၁။ ရည်မှန်းချက်ပန်းတိုင် ထားရှိပါ

အများသူငါလို သာမန်လူသားတစ်ဦးအဖြစ်နှင့်သာ ဘဝကို အချည်းနှီးမကုန်ဆုံးလိုပါက ပန်းတိုင်တစ်ခု ထားရှိဖို့လိုအပ်သည်။ ပန်းတိုင်မထားရှိဘဲ ဘဝကို ဖြစ်သလိုနေတတ်သူများအတွက် အောင်မြင်မှုဆိုသည်က ရရှိနိုင်မည်မဟုတ်ပါ။ ထိုအချက်ကို ကလေးတစ်ယောက်မိခင် Miesha Tate ကလည်း လက်ခံ သည်။ တစ်နေ့တွင် ဘာဖြစ်ရမည်ဆိုသည့် ခိုင်မာသောပန်းတိုင်တစ်ခုထားရှိမှသာ အောင်မြင်သော လူသားတစ်ဦးဖြစ်လာလိမ့်မည်ဟု ၎င်းက ယုံကြည် သည်။

“ကျွန်မအတွက် ပန်းတိုင်တစ်ခု ထားရှိခဲ့တယ်။ အဲဒါကတော့ ရက် ၉၀ အတွင်း ကီလိုမီတာ ၂၁၀ အထိ ပြေးနိုင်ရမယ်ဆိုတဲ့ ရည်မှန်း ချက်ပဲဖြစ်ပါတယ်။ ကိုယ်ရည်မှန်းထားတဲ့ရည်မှန်းချက်က အသေးလေးပဲဖြစ်ဖြစ်၊ အကြီးကြီးပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။ အရေးအကြီး ဆုံးက ပန်းတိုင်ကို ထားရှိဖို့ကသာ အရေးကြီးတာပါ။ ပြေးတာက အရေးမကြီးပေမယ့် စိန်ခေါ်မှုတစ်ခုကို ကျွန်မ စလုပ်ခဲ့တယ်။ ၃ လ တာအတွင်း မိုင် ၁၃၀ စွန်းစွန်းနဲ့ညီမျှတဲ့ ကီလိုမီတာ ၂၁၀ အထိ ပြေးနိုင်ရမယ်ဆိုတဲ့ ရည်မှန်းချက်ပန်းတိုင်ပါပဲ” ဟု ၎င်းက ရှင်းပြသည်။

၂။ စိတ်ရှည်သည်းခံမှုအပြည့် ရှိပါစေ

စိတ်ရှည်သည်းခံမှုဆိုသည်က လူတိုင်းလက်ကိုင်ထားသင့်သော စိတ်ဓာတ်ရေးရာပိုင်း စမ်းသပ်မှုတစ်ခုဟုဆိုလျှင် မည်သူကမှ ငြင်းပယ် နိုင်မည် မဟုတ်ပါ။ လျှပ်စစ်မီးသီးကိုတီထွင်ခဲ့သူ အမေရိကန်နိုင်ငံသား တီထွင်ပညာရှင် Thomas Edison ဆိုလျှင် လျှပ်စစ်မီးလုံးဖန်တီး နိုင်ရန် အကြိမ်ပေါင်း ရာထောင်ချီ၍ ကြိုးစားခဲ့ရသည်။ အောင်မြင်မှုရခါနီးမှ အကြိမ်ကြိမ် ကျရှုံးခဲ့ရသည်။ သို့သော် စိတ်ဓာတ်မကျဘဲ စိတ်ရှည်သည်းခံမှုအပြည့်ဖြင့် ကြိုးစားခဲ့သောကြောင့် Edison ၏အောင်မြင်မှုက ဖြစ်ပေါ်လာခဲ့သည်။ အခြားအခြားသော စွန့်ဦးတီထွင် သူများသည်လည်း ထိုနည်းတူတူပင်ဖြစ်ပြီး ပန်းတိုင်အရောက် လျှောက်လှမ်းရန် နှစ်ပေါင်းများစွာ စိတ်ရှည်သည်းခံမှုအပြည့်ဖြင့် ကြိုးစားခဲ့ ရသည်ချည်းသာဖြစ်သည်။

Miesha Tate ကလည်း အောင်မြင်မှုကို အမိအရဖမ်းဆုပ်လိုပါက စိတ်ရှည်သည်းခံရမည်ဆိုသည်ကို သဘောတူသည်။ ၎င်းအနေဖြင့် ကီလိုမီတာ ၂၁၀ အကွာအဝေးကို ရက် ၉၀ အတွင်း အောင်မြင်စွာပြေးပြမည်ဟု ကြေညာလိုက်ချိန်တွင် ပြက်ရယ်ပြုသူများရှိခဲ့သည်။ လှောင်ပြောင်သူများ မသိသည်က ၎င်း အနေဖြင့် နေ့တိုင်းပြေးနေမည်မဟုတ်ဘဲ တစ်ရက်လျှင် ၅ ကီလိုမီတာနှုန်းဖြင့် တစ်ပတ်လျှင် ၃ ရက်သာပြေးမည်ဆိုသည်ကို နားမလည် သောကြောင့် ဖြစ် သည်။ ၎င်းအနေဖြင့် တစ်ပတ် ၃ ရက်မဟုတ်ဘဲ တစ်နေ့ ၅ ကီလိုမီတာနှုန်းဖြင့် နေ့တိုင်းပြေးမည်ဆိုပါက ၄၂ အတွင်းမှာပင် ရည်မှန်းထားသည့် ပန်းတိုင် ကို လှမ်းကိုင်နိုင်မည်ဖြစ်သည်။

သို့သော်လည်း ထိုသို့မဟုတ်ဘဲ တစ်ပတ်လျှင် ၃ ကြိမ်သာပြေးမည်ဆိုသောကြောင့် သတ်မှတ်ထားသည့် ရက်ကျမှသာ ကီလိုမီတာ ၂၁၀ ကိုရောက်ရှိ မည်ဖြစ်သည်။ တစ်နည်းအားဖြင့် Miesha Tate က စိတ်ရှည်သည်းခံမှုကို စမ်းသပ်လိုက်ခြင်းလည်းဖြစ်သည်။ အောင်မြင်မှု ကို နေ့ချင်းညချင်း တည် ဆောက်၍မရနိုင်သလို မထင်မှတ်ဘဲ ရရှိလာပါကလည်း ရေရှည်တည့်တံ့မည့် အောင်မြင်မှုမဟုတ်ဆိုသည်ကို မီး မောင်းထိုးပြလိုခြင်းဖြစ်သည်။ အောင်မြင်ရမည်ဆိုသည့်စိတ်ဓာတ်ကို နေ့စဉ်ပြုစုပျိုးထောင်ကာ မျက်ခြည်မပြတ်ကြိုးစားမည်ဆိုပါက ပန်း တိုင်ကို မိမိရရဖမ်းဆုပ်နိုင်မည်ဟုလည်း ၎င်းက ဆိုသည်။

၃။ အလှမ်းကျယ် အလယ်မလပ်ပါစေနှင့်

မြန်မာစကားပုံတွင် “အလှမ်းကျယ် အလယ်လပ်” ဆိုသည့် စကားတစ်ခုရှိသည်။ မည်သည့်ကိစ္စမျိုးဆိုမဆို လုပ်ကိုင်ဆောင်ရွက်ရာတွင် အလောတကြီး လုပ် ကိုင် ဆောင်ရွက်မိ၍ ချွတ်ယွင်းအားနည်းမှုများ ဖြစ်ပေါ်လာတတ်သည်ကို ညွှန်းဆိုလိုခြင်းဖြစ်သည်။ စကတည်းက အလှမ်းကျယ်ကျယ် လှမ်းမိ သော ကြောင့် အလယ်ပိုင်းတွင် လစ်လပ်ကျန်ရစ်ခဲ့ပုံကို ထောက်ပြလိုခြင်းလည်းဖြစ်သည်။ လောဘတကြီး မ လုပ်ဆောင်ဘဲ ခပ်မှန်မှန်သာ လုပ်ကိုင် ဆောင်ရွက် ပါက အောင်မြင်နိုင်သည်ဆိုသည်ကို Miesha Tate က လက်ခံသည်။ ထို့ကြောင့် လည်း ကီလိုမီတာ ၂၁၀ ဆိုသည့် ခရီးမိုင်အကွာအဝေးကို တစ်နေ့ ၅ ကီလို မီတာနှုန်းဖြင့် တစ်ပတ် ၃ ရက်သာပြေးမည်ဟု ကြေညာခဲ့ ခြင်းဖြစ်သည်။

အလှမ်းမကျယ်သောကြောင့် ဖိအားဒဏ်မခံစားရသလို အလယ်တွင် လစ်လပ်သွားခြင်းမျိုးလည်းမရှိဘဲ အောင်မြင်စွာကျော်ဖြတ်ပြနိုင်ခဲ့ သည်။ လောဘ တကြီးလုပ်ကိုင်ဆောင်ရွက်မိလျှင် မိမိကိုယ်ကို ဒုက္ခပေးသလိုဖြစ်စေနိုင်ပြီး ဖိအားဒဏ်ကိုလည်း ခံစားရနိုင်သောကြောင့် ဖြေးဖြေးနှင့်မှန်မှန် လျှောက်လှမ်း ရမည်ဆိုသည့်နည်းဗျူဟာကို Miesha Tate က ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ မနိုင်ဝန်ကိုမထမ်းဘဲ နိုင်သ လောက်ဝန်ကို ထမ်းခြင်းကသာ အကောင်းဆုံး သော ဖြေရှင်းနည်းဟု ၎င်းက ခံယူသည်။

“ကိုယ့်ကိုယ်ကိုယ် အပြေးသမားတစ်ယောက်လို့ ဘယ်တုန်းကမှ မသတ်မှတ်ထားပါဘူး။ ဒါပေမဲ့ ခရီးရှည်ကြီးတစ်ခုလို့တော့ စိတ်ထဲမှာ ခံယူထားတယ်။ ဒါက ပြေးတာထက်ကို ပိုပါတယ်။ ၂၁၀ ကီလိုမီတာဆိုတာ အရမ်းဝေးတဲ့အကွာအဝေးပါ။ ဒါပေမဲ့ တစ်နေ့ကို ၅ ကီလိုမီ တာပဲပြေးမယ်လို့ ဆုံးဖြတ်လိုက် တယ်။ ကျွန်မတို့ တစ်ဦးချင်းဆီတိုင်းမှာ ထားရှိတဲ့ပန်းတိုင်တွေဆီ အပြီးသတ်အရောက်သွားနိုင်ဖို့အ တွက် သေးငယ်တဲ့ခြေလှမ်းတစ်လှမ်းနဲ့ပဲ စတင်ရတာ ပါ” ဟု Miesha Tate က ဆိုသည်။

၄။ လုပ်နိုင်ရမည်ဆိုသည့် ဇွဲသတ္တိထားရှိပါ

ကမ္ဘာပေါ်ရှိ အောင်မြင်နေသောလူသားတိုင်းကို လေ့လာကြည့်ပါက ဖြစ်ကိုဖြစ်ရမည်ဆိုသည့်ခံယူချက် ထားရှိသူူူများသာဖြစ်နေသည်ကို မြင်တွေ့နိုင် သည်။ ပြင်းပြသည့်ခံယူချက်ရှိသော်လည်း ဇွဲလုံ့လမရှိပါကလည်း ပန်းတိုင်အရောက် ချီတက်နိုင်မည်မဟုတ်ပါ။ တစ်နေ့ကျ လျှင် အောင်မြင်ရမည် ဆိုသည့် ခံယူချက်ကို ဇွဲသတ္တိနှင့်ပေါင်းစပ်ကာ မဆုတ်မနစ်ကြိုးစားသူများသာ ထိပ်ဆုံးသို့ရောက်ရှိလာစမြဲပင်ဖြစ် သည်။ အောင်မြင်နိုင်ရေး ကြိုးစား နေသူများ အတွက် အခက်အခဲ၊ အတားအဆီးများကလည်း ဆီးကြိုလေ့ရှိသည်ကလည်း ဓမ္မတာပင် ဖြစ်သည်။ ကြုံလာသမျှ အခက်အခဲတိုင်းကို နောက်ပြန် လှည့် မသွားဘဲ ခေါင်းအေးအေးထားကာ ဖြေရှင်းနိုင်မှသာလျှင် ရည်ရွယ်ရာပန်း တိုင်ကို လျှောက်လှမ်းနိုင်မည်ဖြစ်သည်။

Miesha Tate တွင်လည်း အခက်အခဲများစွာက စောင့်ကြိုခဲ့သည်။ စတင်ပြေးစဉ်ကဆိုလျှင် ကိုယ်ဝန်ဆောင်ထားရချိန်ဖြစ်သောကြောင့် သာမန်လူများလို မပြေးနိုင်ဘဲ အခက်အခဲနှင့် ရင်ဆိုင်ခဲ့ရသည်။ ထို့အပြင် ပြေးခုန်ပစ်အားကစားသမားမဟုတ်သောကြောင့် ခြေထောက် ဒဏ်ရာမျးလည်းရခဲ့သည်ဟု ၎င်းက ဖွင့်ဟသည်။ သို့သော် ကြုံလာသမျှအခက်အခဲတိုင်းကို ဖြေရှင်းနိုင်ရမည်ဆိုသည့်စိတ်ထားနှင့် ဇွဲလုံ့ လကို ထားရှိခဲ့ခြင်းကြောင့်သာ ကီလိုမီတာ ၂၁၀ ကို ရက် ၉၀ အတွင်း ပြေးနိုင်ခဲ့ခြင်းဖြစ်သည်။

“ကိုယ်ဝန်ဆောင်ထားရတာကြောင့် လမ်းတစ်ဝက်လောက်ထိပဲ ပြေးနိုင်တာမျိုးတွေရှိတယ်။ စပြေးတုန်းကဆို ခြေထောက်ဒဏ်ရာတွေ လည်း ရခဲ့တယ်။ ဒါပေမဲ့ ငါ လုပ်နိုင်ရမယ်ဆိုတဲ့စိတ်ဓာတ် မွေးခဲ့တယ်။ ရှေ့ဆက်ပြေးနိုင်ဖို့အတွက် ပင်ပင်ပန်းပန်း ကြိုးစားခဲ့ရတယ်။ ဒါပေမဲ့ နောက်ပြန်လှည့်တော့ မယ်ဆို တဲ့အတွေးမျိုး တစ်ခါမှမရှိခဲ့ပါဘူး။ ပထမဆုံးအကြိမ် ပြေးတုန်းက ၅ ကီလိုမီတာကို ၃၂ မိနစ်နှုန်းနဲ့ ပြေးနိုင်ခဲ့တယ်။ နောက်ဆုံးအကြိမ်ပြေးတော့ ကျွန်မရဲ့ စံချိန်က ၅ ကီလိုမီတာကို ၂၄ မိနစ်၊ ၁၅ စက္ကန့်ပဲရှိတော့တယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ရည်မှန်းချက်ပန်းတိုင်ထားရှိတဲ့ ဘယ်သူမဆို မှတ်ထားရမှာက ပကတိ အရှိတရားနဲ့ စတင်ရမယ်၊ ဒါမှသာ အောင်မြင်မှုရယူနိုင်မယ်ဆို တာပါပဲ” ဟု Miesha Tate က ၎င်း၏ ခံယူချက်ကို ပြောသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top