ရောဂါပိုးမွှားတွေကို ပျံ့နှံ့စေနိုင်တဲ့အလေ့အကျင့်တွေကို စွန့်လွှတ်သင့်ပါပြီ

13-5-2020-yyl-036.jpg

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဖြစ်ပွားမှုနဲ့အတူ ကျွန်တော်တို့အားလုံးက တစ်ကိုယ်ရည်သန့်ရှင်းမှုအလေ့အထနဲ့ပတ်သက်ပြီး အထူးဂရုစိုက်ဖို့လိုလာပါတယ်။ ရောဂါပိုးမွှားတွေ ပေါက်ဖွားမှုတွေမရှိအောင် အိမ်ကိုလည်း သန့်ရှင်းအောင်ထားသင့်ပါတယ်။ COVID-19 ကြောင့် လက်ဆေးတာကို အရင်ကထက်ပိုပြီး လုပ်ဆောင်နေရပြီး တစ်ကိုယ်ရည်သန့်ရှင်းမှုစည်းမျဉ်းတွေအားလုံးကိုလည်း လိုက်နာပေးဖို့ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေက အကြံပြုထားပါတယ်။

ဒါပေမဲ့ ရောဂါပိုးမွှားတွေ ပျံ့နှံ့အောင် ကျွန်တော်တို့သတိမထားမိဘဲ လုပ်မိနေတဲ့ အလေ့အကျင့်ဆိုးတချို့ရှိနေပါသေးတယ်။ အဲဒီအလေ့အကျင့်တွေကို စွန့်လွှတ်သင့်နေပါပြီ။ ဘယ်လိုအကျင့်တွေလဲဆိုတာကို မျှဝေပေးလိုက်ရပါတယ်။

အိမ်သာရေဆွဲချစဉ်မှာ အိမ်သာအဖုံးကိုပိတ်မထားတာ

အိမ်သာတတ်ပြီးလို့ ရေဆွဲချတဲ့အခါမှာ အိမ်သာထဲက ရောဂါပိုးမွှားနဲ့ရေတွေက လေထဲကို ရောက်သွားနိုင်ပါတယ်။ ရေဆွဲချတဲ့အချိန် သန့်စင်ခန်းအဖုံးကို ပိတ်မထားရင် သင့်လက်တွေ၊ အိမ်သာကြမ်းပြင်တွေ၊ ရေချိုးခန်းကြမ်းပြင်တွေ၊ အနီးနားမှာရှိတဲ့အရာဝထ္တုတွေကို ရောဂါပိုးမွှားတွေကပ်ညှိလာနိုင်ပါတယ်။ ဒါကြောင့် အိမ်သာရေဆွဲချတဲ့အခါ အိမ်သာအဖုံးကို ပိတ်ထားသင့်ပါတယ်။

ဘောပင်ကိုက်တာ

ဒီအလေ့အကျင့်ဟာဆိုရင် ငယ်ငယ်လေးကတည်းက လူတော်တော်များများလုပ်ဖြစ်ခဲ့တဲ့အရာဖြစ်ပါတယ်။ တချို့လူတွေက အဲဒီအကျင့်ကို ကြီးတဲ့အထိပါလာပါတယ်။ ဘောပင်၊ ခဲတံတွေကို ကိုက်တတ်တဲ့အကျင့်က အခုထိမပျောက်ကြသေးပါဘူး။ ဒီအကျင့်ကလည်း သင့်ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ ရောဂါပိုးမွှားတွေပျံ့နှံ့စေနိုင်ပါတယ်။ ဒါကြောင့် ဒီအကျင့်ကို ရပ်တန့်ပစ်သင့်ပါတယ်။ သင့်တူ၊တူမ၊ သားသမီးတွေကလည်း အဲဒီအကျင့်မျိုးရှိရင် မလုပ်ဖို့ သင်ပေးသင့်ပါတယ်။

အရာဝတ္ထုတွေကို ဖွင့်ဖို့ ပါးစပ်ကို အသုံးပြုတာ

နို့ဗူး၊ အချိုရည်ဗူးတွေကို သင့်ပါးစပ်နဲ့ကိုက်ပြီး ဖွင့်တတ်ကြတယ်မလား။ ဒီအကျင့်က တစ်ကိုယ်ရည်သန့်ရှင်းမှုမရှိပါဘူး။ သင့်ဆီ ရောက်မလာခင်မှာ နို့ဗူးနဲ့ အချိုရည်ဗူးတွေကို လူ ဘယ်နှစ်ယောက်ကထိကိုင်ပြီလဲဆိုတာကို ကျွန်တော်တို့မသိနိုင်ပါဘူး။ အဲဒီမှာရှိနေတဲ့ရောဂါပိုးမွှားတွေက သင်ပါးစပ်နဲ့ထိမိလိုက်တဲ့အခါမှာ သင့်ဆီ ရောဂါပိုးမွှားတွေ ပျံ့နှံ့လာနိုင်ပါတယ်။ အဲဒီပစ္စည်းတွေကို ဖွင့်ဖို့ဆိုရင် ကတ်ကြေးအသုံးပြုတာဖြစ်ဖြစ်၊ လက်ကိုသုံးတာပဲဖြစ်ဖြစ်လုပ်ပါ။

ပန်းကန်ဆေးရေမြှုပ်တစ်ခုတည်းကို အချိန်အကြာကြီးအသုံးပြုတာ

အိုးခွက်ပန်းကန်တွေ၊ မိုက်ခရိုဝေ့တို့ကို သန့်စင်တဲ့အခါ ရေမြှုပ်ကို အသုံးပြုတယ်ဆိုရင် တစ်ပတ်တစ်ခါလောက်တော့ ရေမြှုပ်ကို လဲပေးသင့်ပါတယ်။ ရေမြှုပ်မှာ ဘတ်တီးရီးယားပိုးတွေ၊ ရောဂါပိုးမွှားတွေ ကပ်ညှိနိုင်တာကြောင့် ရေမြှုပ်တစ်ခုတည်းကို အချိန်အကြာကြီးအသုံးမပြုသင့်ပါဘူး။

အရုပ်တွေကို လျှော်ဖွတ်ပိုးသတ်ခြင်းမရှိတာ

သင့်အိမ်မှာ ကလေးတွေရှိရင် ကလေးတွေက အရုပ်တွေကို ပါးစပ်ထဲထည့်ပြီး မြေပြင်ပေါ်လွှတ်ပစ်တာတွေရှိပါတယ်။ ကစားတဲ့အခါ ပြန်ကောက်ပြီး ပြန်ဆော့တတ်ကြပါတယ်။ အဲဒီအရုပ်တွေမှာ ရှိတဲ့ရောဂါပိုးမွှားတွေက ကလေးတွေရဲ့ကိုယ်ခံအားစနစ်ကို အားနည်းသွားစေပြီး ဖျားနာခြင်းတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် လူကြီးတွေက အရုပ်တွေကို အပတ်တိုင်း (ဒါမှမဟုတ်) မကြာခဏ သန့်စင်ပိုးသတ်ပေးသင့်ပါတယ်။ အဲဒီအရုပ်တွေကို အခြားသူတွေကိုင်ရင်လည်း ပိုးသတ်ပေးသင့်ပါတယ်။

ပိုက်ဆံအိတ်ကို ကြမ်းပြင်ပေါ်မှာ ထားတာ

ဒီအကျင့်ကို သင့်သတိထားမိမှာမဟုတ်ပါဘူး။ အိတ်နဲ့ ပိုက်ဆံအိတ်တွေကို ကြမ်းပြင်ပေါ်မှာ အကြိမ်တော်တော်များများ ထားတတ်ကြပါတယ်။ ဒီလိုလုပ်တာက အိတ်နဲ့အတူ အိမ်ကို ဘတ်တီးရီးယားပိုးမွှားတွေ သယ်လာတာပါပဲ။ ပိုက်ဆံအိတ်ကို ကြမ်းမြင်မှာမထားမိပါစေနဲ့။ ပိုက်ဆံအိတ်ကိုလည်း ပိုးသတ်ပေးသင့်ပါတယ်။

Ref: 6 germ-spreading habits that you should give up right now

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top