ညီမလေးကို သက်စွန့်ဆံဖျားကယ်ခဲ့တဲ့ ကောင်လေးကို မင်းသမီး အန်နီး ဟသာဝေးက ချီးမွမ်းစကားဆို

16-7-2020-yyl-022.jpg

ဇာတ်ကားတွေထဲကလိုပဲ အပြင်မှာလည်း တကယ့်လူစွမ်းကောင်းတွေရှိပါတယ်နော်။ အသက်သာငယ်ပေမဲ့ သတ္တိရှိပြီး လူစွမ်းကောင်းပီသတယ်ဆိုတာကို ဝိုင်အိုးမင်းပြည်နယ်က အသက် (၆) နှစ်အရွယ် ဘရစ်ဂါ ဝေါ့ကာဆိုတဲ့ ကလေးလေးက သက်သေပြလိုက်တာပါပဲ။ ဘရစ်ဂါက သူ့ညီမလေး ခွေးကိုက်ခံရမှာကို သတ္တိရှိရှိကယ်တင်ခဲ့ပြီးတဲ့နောက်မှာတော့ နာမည်ကြီးမင်းသမီး အန်နီး ဟသာဝေးက စူပါဟီးရိုးတစ်ယောက်လို ဘရစ်ဂါကို ချီးမွမ်းစကားဆိုခဲ့တဲ့အပြင် လူမှုကွန်ယက်မှာလည်း နာမည်ကြီးသွားခဲ့ပါတယ်။

ဇူလိုင်လ (၉) ရက်နေ့က အသက် (၄) နှစ်အရွယ် ဘရစ်ဂါရဲ့ညီမလေးကို ဂျာမန်သိုးထိန်းခွေးတစ်ကောင်က ထိခိုက်နာကျင်အောင်လုပ်မယ့်အချိန်မှာ ဘရစ်ဂါက သူ့ညီမလေးကို ဝင်ကာကွယ်ပေးခဲ့ပါတယ်။ သူ့ညီမကို ကာကွယ်ပေးပြီး ကယ်တင်ခဲ့တာကြောင့် ဘရစ်ဂါက အဲဒီခွေးရဲ့ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုကို ခံခဲ့ရတယ်လို့ သိရပါတယ်။ ဘရစ်ဂါရဲ့ပါးမှာ ထိခိုက်ဒဏ်ရာရသွားခဲ့ပြီး အချက် (၉၀) ကျော်ချုပ်ရမှာဖြစ်တဲ့အတွက် (၂) နာရီကြာ ခွဲစိပ်ကုသမှုကို ခံယူခဲ့ရပါတယ်။ ဘရစ်ဂါကို ညီမလေးနဲ့ ခွေးရဲ့ကြား ဘာလို့ခုန်ဝင်ပစ်ခဲ့တာလဲလို့ သူ့အဖေက မေးတော့ “တစ်စုံတစ်ယောက် သေရမယ့်ဆိုရင် အဲဒီလူက ကျွန်တော်ပဲဖြစ်သင့်တယ်”လို့ ဘရစ်ဂါက ပြောပါတယ်။

ဘရစ်ဂါရဲ့အကြောင်းကို သူ့အန်တီက အင်စတာဂရမ်မှာတင်ခဲ့ပြီးတဲ့နောက်မှာ မင်းသမီး အန်နီး ဟသာဝေးက ဘရစ်ဂါကို သတိထားမိသွားခဲ့ပြီး ချီးမွမ်းစကားဆိုခဲ့ပါတယ်။ “ကျွန်မက Avenger တစ်ယောက်မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်စုံတစ်ယောက်ကို မြင်လိုက်ရင် စူပါဟီးရိုးဆိုတာ ကျွန်မသိပါတယ်။ ဘရစ်ဂါ…သားလိုမျိုး သတ္တိရှိဖို့ အန်တီ့ဘဝမှာ တစ်ဝက်လောက်ပဲ မျှော်လင့်လို့ရနိုင်တယ်။ မြန်မြန်သက်သာလာပြီး ကြည့်ကောင်းနေဖို့ ဆုတောင်းပေးပါတယ်”လို့ အန်နီး ဟသာဝေးက ချီးမွမ်းစကားဆိုထားတဲ့အပြင် Hulk ဇာတ်ကောင် Markruffalo ကိုလည်း mention ခေါ်ပြီး “ဟေး..အဖွဲ့သား လိုအပ်လား”လို့ မေးထားပါသေးတယ်။

Avengers ဇာတ်ကားထဲက သရုပ်ဆောင်တွေကတော့ အန်နီး ဟသာဝေးရဲ့ပို့စ်မှာ ကွန်မန့်လာမပေးကြသေးပေမယ့် အဲဒီပို့စ်မှာ Like ပေးတဲ့သူ (၁) သန်းကျော်၊ ကောင်လေးကို ချီးမွမ်းထားတဲ့ ကွန်မန့် တွေ ထောင်ချီရှိခဲ့ပါတယ်။ ဘရစ်ဂါရဲ့မိသားစုကလည်း စူပါဟီးရိုးဇာတ်ကောင်တွေဖြစ်ကြတဲ့ တွမ်ဟော်လန်၊ ဟုဂျက်မန်း၊ ဇက်ခရီ လီဗီ၊ ရိုဘီ အမယ်လ်တို့ကို ဘရစ်ဂါအကြောင်း သိသွားအောင် အင်စတာဂရမ်မှာ Mention ခေါ်ခဲ့ကြပါသေးတယ်။

Ref: CNN “6-year-old boy praised by Anne Hathaway on social media for saving little sister from dog attack”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply