ဂျပန်အစိုးရက အရက်ယမကာသောက်သုံးမှုကို မြှင့်တင်ဖို့ နိုင်ငံတစ်ဝန်းမှာ ကမ်ပိန်းပြုလုပ်

18-8-2022-yyl-11.jpg

ဂျပန်နိုင်ငံမှာ အရက်ယမကာအခွန်ငွေကျဆင်းလာပြီးနောက် လူငယ်တွေ အရက်ယမကာပိုသောက်လာအောင် တိုက်တွန်းဖို့အတွက် အကြံဉာဏ်တွေ တောင်းဆိုတဲ့ ကမ်ပိန်းလှုပ်ရှားမှုတစ်ခုကို ဂျပန်အစိုးရက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ဆောင်နေပါတယ်။ အမျိုးသားအခွန်အေဂျင်စီက ဦးစီးလုပ်ဆောင်တဲ့ The Sake Viva ဆိုတဲ့ ကမ်ပိန်းလှုပ်ရှားမှုဖြစ်ပါတယ်။ ဒီကမ်ပိန်းက ကပ်ရောဂါအတွင်း လူနေမှုပုံစံပြောင်းလဲသွားတာကြောင့် အသောက်နည်းသွားတဲ့ အရက်ယမကာတွေကို ပြန်ပြီးလူကြိုက်များလာအောင် ကူညီပေးမယ့် အဆိုပြုလွှာတွေ တင်သွင်းဖို့ အသက် (၂၀-၂၉) နှစ်အရွယ်လူတွေကို တောင်းဆိုထားပါတယ်။

ဒီကမ်ပိန်းက စက်တင်ဘာ ၉ ရက်နေ့အထိ ဖြစ်ပြီး အိမ်တွင်းအရက်ယမကာသောက်သုံးမှုကို မြှင့်တင်ဖို့ နည်းလမ်းတွေအပြင် ထုတ်ကုန်အသစ်နဲ့ ဒီဇိုင်းအသစ်တွေကိုလည်း တောင်းဆိုထားပါတယ်။ ပါဝင်ယှဉ်ပြိုင်သူတွေကို metaverse အသုံးပြုပြီး အရောင်းနည်းလမ်းတွေကို လေ့လာဖို့လည်း တိုက်တွန်းထားပါတယ်။

ဂျပန်နိုင်ငံမှာ အရက်ဘီယာသောက်သုံးမှုဟာ ၁၉၉၅ ခုနှစ်က ပျမ်းမျှအားဖြင့် တစ်နှစ်ကို လူတစ်ဦး လီတာ (၁၀၀) ကနေ ၂၀၂၀ခုနှစ်မှာ ၇၅ လီတာအထိ ကျဆင်းသွားခဲ့တယ်လို့ အမျိုးသားအခွန်အေဂျင်စီက ပြောပါတယ်။ အရက်ဘီယာရောင်းချမှုကျဆင်းတာက ဂျပန်နိုင်ငံရဲ့ဘတ်ဂျက်ကို ထိခိုက်ခဲ့ပါတယ်။

အရက်အခွန်ဝင်ငွေက ၂၀၁၁ ခုနှစ်က ၃ ရာခိုင်နှုန်းနဲ့ ၁၉၈၀ ခုနှစ်မှာ ၅ ရာခိုင်နှုန်းကနေ ၂၀၂၀ ခုနှစ်မှာ ၁.၇ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် ဘဏ္ဍရေးနှစ်က စုစုပေါင်းအရက်အခွန်ဝင်ငွေက ပြီးခဲ့တဲ့နှစ်နဲ့ယှဉ်ရင် ယန်း ၁၁၀ ဘီလျံ ကျော်ကျဆင်းသွားခဲ့ပါတယ်။ ဒါက ၃၁ နှစ်အတွင်း အရက်ယမကာအခွန်ဝင်ငွေမှာ အကြီးမားဆုံးကျဆင်းမှုဖြစ်ပါတယ်။ ဘီယာသောက်သုံးမှုကလည်း သိသိသာသာကျဆင်းခဲ့ပြီး ရောင်းအားပမာဏမှာ ၁.၈ ဘီလျံလီတာအောက် ၂၀ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။

လူတွေရဲ့အလေ့အထက ကပ်ရောဂါအတွင်း အိမ်ကနေ အလုပ်လုပ်ရတာ ပိုများလာတာနဲ့ ပြောင်းလဲသွားခဲ့တာဖြစ်နိုင်တယ်လို့ အမျိုးသားအခွန်အေဂျင်စီရဲ့တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ကမ်ပိန်းလှုပ်ရှားမှုက သင့်တင့်တဲ့ အရက်ဘီယာပမာဏကိုသာ သောက်သုံးဖို့လည်း လူတွေကို သတိပေးမယ်လို့ မျှော်လင့်ကြောင်း ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။

ကမ်ပိန်းလှုပ်ရှားမှုမှာ ပါဝင်တဲ့ နောက်ဆုံးဆန်ကာတင်ပြိုင်ပွဲဝင်တွေကို နိုဝင်ဘာ ၁၀ ရက်နေ့ တိုကျိုမြို့မှာပြုလုပ်မယ့် ဆုပေးပွဲကို ဖိတ်ကြားသွားမှာဖြစ်ပါတယ်။

Ref: The Guardian “Japan launches nationwide competition to boost alcohol consumption”

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top