စိတ်ဖိစီးမှုတွေ သိပ်များနေရင် ရေများများသောက်ပါ

drink-water.jpg

အခုလို ပူပြင်းလာတဲ့ ရာသီဥတုအခြေအနေမှာ ချွေးထွက်နှုန်းက ပုံမှန်ထက်များနေမှာပါ။ အဲဒီလိုပဲ ရေဓာတ်ဆုံးရှုံးနှုန်းကလည်း

ပုံမှန်ထက် အဆများစွာကို များနေမှာ အသေအချာပါ။ အကြောင်းအရာနှစ်ခုသုံးခုထက်များလာပြီဆိုတာနဲ့ ခေါင်းကစတင်ရှုပ်ထွေးလာပါပြီ။ ခေါင်းကိုက်လာတာ၊ အာရုံစိုက်ရခက်လာတာ၊ လူက ပုံမှန်ထက်ပင်ပန်းနွမ်းနယ်နေတာ၊ ဝက်ခြံတွေ ပိုထွက်လာတာတွေအပြင် စိတ်ဖိစီးမှုတွေကလည်း ပုံမှန်ထက် ပိုများလာပါပြီ။ ရေဓာတ်ချို့တဲ့မှုနဲ့ စိတ်ဖိစီးမှုဟာ အပြန်အလှန် သက်ရောက်မှု ရှိနေတာ သင်သိပြီးပြီလား။

ဒါဟာ ခန္ဓာကိုယ်ထဲရှိ အက်ဒရီနယ်ဂလင်းတွေကြောင့် ဖြစ်ပါတယ်။ ကျောက်ကပ်အပေါ်ဘက်ထိပ်နားလေးမှာရှိတဲ့ ဒီဂလင်းတွေဟာ ခုခံအား၊ ဓာတ်ညီမျှမှုတွေအပြင် ခန္ဓာကိုယ်အတွက် တခြားအရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပေးနိုင်ဖို့ ဟော်မုန်းတွေကိုထုတ်ပေးပါတယ်။ စိတ်ခံစားချက်တွေ စိတ်ဖိစီးမှုတွေနဲ့သက်ဆိုင်တဲ့ ဟော်မုန်းတွေလည်း အပါအဝင်ဖြစ်ပါတယ်။

ဒါပေမယ့် စိတ်ဖိစီးမှုတွေများလာတဲ့အခါ ဒီဟော်မုန်းတွေကလည်း အထွက်နှေးလာပါမယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အရည်ပမာဏကိုလည်း လုံလုံလောက်လောက်ထုတ်ပေးနိုင်မှာ မဟုတ်တော့ပါဘူး။ တဖြည်းဖြည်းနဲ့ ရေဓာတ်ခမ်းခြောက်လာပါမယ်။ ဒီလိုရေဓာတ်ခမ်းခြောက်လာတာနဲ့အမျှ ခန္ဓာကိုယ်ကလည်း ပြင်ပကနေ စိတ်အခြေအနေအပေါ်သက်ရောက်လာမယ့် ဖိအားတွေကို ရင်ဆိုင်နိုင်ဖို့ စွမ်းရည်တွေ ကျဆင်းလာပါတယ်။ ဒီလိုနဲ့ စိတ်ဓာတ်ကျဆင်းတာ စိတ်ဖိအားများတာ စိတ်ညစ်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကတော့ ရေဓာတ်ချို့တဲ့မှုနဲ့ စိတ်ဖိစီးမှုကြားက အပြန်အလှန်သက်ရောက်မှုစက်ဝန်းဖြစ်ပါတယ်။

ဒါကြောင့်မို့ အရမ်းစိတ်ညစ်လာတာ စိတ်ကျဉ်းကြပ်လာတာဖြစ်လာမယ်ဆိုရင် ခဏလောက် အနားယူလိုက်ပြီး အသက်ပြင်းပြင်းရှုလိုက်ပါ။ ပြီးရင် ရေကို တစ်ဝကြီးသောက်ချလိုက်ပါ။ ခန္ဓာကိုယ်က လုံလောက်တဲ့ ရေဓာတ်ပမာဏရလာတာနဲ့အမျှ စိတ်ဖိစီးမှုတွေကလည်း တဖြည်းဖြည်း လွင့်ပါးသွားမှာဖြစ်ပါတယ်။

Sophia (ရိုးရာလေး)
Ref: Reader’s Digest

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top