ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်ကို စိတ်ဓာတ်နဲ့ အနိုင်ယူကျော်လွှားခဲ့သူ ဝါရှင်တန်ရိုးဘလင်း

bridge.jpg

”ငါ ဘာမှ မလုပ်နိုင်တော့ဘူး” ဆိုပြီး စိတ်ဓာတ်ကျ အားငယ်မိတဲ့အခါ ဝါရှင်တန်ရိုးဘလင်း(Washington Roebling)ရဲ့ လှုပ်ရှားနေတဲ့လက်ချောင်းလေးကို သတိရလိုက်ပါ။

ဝါရှင်တန်ရိုးဘလင်းဆိုတာ ဘရွတ်ကလင်တံတား (Brooklyn Bridge) စီမံကိန်းမှာ အင်ဂျင်နီယာချုပ်အဖြစ် တာဝန်ယူခဲ့သူပါ။ ဒီတံတားစီမံကိန်းကို သူ့ဖခင် ဂျွန်ရိုးဘလင်း(John Roebling)က စတင်ခဲ့တာဖြစ်ပြီး ဝါရှင်တန်က လက်ထောက်အင်ဂျင်နီယာ ရာထူးပဲ ရယူခဲ့တာဖြစ်ပေမဲ့ သူ့ဖခင် ကွယ်လွန်သွားတာကြောင့် ဝါရှင်တန်က အင်ဂျင်နီယာချုပ်အဖြစ် တာဝန်ယူခဲ့ရတာပါ။

တံတားရဲ့ အုတ်မြစ်တွေကို ရေအောက်ထဲမှာ ဆောက်လုပ်ရင်း တံတားအုတ်မြစ်အတွင်းပိုင်း မီးလောင်ကျွမ်းမှုကြုံတွေ့ချိန်မှာ မီးငြှိမ်းသတ်ဖို့ ကြိုးစားရင်း ဝါရှင်တန်ဟာ decompression sickness(ရေအောက်မှာ ဖိအားများလို့ နိုက်ထရိုဂျင်ဓာတ်ငွေ့တွေက ခန္ဓာကိုယ်တစ်သျှူးအတွင်း ပျော်ဝင်သွားတဲ့ အခြေအနေ (သို့မဟုတ်) ရေငုပ်သမားတွေ ကြုံရတဲ့ လေဖြတ်ရောဂါ) ခံစားခဲ့ရပြီး အိပ်ယာထဲ လဲသွားခဲ့ပါတယ်။

ဝါရှင်တန်တစ်ယောက် လမ်းမလျှောက်နိုင်၊ စကားမပြောနိုင် ဖြစ်သွားတာကြောင့် လူအများစုကတော့ ဘရွတ်ကလင်းတံတား စီမံကိန်း ပျက်သွားပြီလို့ ထင်ကြေးပေးခဲ့ကြပါတယ်။ ဝါရှင်တန်ဟာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခဲ့ပေမဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို ဆက်ထိန်းနိုင်ခဲ့ပြီး တံတားစီမံကိန်းကို ရှေ့ဆက်နိုင်မယ့် လမ်းစကို စဉ်းစားခဲ့ပါတယ်။

ဝါရှင်တန်ဟာ တံတားတည်ဆောက်ရေး စီမံကိန်းကို သူ့အိပ်ယာထဲကနေ မှန်ပြောင်းနဲ့ လှမ်းကြည့်ပြီး ညွှန်ကြားချက်တွေ ပေးနိုင်အောင် ကြံဆခဲ့ပါတယ်။ ဇနီးသည် အမ်မလီရိုးဘလင်းရဲ့ လက်ဖဝါးကို လက်ချောင်းနဲ့ထိပြီး (Mose Code)နဲ့ ညွှန်ကြားချက်တွေ ပေးခဲ့တာပါ။ ဝါရှင်တန်ရဲ့ ညွှန်ကြားချက်တွေကို အမ်မလီက အင်ဂျင်နီယာတွေဆီ ပေးပို့ခဲ့ပြီး ဘရွတ်ကလင်းတံတားကြီးကို ဆက်လက်တည်ဆောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီနေရာမှာ ဇနီးသည် အမ်မလီရဲ့အခန်းကဏ္ဍကလည်း အရေးပါပြီး ဝါရှင်တန်အတွက် အကောင်းဆုံး ကူညီပံ့ပိုးပေးခဲ့တာပါ။ ၁၈၈၃ ခုနှစ်မှာတော့ ဘရွတ်ကလင်းတံတားကြီးကို ဖွင့်လှစ်နိုင်ခဲ့ပြီး ဝါရှင်တန်ကတော့ သူ့အိပ်ယာထဲကနေပဲ တံတားဖွင့်ပွဲကို မှန်ပြောင်းနဲ့ လှမ်းကြည့်ခဲ့ရပါတယ်။ ဘရွတ်ကလင်းတံတားကြီး ဒီနေ့အထိ အခိုင်အခံ့ တည်ရှိနေသေးတာဟာ ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်ကို စိတ်ဓာတ်နဲ့ အနိုင်ယူခဲ့တဲ့ လူသားတစ်ယောက်ရဲ့ သက်သေပါပဲ။

Ref: Washington Roebling

NZ (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top