ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားတဲ့ ကျောင်းသားကို ကယ်တင်ခဲ့တဲ့ ဘောလုံးနည်းပြ

keoan.jpg

အထက်တန်းကျောင်းရဲ့ ဘောလုံးနည်းပြ ကီနွန် လိုဝီ (Keanon Lowe) ဟာ အရင်အပတ် သောကြာနေ့က အမေရိကန်နိုင်ငံ၊ အိုရီဂွန်ပြည်နယ်၊ အရှေ့မြောက် ပေါ့တ်လန်မြို့က ပါ့ခ်ရို့စ် အထက်တန်းကျောင်း (Park Rose High School) မှာ သေနတ်နဲ့ ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားတဲ့ အမည်မသိ ကျောင်းသားတစ်ဦးကို မြေပြင်မှာ ချုပ်နှောင်ထိန်းချုပ်ထားပြီး ရဲတွေ ရောက်လာခဲ့တဲ့နောက် ကျောင်းသားကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

တစ်ဦးတစ်ယောက်မှ ဒဏ်ရာမရခဲ့သလို၊ ကျောင်းသားတွေ အားလုံးလည်း ဘေးကင်း လုံခြုံခဲ့တယ်။ အဲဒီကျောင်းသားက ကိုယ့်ကိုယ်ကို သတ်သေဖို့ ရည်ရွယ်ချက်နဲ့ သေနတ်ကို ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။ လိုဝီဟာ လွန်ခဲ့တဲ့ (၁၀) စုနှစ် လောက်မှာ အိုရီဂွန်ပြည်နယ်က အထင်ကရ ကျောင်းတစ်ခုရဲ့ နာမည်ကျော်ဘောလုံးသမား ဖြစ်ခဲ့ဖူးပါတယ်။ သူက သောကြာနေ့က ဖြစ်သွားခဲ့တဲ့ ဖြစ်စဉ်အတွက် အဲဒီနေ့ညနေပိုင်းမှာ မေးမြန်းခံခဲ့ရပြီး သူက ဘယ်သူမှ ဒဏ်ရာမရခဲ့တဲ့အတွက် ပျော်ရွှင်ဝမ်းသာမိတယ်လို့ ပြောသွားခဲ့ပါတယ်။

လိုဝီက “အားလုံး အဆင်ပြေခဲ့တဲ့အတွက် ကျွန်တော် ပျော်ရွှင်မိပါတယ်။ ကျောင်းသားတွေ နဲ့ ကျောင်းအတွက် ရှိနေပေးနိုင်ခဲ့လို့ ကျွန်တော် ဝမ်းသာပါတယ်” လို့ ပြောသွားပါတယ်။ ပေါ့တ်လန် ရဲတွေပြောစကားအရ ကျောင်းရဲ့ဘောလုံးနည်းပြက တင်းနစ် ရိုက်ကွင်းဘေးနားမှာ ကိုယ့်ကိုကိုယ် သတ်သေဖို့ ပြင်ဆင်နေတဲ့ ကျောင်းသားကို ထိန်းချုပ်ခဲ့ကြောင်း၊ ဘယ်သူမှ ဒဏ်ရာမရခဲ့ကြောင်း၊ သူနဲ့ ကြံရာပါ နောက်တစ်ယောက်မရှိကြောင်း ပြောဆိုခဲ့ပါတယ်။

ပါ့ခ်ရို့စ် ကျောင်းကတော့ “လက်ရှိ ကျောင်းကို ပိတ်ထားပါတယ်။ ကျောင်းသားတွေ လုံခြုံကြပါတယ်။ တရားခံကို ထောင်မှာ ထိန်းချုပ်ထားပါတယ်။ ကျောင်းသားမိဘတွေ ကျေးဇူးပြုပြီး ကျောင်းကို မလာကြပါနဲ့။ တစ်ခုခု သိရပြီဆိုတာနဲ့ အကြောင်းကြားပါမယ်” လို့ ထုတ်ပြန်ခဲ့ပါတယ်။ ကျောင်း နဲ့ ရဲတွေရဲ့ မြန်ဆန်ထိရောက်တဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဘယ်သူမဆို လုံခြုံသွားတဲ့စနစ်က နိုင်ငံတိုင်းမှာ ရှိသင့်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။

Ref: DailyMail “High school football coach tackles a ‘suicidal’ male student armed with a gun and wrestles him to the ground”
Ah Ko Latt (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top