အရွယ်နဲ့မလိုက်အောင် တက္ကသိုလ်တက်နေတဲ့ ပါရမီရှင်လေး

yyl-023-8.jpg

ဘယ်လ်ဂျီယံနိုင်ငံက လောရန့် ဆိုင်မွန် ( Laurent Simons) ဆိုတဲ့ကလေးလေးက အရွယ်နဲ့ မလိုက်အောင် ထူးချွန်တဲ့ ပါရမီရှင်လေးပါ။ သူဟာ အသက် (၉) နှစ်မှာပဲ ဘွဲ့ရဖို့အတွက် တက္ကသိုလ်တက်ရောက်နေတာဖြစ်ပါတယ်။ သူက Eindhoven Univeristy of Technology (TUE) မှာ လျှပ်စစ်အင်ဂျင်နီယာကို သင်ယူနေပါတယ်။ ဒီဘာသာရပ်က သာမန်တက္ကသိုလ် အရွယ်ကျောင်းသားတွေ အတွက်တောင် သင်ယူဖို့ခက်ခဲပါတယ်။

သူက ဒီဇင်ဘာလမှာ လျှပ်စစ်အင်ဂျင်နီယာဘွဲ့ကို ရရှိတော့မှာဖြစ်ပါတယ်။ ကျောင်းပြီးသွားရင် ဆေးဘွဲ့အတွက် လေ့လာသင်ယူရင်းနဲ့ လျှပ်စစ်အင်ဂျင်နီယာ ဒေါက်တာဘွဲ့ပရိုဂရမ်ကို လုပ်ဆောင်ဖို့ စီစဉ်ထားပါတယ်။ အဘိုးအဘွားတွေက လောရန့်မှာ အထုံပါရမီရှိတယ်လို့ ပြောတဲ့အခါမှာ ချဲ့ကားပြောနေတယ်လို့ လောရန့်ရဲ့မိဘတွေဖြစ်တဲ့ လီဒီယား နဲ့ အလဇန္ဒား ဆိုင်မွန်တို့က ထင်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူ့ဆရာမတွေကလည်း လောရန့်ရဲ့အဘိုးနဲ့အဘွားလိုပဲ ပြောလာခဲ့ပါတယ်။

အဲဒီနောက်မှာ သူတို့လည်း လောရန့်နဲ့ပတ်သက်ပြီး တစ်ခုခုထူးခြားတယ်ဆိုတာကို သတိပြုမိလာခဲ့ပါတယ်။ လောရန့်က ဆရာဝန်မိသားစုက လာတာဖြစ်တဲ့အတွက် သူက အတက်မြန်ပြီး အရမ်းသင်ယူနိုင်စွမ်း ရှိတာဖြစ်တာဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူ့အမေကတော့ ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ ငါးတွေအများကြီး စားခဲ့တာကြောင့် လောရန့်က အခုလိုအထုံပါရမီ ရှိခဲ့တာဖြစ်ပါတယ်လို့ ဆိုပါတယ်။ TUE ကလည်း လောရန့်ကို အခြားကျောင်းသား/သူတွေထက် အတက်မြန်တာကြောင့် ဒီတက္ကသိုလ်ကို တက်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။ လောရန့် အကြိုက်ဆုံးဘာသာရပ်က လျှပ်စစ်အင်ဂျင်နီယာဖြစ်ပြီး ဆေးပညာအကြောင်း နည်းနည်းလေ့လာသွားမယ်လို့ လောရန့်က ပြောပါတယ်။

လောရန့်က သင်လွယ်တက်လွယ်တဲ့အတွက် သူ့မိဘတွေက သူ့ကို ပျော်ရွှင်ခွင့်ပေးထားပါတယ်။ “ကျွန်တော်တို့ သူ့ကို မတင်းကျပ်စေချင်ပါဘူး။ သူကြိုက်တဲ့အရာမှန်သမျှကို လုပ်တယ်။ကလေးတစ်ယောက်ဖြစ်တာနဲ့ သူ့ရဲ့အရည်အချင်းကြားက ညီမျှမှုကို ကျွန်တော်တို့ရှာဖို့လိုပါတယ်” လို့ သူ့အဖေက ပြောပါတယ်။ လောရန့်က သူ့ခွေးလေး ဆန်မီနဲ့ကစားတာ၊ အခြားကလေးတွေလိုပဲ ဖုန်းသုံးရတာကို ပျော်ပါတယ်။ ဒါပေမဲ့ အသက် (၉) နှစ်အရွယ်ကလေးအများစုနဲ့ မတူတာက သူလုပ်ချင်တဲ့အရာကို ဖြစ်အောင်လုပ်ခဲ့တာပါပဲ။

လောရန့်က ဘွဲ့ရပြီးသွားရင် နောက်တဆင့်အနေနဲ့  Academic Institution ကို ရွေးချယ်ရမှာဖြစ်ပါတယ်။ အဲဒီမတိုင်ခင် လောရန့်က ဂျပန်နိုင်ငံကို အလည်အပတ်ခရီးထွက်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Ref: Nine-year-old child genius to graduate university

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top