မြေလက်ဝါး (The Earth Hand)

Astro.jpg

မြေလက်အမျိုးအစားကို စတုရန်းလက်ဝါးပြင်အမျိုးအစားနဲ့ တိုပြီး တုတ်ခိုင်တဲ့ လက်ချောင်းများနဲ့ ဖွဲ့စည်းထားပါတယ်။ လက်တွေ့ကျတဲ့လူတွေရဲ့ လက်တွေမှာ အတွေ့များပြီး ဒီလက်ပိုင်ရှင်တွေဟာ

လက်တွေ့ဆန်ကြပါတယ်။ ဒီလိုလက်အမျိုးအစားက လက်ရေစာတွေ ကြမ်းနေတတ်ပြီး တိတ်ခိုင်ပြီး တိုတိုတုတ်တုတ်ဖြစ်နေတတ်ကြတယ်။ သောကြာဂြိုဟ်ခုံ မြင့်တတ်တဲ့ သဘောရှိတဲ့ လက်ပုံစံတစ်ခုဆိုရင်တော့ မမှားပါဘူး။

လက်ဖဝါးပြင်ကို လေ့လာတဲ့အခါ အသက်လမ်း၊ ဦးခေါင်းလမ်း၊ နှလုံးလမ်းနဲ့ကံလမ်းကြောင်းတွေလောက်ပါ ပါဝင်တတ်ပြီး အခြားသောလမ်းကြောင်းတွေ အမှတ်အသားတွေ၊ လမ်းမြွှာကလေးတွေ မပါရှိတတ်ကြပါဘူး။ အဓိကလမ်းတွေသာပါတဲ့ လက်ဖြစ်လို့ ရှင်းလင်းနေတတ်ပါတယ်။ မြေလက်ဝါးပိုင်ရှင်တွေဟာ သစ္စာတရား အလွန်ကြီးမားသူတွေဖြစ်ကြပါတယ်။ ဒါကြောင့် လုပ်ငန်းတွေမှာ တာဝန်ပေးအပ်သင့်သူတွေဖြစ်တယ်။ စိတ်ချယုံကြည်ရသူတွေဖြစ်ပါတယ်။ မြေလက်ဝါးပိုင်ရှင်တွေကို ခွန်အားစိုက်ထုတ်ရတဲ့ လုပ်ငန်းတွေမှာ တွေ့ရများပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်း၊ လက်သမားလုပ်ငန်း၊ ကျောက်မျက်ရတနာနဲ့ သတ္တုတူးဖော်တဲ့ လုပ်ငန်းတွေမှာ အတွေ့များတဲ့ လက်ပုံစံတွေ ဖြစ်ပါတယ်။

ဒီလိုမြေလက်ဝါးပိုင်ရှင်ဟာ မကာရရာသီရဲ့ အိမ်ရှင်ဂြိုဟ် (စနေ) ရဲ့ စိုးမိုးခြင်းကြောင့် စိတ်အားညှိုးငယ်ခြင်း၊ မှိုင်းထွေခြင်းတွေ ဖြစ်တတ်တဲ့သူတွေပါ။ သူတို့ဘဝဟာ လောကဇာတ်ခုံတစ်လျှောက် အနိမ့်အမြင့်စုံပြီး ဘဝစုံကြပါတယ်။ ရောက်ရာဘဝမှာ ပျော်အောင်နေတတ်တာကလည်း ပထဝီလက်ရဲ့ သဘောပါပဲ။ သောကြာနဲ့ ဗုဒ္ဓဟူးဂြိုဟ်တို့ရဲ့ ဩဇာပျံနှံရင်တော့ စေတနာထက်သန်တဲ့သူတွေဖြစ်လာကြပြီး ယဉ်ကျေးဖော်ရွေတဲ့၊ ထိုးထွင်းညဏ်ကောင်းတဲ့သူတွေ ဖြစ်လာကြပါတယ်။ ဒီလိုအားကောင်းလာရင်တော့ အင်ဂျင်နီယာ၊ သမားတော်ကြီး၊ စက်ရုံလုပ်သားကြီးတွေ ဖြစ်လာမှာ သေချာပါတယ်။

ပထဝီလက်ရဲ့ ဆိုးတဲ့အချက်တွေကို လေ့လာလိုက်တဲ့အခါ ပုတိုတဲ့ လက်မထင်ရှားလာတဲ့အတွက် စိတ်မထိုင်းနိုင်လို့ ဖြစ်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်တဲ့သူတွေက ဒီလိုလက်ပုံစံသမားတွေဖြစ်နေတတ်ပါတယ်။ မို့မောက်တဲ့ သောကြာဂြိုဟ်ခုံရဲ့သတ္တိတွေနဲ့ပေါင်းစပ်လိုက်တဲ့အခါ ဖြစ်တဲ့သဘောပါ။ ဒီလူတွေဟာ ဘယ်အရာကိုမဆို အလေးအနက် မထားတတ်တာကလည်း ပြောစရာတစ်ချက်ဖြစ်တယ်။ သောကြာဂြိုဟ်ခုံအားကောင်းတဲ့ မြေလက်ဝါးသမားတွေကတော့ တဏှာရာဂကိစ္စမှာ သူများထက် ပိုပြီး အားသန်တတ်ကြတာကိုလည်း တွေ့ရတတ်ပါတယ်။

ပထဝီလက်ပိုင်ရှင် အိမ်ရှင်မတွေကတော့ အလွန်အိမ်ရှင်မပီသပြီး မိမိအိမ်ထောင်သည်အပေါ် အလွန်သစ္စာရှိတဲ့ သူတွေဖြစ်ကြပါတယ်။ အိမ်မြဲပြီး အိမ်တွင်းလုပ်ငန်းတွေကို လုပ်ကိုင်ရင်း ဘဝကို ကြေနပ်နေတာပါ။ အိမ်ရှင်မကောင်းတွေဖြစ်တယ်လို့ ပြောရပါလိမ့်မယ်။ မြေလက်သမားတွေမှာ ကြာသာပတေးဂြိုဟ်ခုံအားကောင်းပြီး ခရုပတ်လက်ဗွေတွေဖြစ်ခဲ့ရင် နယ်မြေအုပ်ချုပ်ရတဲ့ ထင်ရှားတဲ့ မင်းမှုထမ်းဖြစ်လာပါလိမ့်မယ်။ စနေဂြိုဟ်ခုံအားကောင်းခဲ့ပြီး ခရုပတ်ဗွေဖြစ်ခဲ့ရင်တော့ ထင်ရှားတဲ့ စစ်သည်တော် ဖြစ်မှာပါ။ ဒါက ဥပမာဖြစ်ပြီ လက်(၄) မျိုးနဲ့ ဂြိုဟ်ခုံ(၇) ခုအတွက် အခြေခံအတွဲတွေရှိပြီး လက်ဗွေပုံစံတွေနဲ့ တွဲဘက်အဟောပေးရပါတယ်။ ဒါဆိုရင် ပိုတိကျလာပြီပေါ့။

အခုတင်ပြတာက မြေလက်-ပထဝီလက်( Earth Hand) အကြောင်း ဖြစ်ပါတယ်။ အခြားလက်တွေအကြောင်းကိုလည်း ဆက်လက်တင်ပြသွားပါဦးမယ်။

ဆရာကင်္ကသူ (ရိုးရာလေး)

Doctoral Thesis Of Astro-Palmist.

Membership Of (H.A.P.R.I)

Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top