မိခင်ရဲ့အသက်ကို ကယ်တင်ခဲ့တဲ့ အသက် ၅ နှစ်အရွယ် ကယ်တင်ရှင်လေး

20-11-2020-yyl-008.jpg

ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ အသက် ၃၉ နှစ်အရွယ် ဖက်ဒရယ်အရာရှိ လာရှာနက်တေး တာဘာဗီလီ (Lashaunastey Turberville) ဟာ အသက်အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ သူ့ရဲ့အသက် ၅ နှစ်အရွယ် သမီးလေး ဒီဗာကြောင့် အသက်ဘေးကနေ လွှတ်မြောက်ခဲ့ရပါတယ်။ တာဘာဗီလီက သူ့သမီးလေးရဲ့ လျင်မြန်ဖြတ်လတ်တဲ့အပြုအမူကြောင့်ပဲ သူ အသက်ရှင်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီနေ့က တာဘာဗီလီဟာ ခန္ဓာကိုယ်က လှုပ်မရဖြစ်ပြီး နေမကောင်းချင်သလိုခံစားလာရကာ လဲကျသွားခဲ့ပါတယ်။ တာဘာဗီလီအတွက် နောက်ထပ်ဘာလုပ်ရမလဲမသိဖြစ်အောင် ဝေဝါးသွားခဲ့တာပါ။ ဒါပေမဲ့ ဘေးနားမှာရှိနေတဲ့ သူ့သမီးလေးကို အပြင်မှာရောက်နေတဲ့ အဘွားကို ခေါ်လိုက်၊ ပြီးရင် ၉၁၁ ကို ဖုန်းဆက်ပြီး အကူအညီတောင်းလိုက်လို့ ပြောခဲ့ပါတယ်။ သမီးလေး ဒီဗာက သူ့အဘွားကို မခေါ်ဘဲ ချက်ချင်းပဲ “သမီး ၉၁၁ ကို ဖုန်းခေါ်တော့မလို့၊ သမီး ၉၁၁ ကို ဖုန်းခေါ်တော့မှာ”လို့ ပြောရင်းနဲ့ ၉၁၁ ကို ဖုန်းခေါ်ခဲ့တာပါ။

ဒီဗာလေး ၉၁၁ ကို ဖုန်းခေါ်လိုက်တာကြောင့် ဆေးအဖွဲ့ရောက်လာပြီး တာဘာဗီလီကို ဆေးရုံခေါ်သွားခဲ့ပါတယ်။ တာဘာဗီလီရဲ့သွေးအတွင်းသကြားဓာတ် အရမ်းကျသွားခဲ့တဲ့အတွက် ဆီးချိုရောဂါရဲ့တုံ့ပြန်မှုကို ခံစားခဲ့ရတာကြောင့် အခုလိုဖြစ်ရတာဖြစ်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။ သူ့သမီးလေးသာ ၉၁၁ ကို ဖုန်းဆက်ပြီး အကူအညီမတောင်းခဲ့ရင် သူ့အသက် ဆုံးရှုံးသွားနိုင်တယ်လို့ တာဘာဗီလီက ပြောပါတယ်။

တာဘာဗီလီက သူ့သမီးလေးကို အသက် ၃ နှစ်အရွယ်ကတည်းက ၉၁၁ ကို ဖုန်းဆက်တတ်ဖို့ သင်ကြားပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “အရေးပေါ်အခြေအနေတွေမှာ ဘာလုပ်ရမယ်ဆိုတာကို မိဘတွေက ကလေးတွေကို သင်ထားဖို့ အရမ်းအရေးကြီးပါတယ်” လို့ တာဘာဗီလီက ပြောပါတယ်။ သူ အသက်အန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့အချိန်မှာ သူ့သမီးလေးက တည်တည်ငြိမ်ငြိမ်ဘဲ ငိုလည်းမငိုခဲ့ဘူးလို့ ဆိုပါတယ်။ “သမီးလေးက ကျွန်မကို တကယ်အံ့အားသင့်စေပါတယ်။ သူ ဘာတစ်ခုမှ တုန်လှုပ်ခဲ့ခြင်းမရှိဘူး” လို့ ပြောပါတယ်။

မတော်တဆဖြစ်ပြီးကတည်းက သူ့သမီးလေးက သူ အဆင်ပြေရဲ့လားလို့ ကြည့်ပေးတယ်လို့လည်း တာဘာဗီလီက ပြောပါတယ်။ “သမီးလေးက အမေတစ်ယောက်လို ဖြစ်သွားတာပါပဲ”။ သူ့ရဲ့ဖြစ်ရပ်က အရေးပေါ်အခြေအနေမှာ ဘာလုပ်ရမယ်ဆိုတာကို ကလေးတွေကို သင်ကြားပေးဖို့အတွက် အခြားသူတွေကို လှုပ်ဆော်ပေးမယ်လို့ တာဘာဗီလီက မျှော်လင့်ထားပါတယ်။

Ref: ABCNews “5-year-old girl dials 911, saves mom’s life”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top