လက်သည်းကိုက်ခြင်းကြောင့်ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေ

image.jpg

တချို့လူတွေ စိတ်လှုပ်ရှားရင်ပဲဖြစ်ဖြစ် ပျင်းနေရင်ပဲဖြစ်ဖြစ် လက်သည်းတွေကို မကြာခဏ ကိုက်တတ်ကြပါတယ်။ တချို့လူတွေဆိုရင် လက်သည်းကိုက်တာက အကျင့်ကိုပါနေတာပါ။ လက်သည်းကိုက်တတ်တဲ့အကျင့်က ဆိုးကျိုးတွေဖြစ်လာစေနိုင်ပါတယ်။ သင်ဟာ လက်သည်းကိုက်တတ်တဲ့အကျင့်ရှိတယ်ဆိုရင် အခုကစပြီး ဒီအကျင့်ကို ရပ်တန့်ပစ်တာအကောင်းဆုံးပါပဲ။ လက်သည်းကိုက်ခြင်းကြောင့် သင့်မှာ ဘယ်လိုဆိုးကျိုးတွေဖြစ်လာနိုင်လဲဆိုရင်

သင့်ရဲ့သွားတွေကို ပျက်စီးစေနိုင်တယ်

သင့်ရဲ့သွားတွေက လက်သည်းတွေထက်ပိုပြီး အတော်လေးအကြမ်းခံနိုင်ပေမဲ့ လက်သည်းကိုက်တာကြောင့် သွားတွေနဲ့ သွားဖုံးကိုတောင် ထိခိုက်စေနိုင်ပါတယ်။ သွားနဲ့လက်သည်းတို့ မကြာခဏ ပွတ်တိုက်တာများရင် သင့်သွားတွေမှာ အက်ကြောင်းတွေဖြစ်လာစေနိုင်ပါတယ်။

ပါးစပ်အနံ့ဆိုးတွေဖြစ်လာစေနိုင်တယ်

သင့်လက်တွေကို မကြာခဏဆေးကြောရင်တောင် လက်သည်းကြားက ရောဂါပိုးမွှားတွေနဲ့ ဖုန်မှုန့်တွေအားလုံးကုန်စင်သွားတယ်လို့ ယူဆလို့မရနိုင်ပါဘူး။ လက်သည်းကြားက ဘတ်တီးရီးယားတွေက လက်သည်းကိုက်တာကနေတဆင့် သင့်ပါးစပ်ထဲ အလွယ်တကူဝင်ရောက်သွားမှာဖြစ်ပါတယ်။ အဲဒီဘတ်တီးရီးယားတွေက ပါးစပ်ထဲမှာ စွဲကျန်နေပြီး သွားဖုံးရောဂါနဲ့ ပါးစပ်အနံ့ဆိုးတွေဖြစ်လာစေနိုင်ပါတယ်။

ဝမ်းလျှောစေနိုင်တယ်

ပါးစပ်ထဲ ရှိနေတဲ့ ဘတ်တီးရီးယားပိုးတွေက ဗိုက်ထဲရောက်လာပြီး ဗိုက်နာတာနဲ့ ဝမ်းလျှောတာတွေဖြစ်လာနိုင်ပါတယ်။

မကြာခဏ အအေးမိလာနိုင်တယ်

မသန့်ရှင်းတဲ့လက်နဲ့ မျက်နှာကို ထိတွေ့တဲ့အခါတိုင်း ဖျားနာခြင်းဖြစ်နိုင်တဲ့အခွင့်အရေးပိုများပါတယ်။ အခြားလူတွေက လက်သည်းကိုက်တဲ့အကျင့်ရှိရင် လက်သည်းကြားက မမြင်နိုင်တဲ့ပိုးမွှားတွေကြောင့် မကြာခဏအအေးမိဖျားနာလာနိုင်ပါတယ်။

မျက်နှာမှာ ဝက်ခြံပေါက်လာနိုင်တယ်

လက်သည်းကိုက်တာကလည်း မျက်နှာမှာ ဝက်ခြံပေါက်လာနိုင်ပါတယ်။ လက်သည်းကိုက်တဲ့အခါ လက်သည်းနဲ့ လက်ချောင်းတွေက ပိုးမွှားတွေက မျက်နှာပေါ် ကူးပြောင်းတာကြောင့် အထူးသဖြင့် နှုတ်ခမ်းနားမှာ ဝက်ခြံထွက်လာနိုင်ပါတယ်။

နာတာရှည်ခေါင်းကိုက်ဝေဒနာကို ခံစားရနိုင်တယ်

လက်သည်းကိုက်တတ်တဲ့အကျင့်ရှိတဲ့လူတွေဟာ သွားကြိတ်တတ်တဲ့အခြေအနေဖြစ်လာနိုင်ပါတယ်။ သွားကြိတ်တဲ့သူတွေက မေးရိုးနာကျင်တာ၊ ကြွက်သားတင်းတာ၊ မျက်နှာတစ်ဝိုက်နာကျင်တာနဲ့ နာတာရှည်ခေါင်းကိုက်တာမျိုးတွေကြုံတွေ့ရနိုင်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top