ဆိုးရွားတဲ့ဘဏ္ဍာရေးအကျပ်အတည်းကြောင့် သီရိလင်္ကာနိုင်ငံက နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ကို လျင်မြန်တဲ့ဘဏ္ဍာရေးအကူအညီပေးဖို့ တောင်းဆိုထား

20-4-2022-yyl-01.jpg

သီရိလင်္ကာနိုင်ငံဟာ COVID-19 ရဲ့အကျိုးသက်ရောက်မှုတွေကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ ဆိုးရွားတဲ့ဘဏ္ဍာရေးအကျပ်အတည်းကို ရင်ဆိုင်ရင်းနဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာစေခဲ့ပါတယ်။ အစိုးရဘဏ္ဍာရေးပိုင်းကို လွဲမှားစွာ စီမံခန့်ခွဲခဲ့ကာ နိုင်ငံခြားအရန်ငွေတွေကို ဆုံးရှုံးရင်းနဲ့ လောင်စာဆီဈေးနှုန်းတွေ မြင့်တက်လာခဲ့ပါတယ်။

ဆိုးရွားတဲ့ဘဏ္ဍာရေးအကျပ်အတည်းကြောင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF)ကို လျင်မြန်တဲ့ဘဏ္ဍာရေးအကူအညီပေးဖို့အတွက် တောင်းဆိုထားကြောင်းနဲ့ကမ္ဘာလုံးဆိုင်ရာငွေချေးသူတွေက အစပိုင်းမှာတော့ တွန့်ဆုတ်ပြီးနောက် အခု ထည့်သွင်းစဉ်းစားနိုင်ကြောင်း သီရိလင်္ကာနိုင်ငံရဲ့ ဘဏ္ဍာရေးဝန်ကြီးရဲ့လက်ထောက်တစ်ဉီးက ဒီကနေ့မှာ ပြောကြားခဲ့ပါတယ်။

တနင်္လာနေ့က ဝါရှင်တန်မှာ သီရိလင်္ကာဘဏ္ဍာရေးဝန်ကြီး အာလီ ဆာဘရီ (Ali Sabry) ဉီးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က အစိုးရရဲ့အရန်ငွေတွေ ဖြည့်တင်းဖို့နဲ့ မရှိမဖြစ်လိုအပ်တဲ့ လောင်စာဆီ၊ အစားအစာနဲ့ ဆေးဝါးတွေ တင်သွင်းမှုအတွက် ဘဏ္ဍာငွေတွေ ပေးဆောင်ဖို့ အကူအညီဖြစ်စေမယ့် အစိုးရရဲ့အစီအစဉ်တစ်ခုအတွက် IMF နဲ့ တရားဝင်ဆွေးနွေးခဲ့ပါတယ်။

“နိုင်ငံခြားရေးဝန်ကြီးက လက်ရှိထောက်ပံ့ရေးကွင်းဆက်ပြဿနာတွေကို လျော့ပါးသက်သာစေဖို့ လျင်မြန်တဲ့ဘဏ္ဍာရေးအကူအညီကို တောင်းဆိုခဲ့ပါတယ်။ အစပိုင်းမှာတော့ IMF က သူတို့ရဲ့သတ်မှတ်ချက်တွေနဲ့ မကိုက်ညီဘူးလို့ ယူဆထားတယ်။ ဒါပေမဲ့ အိန္ဒိယက သီရိလင်္ကာအတွက် ဘဏ္ဍာရေးအကူအညီပေးမှုအပေါ် ကိုယ်စားပြုတင်ပြမှုတွေ ပြုလုပ်ခဲ့ပြီး ထူးခြားတဲ့အခြေအနေတွေကြောင့် ဒီတောင်းဆိုချက်ကို IMF က ထည့်သွင်းစဉ်းစားနိုင်တယ်” လို့ ဆာဘရီရဲ့လက်ထောက် ရှာမေးလ် ဇာဗာဟီ (Shamir Zavahir) က တွစ်တာမှာ ပြောကြားခဲ့ပါတယ်။

လာမယ့်လတွေအတွင်းမှာ သီရိလင်္ကာနိုင်ငံက ဘဏ္ဍာရေးအကျပ်အတည်းကို ပြေပျောက်စေဖို့ IMF၊ World Bank နဲ့ အိန္ဒိယအပါအဝင် အရင်းအမြစ်မျိုးစုံကနေ ဒေါ်လာ ၃ ဘီလျံ ရှာဖွေနေတယ်လို့ ဆာဘရီက အခုလအစောပိုင်းမှာ Reuters သတင်းဌာနကို ပြောကြားခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့အပတ်က သီရိလင်္ကာနိုင်ငံရဲ့ဗဟိုဘဏ်က နိုင်ငံခြားကြွေးမြီတချို့ကို ပြန်ဆပ်ဖို့ ဆိုင်းငံ့ထားကြောင်း ပြောကြားခဲ့ပါတယ်။

သီရိလင်္ကာနိုင်ငံရဲ့စီးပွားရေးမြို့တော်ကိုလံဘိုမြို့ (Colombo)မှာ သမ္မတဂိုတာဘာယာ ရာဂျာပက်ဆာ (Gotabaya Rajapaksa) ကို ရာထူးမှ ဖယ်ရှားဖို့ တောင်းဆိုဆန္ဒပြမှုတွေကလည်း ရက်သတ္တပတ်ကျော်ကြာ ဖြစ်ပွားခဲ့ပါတယ်။

Ref: Nikkei “Sri Lanka asks IMF for rapid financial assistance”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top