တရုတ်နိုင်ငံမှာပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ် ဂျပန်အထိ ကူးစက်

yyl-014-10.jpg

တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ကူးစက်ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်(Coronavirus)ဟာ ဂျပန်နိုင်ငံအထိ ကူးစက်ခဲ့တယ်လို့ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။ တိုကျိုမြို့နဲ့ ဘေးကပ်လျက်တည်ရှိတဲ့ ကာနာဂါဝါစီရင်စုမှာ အသက် ၃၀ ဝန်းကျင်အမျိုးသားတစ်ယောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ပြီးခဲ့တဲ့ကြာသပတေးနေ့မှာ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ အဲဒီအမျိုးသားဟာ တရုတ်နိုင်ငံ ဝူဟန်မြို့ကို သွားရောက်ခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာလကစပြီး တရုတ်နိုင်ငံ အရှေ့ပိုင်း ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့လို့ သေဆုံးသူ ၂ ယောက်ရှိပြီး ကူးစက်ခံရသူ ၄၀ အထိ ရှိနေပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တွေ့ထားရတယ်လို့ ဂျပန်နိုင်ငံက မကြေညာခင် ထိုင်းနိုင်ငံကို ရောက်လာတဲ့ တရုတ်အမျိုးသားတစ်ယောက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာ တွေ့ရှိခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ သာမန်အအေးမိတာမျိုးကနေ လူသေဆုံးစေနိုင်တဲ့ Sars ဗိုင်းရပ်စ်အထိ ဖြစ်ပွားစေနိုင်ပါတယ်။ ၂၀၀၂ ခုနှစ်နဲ့ ၂၀၀၃ ခုနှစ်အတွင်း တရုတ်နိုင်ငံမှာ အစပြုခဲ့တဲ့ Sars ဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်းမှာ လူ ၇၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ဝူဟန်မြို့ကို ခရီးသွားတာနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကျန်းမာရေးသတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ ဝူဟန်မြို့ကို ခရီးသွားမယ့် အမေရိကန်နိုင်ငံသားတွေအနေနဲ့ တိရစ္ဆာန်တွေကို ထိတွေ့တာ၊ အသားငါး ရောင်းချတဲ့ဈေးတွေကို သွားတဲ့အခါ အသား၊ ငါးတွေကို ထိတွေ့တာမျိုး ရှောင်ရှားကြဖို့ အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးနဲ့ ကြိုတင်ကာကွယ်ရေးစင်တာက ဖော်ပြခဲ့ပါတယ်။ ခရီးသွားလာမှု များပြားမယ့် တရုတ်နှစ်သစ်ကူးကာလမတိုင်ခင် ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုတွေကို တွေ့ရှိခဲ့လို့ စောင့်ကြည့်စစ်ဆေးမှုတွေ မြှင့်တင်ထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top