ခန္ဓာကိုယ်အချိန်စက်ဝိုင်း အလုပ်လုပ်ပုံကို ဖြေရှင်းခဲ့တဲ့ သိပ္ပံပညာရှင် သုံးဦး နိုဘယ်ဆု ဆွတ်ခူး

98105734_042136720-1.jpg

ခန္ဓာကိုယ် အချိန်စက်ဝိုင်း အလုပ်လုပ်ပုံကို ဖြေရှင်းပြခဲ့တဲ့ သိပ္ပံပညာရှင် ၃ ဦးဟာ ၂၀၁၇ ခုနှစ်ရဲ့ ဇီဝကမ္မနဲ့ ဆေးပညာဆိုင်ရာ နိုဘယ်ဆု ဆွတ်ခူးခဲ့ပါတယ်။ညအချိန်မှာ လူသားတွေ အိပ်ချင်စိတ် ဖြစ်ပေါ်ရတဲ့ အကြောင်းရင်း၊ အပြုအမူပိုင်းဆိုင်ရာနဲ့ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်မှု ပြောင်းလဲမှုတွေဖြစ်ရတာ ခန္ဓာကိုယ်ရဲ့ အချိန်စက်ဝိုင်း (body clock) ကြောင့် ဖြစ်ပါတယ်။

လူ့ခန္ဓာကိုယ်ရဲ့ ဆဲလ်တိုင်းနီးပါးမှာ အချိန်စည်းချက် လည်ပတ်နေပြီး အပင်တွေ၊ တိရစ္ဆာန်တွေ၊ မှိုတွေမှာလည်း ဒီလိုပါပဲ။ တစ်နေ့တာ အချိန်စည်းချက်အတွင်း လူသားတွေရဲ့ စိတ်ခံစားချက်၊ ဟော်မုန်းပမာဏ၊ ခန္ဓာကိုယ် အပူချိန်နဲ့ ဇီဝကမ္မဖြစ်စဉ်တွေ တက်ကျပြောင်းလဲမှု ရှိပါတယ်။

နေ့သစ်အတွက် ခန္ဓာကိုယ်အင်ဂျင် စလည်ပတ်တဲ့ နံနက်ခင်းအချိန်မှာ နှလုံးရောဂါ ခံစားရနိုင်ခြေ မြင့်တက်လေ့ရှိပါတယ်။ နေ့၊ ည အပြောင်းအလဲကို ခန္ဓာကိုယ်က အမှီလိုက်နိုင်ဖို့အတွက် ခန္ဓာကိုယ် အချိန်စက်ဝိုင်းက ခန္ဓာကိုယ်ကို တိတိကျကျထိန်းချုပ်ရပြီး ခန္ဓာကိုယ် အချိန်စက်ဝိုင်း
ပြတ်တောက်သွားရင် ခန္ဓာကိုယ်မှာ ကမောက်ကမတွေ ဖြစ်စေနိုင်ပါတယ်။ ရေတိုမှာ မှတ်ဉာဏ်ချို့ယွင်းမှု ဖြစ်စေနိုင်ပြီး ရေရှည်ဆိုရင်တော့ သွေးချိုရောဂါ၊ ကင်ဆာနဲ့ နှလုံးရောဂါတွေ ဖြစ်စေနိုင်ပါတယ်။

အမေရိကန် သိပ္ပံပညာရှင်တွေဖြစ်တဲ့ ဂျက်ဖရီဟော၊ မိုက်ကယ်ရို့စ်ဘက်ရှ်၊ မိုက်ကယ်ယန်းတို့သုံးဦး ပူးတွဲနိုဘယ်ဆု ရခဲ့တာဖြစ်ပြီး သူတို့ရဲ့တွေ့ရှိမှုက လူသားတွေရဲ့ ကျန်းမာရေးနဲ့ ကောင်းကျိုးချမ်းသာအတွက် တော်တော်အကျိုးကျေးဇူး ကြီးတယ်လို့ နိုဘယ်ဆုရွေးချယ်ရေး ကော်မတီက ပြောပါတယ်။

ဂျက်ဖရီဟောနဲ့ မိုက်ကယ်ရို့စ်ဘက်ရှ်တို့ဟာ ခန္ဓာကိုယ် အချိန်စက်ဝိုင်းအပေါ် သက်ရောက်မှုရှိစေတဲ့ period gene ဆိုတဲ့ DNA တစ်ခုကို ခွဲခြားပြခဲ့ပါတယ်။ period gene က PER လို့ခေါ်တဲ့ ပရိုတိန်းထုတ်လုပ်ဖို့ညွှန်ကြားမှုတွေ ပြုလုပ်နိုင်ပြီး PER ပရိုတိန်း ပမာဏမြင့်တက်လာရင် period gene က မျိုးဗီဇဆိုင်ရာ ညွှန်ကြားမှုလုပ်တာကို ရပ်တန့်လိုက်ပါတယ်။ ညဘက်ဆိုရင် PER ပရိုတိန်းပမာဏ မြင့်တက်ပြီး နေ့ဘက်ဆိုရင်တော့ ပမာဏ လျော့နည်းသွားတတ်ပါတယ်။ မိုက်ကယ်ယန်းကတော့ timeless လို့ခေါ်တဲ့ gene နဲ့ doubletime ဆိုတဲ့ gene နှစ်မျိုးကို တွေ့ရှိခဲ့တာပါ။ ဒီ gene နှစ်မျိုးလုံးက PER ပမာဏ အနိမ့်အမြင့် အတက်အကျ တည်ငြိမ်အောင် ထိန်းပေးထားတာပါ။

PER ပမာဏ တည်ငြိမ်ရင် ခန္ဓာကိုယ် အချိန်စက်ဝိုင်း နှေးနှေးလည်ပတ်ပြီး PER ပမာဏ မငြိမ်ရင်တော့ ခန္ဓာကိုယ် အချိန်စက်ဝိုင်း မြန်မြန်လည်ပါတယ်။ တချို့လူတွေ နံနက်စောစောထတတ်တဲ့ အကျင့်ရှိပြီး နံနက်ပိုင်းမှာ တက်ကြွနေတတ်တာ၊ တချို့သူတွေ ညဘက်မှာ အိပ်မပျော်ဘဲ ဇီးကွက်တွေလို ဖြစ်နေတာတွေက PER ပမာဏ တည်ငြိမ်မှုနဲ့ ဆိုင်ပါတယ်။

Ref : BBC News : Body clock scientists win Nobel Prize

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top