နှလုံးနဲ့ အဆုတ်ကျန်းမာရေး ပြဿနာတွေကို ကျော်လွှားပြီး ကိုရိုနာဗိုင်းရပ်စ်ကိုလည်း တွန်းလှန်နိုင်ခဲ့တဲ့ (၆) လသမီးလေး

28-4-2020-yyl-008.jpg

လက်ရှိအချိန်မှာ COVID-19 ကပ်ရောဂါကို လူတိုင်းစိုးရိမ်ပူပန်နေရတဲ့ အခြေအနေဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆေးရုံမှာ လူနာတွေနဲ့ပြည့်နေပြီး ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေလည်း အကာအကွယ်ပစ္စည်းတွေ ပြတ်လပ်ခဲ့တဲ့အတွက် သေဆုံးမှုတွေလည်းရှိနေပါတယ်။ တချို့နိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ်အတွက် ဖြေဆေးနဲ့ ကုသဆေးမပေါ်သေးပေမဲ့ ထိန်းချုပ်နိုင်နေပြီး လူသားတွေအတွက် မျှော်လင့်ချက်ရောင်ခြည်လေးသမ်းနေပါပြီ။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသူတွေထဲမှာ (၆) လသမီးလေး အန်ရင်း ဘိတ်စ်လည်း အပါအဝင်ဖြစ်ပါတယ်။

အဲဒီ (၆) လသမီးလေးဟာ နှလုံးခွဲစိပ်ကုသမှုခံယူပြီးတဲ့နောက်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတာပါ။ သူ့ရဲ့မိဘတွေဖြစ်တဲ့ အန်မာနဲ့ ဝါလ်နီတို့က သမီးလေး အသက်အန္တရာယ်ကနေ ကျော်ဖြတ်နိုင်ဖို့အတွက် အကောင်းဆုံးကြိုးစားခဲ့ကြပါတယ်။ အခုဆိုရင် အန်ရင်းလေးက ကိုရိုနာဗိုင်းရပ်စ်ကို တွန်းလှန်နိုင်ခဲ့ပြီလို့ သိရပါတယ်။အန်မာနဲ့ဝါလ်ရီတို့ဟာ ကလေးရဖို့အတွက် (၁၀) နှစ်လောက်ကြိုးစားခဲ့ရတာပါ။ အဲဒီနောက်မှာ အန်ရင်းကို ကိုယ်ဝန်လွယ်ထားရပြီး ၂၀၁၉ခုနှစ် အောက်တိုဘာ ၈ ရက်နေ့က မွေးဖွားခဲ့ပါတယ်။ ဒါပေမဲ့ (၂) လနီးပါးအကြာ နိုဝင်ဘာ ၂၉ ရက်နေ့မှာ အန်ရင်းလေးဟာ ရှားပါးပြီး အန္တရာယ်များတဲ့ နှလုံးပြဿနာကို ခံစားခဲ့ရပါတယ်။

ဒီဇင်ဘာ ၂၃ ရက်နေ့မှာတော့ နှလုံးခွဲစိပ်ကုသမှုခံယူခဲ့ရပြီး အထူးကြပ်မတ်ခန်းမှာ တစ်ပတ်လောက် နေခဲ့ရပါတယ်။ နှလုံးကုသဆောင်မှာ (၂) ရက်တာနေပြီးတဲ့နောက်မှာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့အတွက် အထူးကြပ်မတ်ခန်းကို ပြန်သွားခဲ့ရပါတယ်။ သူ့ရဲ့အဆုတ်က ယိုယွင်းနေခဲ့ပြီး လေလမ်းကြောင်းကလည်း ကျဉ်းမြောင်းနေခဲ့ပါတယ်။ နောက်တော့ အသက်ရှုစက်အကူအညီမပါဘဲနဲ့ အသက်မရှုနိုင်ဘူးဆိုတာကို သိခဲ့ရပါတယ်။ အဲဒီကတည်းက မိဘတွေက ဆေးရုံမှာ အချိန်ပြည့်နေခဲ့ရပါတယ်။ အန်ရင်း ဒီထက်ပိုဆိုးလာရင် နောက်ထပ်ခွဲစိပ်ကုသမှုကို ခံယူရမှာဖြစ်ပါတယ်။

ဧပြီလ ၁၀ ရက်နေ့မှာ အန်ရင်းလေးက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုကနေ သက်သာလာခဲ့ပါတယ်။ ဒါပေမဲ့ အသက်အန္တရာယ်စိုးရိမ်ရသေးပေမဲ့လည်း ဆရာဝန်တွေက ကလေးဟာ နလန်ပြန်ထူလာခဲ့ပြီး COVID-19 ကို တွန်းလှန်နိုင်ခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။ ဗိုင်းရပ်စ်က ကလေးကို တော်တော်လေး ထိခိုက်စေခဲ့ပြီး အတတ်အကျတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ နဂိုရောဂါအခံရှိတဲ့သူတွေအတွက် ကိုရိုနာဗိုင်းရပ်စ်က သေမိန့်မဟုတ်ဘူးဆိုတာကို အန်ရင်းက သက်သေပြခဲ့ပါတယ်။ အန်ရင်းက ပြဿနာတွေကို ကျော်လွှားပြီး အခုဆိုရင် မျက်နှာမှာ အပြုံးပန်ဆင်ပြီး အသက်ရှင်နေပါတယ်လို့ အန်ရင်းရဲ့ဖခင် ဝါလ်နီက ဆိုပါတယ်။

ဒီလိုအချိန်တွေမှာ ဆေးရုံက ကလေးနဲ့အတူနေဖို့အတွက် မိဘတွေထဲက တစ်ဦးကိုသာ ခွင့်ပြုပေးထားပါတယ်။ ဒါကြောင့် မိခင် အန်မာက ကလေးနဲ့ နေပေးနေပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးကတည်းက ဝါလ်နီဟာ ကလေးကို တွေ့ခွင့်မရခဲ့ပါဘူး။ အခုတော့ ဆေးရုံမှာကလေးကို သွားကြည့်ခွင့်ရခဲ့ပါပြီ။

အသက်ငယ်ငယ်လေးနဲ့ ရောဂါမျိုးစုံကနေ ကျော်လွှားနိုင်ခဲ့တဲ့ အန်ရင်းရဲ့သတင်းက လူမှုကွန်ယက်အကောင့်မှာ ပျံ့နှံ့သွားခဲ့ပြီး လက်ရှိအချိန်မှာစိုးရိမ်ပူပန်မှုတွေ ဖြစ်နေရတဲ့ လူတိုင်းကို အံ့သြဝမ်းသာမိစေခဲ့ပါတယ်။ အန်ရင်းတို့မိသားစုရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ငွေရေးကြေးရေးဆိုင်ရာ အခြေအနေတွေကို ကူညီပေးဖို့အတွက် GoFundMe campaign ထောင်ထားပါတယ်။ အန်ရင်းရဲ့ဘဝရှေ့ဆက်ဖို့နဲ့ ဆေးကုသမှုတွေကို ထောက်ပံ့ပေးချင်တဲ့သူတွေရှိရင် အန်မာနဲ့ ဝါလ်နီတို့ကိုယ်တိုင် ထောင်ထားတဲ့ Erin’s Journey ဖေ့စ်ဘွတ်ခ် Group ကိုလည်း Join လို့ရတယ်လို့ သိရပါတယ်။

Ref: 6-Month-Old Baby Survives Coronavirus After Fighting Heart Conditions And Lung Problems

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top