ဒူးရင်းသီးရဲ့ အနံ့စူးစူးကြောင့် စာပို့သမားတွေ ဆေးရုံ ရောက်ရတဲ့အဖြစ်

24-6-2020-yyl-014.jpg

အနံ့စူးရှတဲ့ပါဆယ်ထုပ်တစ်ခုကြောင့် ဂျာမန်စာပို့သမားတွေ ဆေးကုသမှုခံယူခဲ့ရပြီး တချို့ဆို ထွက်ပြေးခဲ့ရတဲ့ဖြစ်ရပ်တစ်ခု ဘာဗေးရီးယားမှာ စနေနေ့က ဖြစ်ပွားခဲ့ပါတယ်။ အဲဒီလိုဖြစ်ပွားခဲ့တာကြောင့် ပါဆယ်ထုပ်ကို ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ အနံံ့ပြင်းတဲ့ဒူးရင်းသီးတွေဖြစ်နေပါတယ်။ စာတိုက်ဝန်ထမ်းတွေက ပါဆယ်ထုပ်ထဲက လာတဲ့အနံ့ကို သတိပြုမိပြီးတဲ့နောက်မှာ ရဲတွေ၊ မီးသတ်သမားတွေနဲ့ အရေးပေါ်ဝန်ဆောင်မှုတွေကို ခေါ်ယူခဲ့ရပါတယ်။

ပါဆယ်ထုပ်ထဲမှာ ဘာပါမှန်းမသိတဲ့အတွက် အစကတော့ အန္တရာယ်ဖြစ်နိုင်ချေရှိလားဆိုပြီး သံသယဖြစ်မိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ပါဆယ်ထုပ်ကို သေချာမစစ်ဆေးခင် ဝန်ထမ်း (၆၀) ဝန်းကျင်နဲ့အတူ အဆောက်အဦးတစ်ခုလုံးက လူတွေ ထွက်ပြေးခဲ့ရပါတယ်။ ပါဆယ်ထုပ်ကို စစ်ဆေးကြည့်လိုက်တဲ့ အခါမှာတော့ ထိုင်းဒူးရင်းသီးတွေ ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ အသက် (၅၀) အရွယ် မြို့နေထိုင်သူတစ်ဦးဟာ အဲဒီပါဆယ်ထုပ်ကို နုရင်ဘတ်ဂ်မြို့က သူငယ်ချင်းဆီကနေ အိမ်ကို ပို့ခဲ့တာဖြစ်ပါတယ်။

ဒူးရင်းသီးရဲ့ အရသာကို အရှေ့တောင်အာရှနိုင်ငံတွေက လူတွေက ကြိုက်နှစ်သက်ကြပေမယ့် ဆိုးရွားတဲ့အနံ့ကြောင့် တချို့ကတော့ မကြိုက်ကြပါဘူး။ စင်ကာပူနိုင်ငံက မြေအောက်ရထားတွေမှာ ဒူးရင်းသီးကို တားမြစ်ထားတဲ့အပြင် ဟိုတယ် တော်တော်များများကလည်း ဒူးရင်းသီးရဲ့ အနံ့ကြောင့် ဒူးရင်းသီးကို ပိတ်ပင်ထားပါတယ်။ “စာပို့သမား (၁၂) ဦးက ဒူးရင်းသီးကြောင်း မူးဝေခဲ့ပါတယ်။ (၆) ဦးကိုတော့ ဆေးရုံတင်ခဲ့ရတယ်”လို့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

ဒီဖြစ်ရပ်ကြောင့် အရေးပေါ်လူနာတင်ကား (၆) စီး၊ မီးသတ်ကား (၅) စီးနဲ့ အရေးပေါ်ကား (၂) စီးတို့ ရောက်လာခဲ့ကြရပါတယ်။ နောက်ဆုံးမှာတော့ အဲဒီပါဆယ်ထုပ်ကို လက်ခံမယ့်သူဆီကို သွားပို့ပေးခဲ့ရပါတယ်။ အခုလိုမျိုး လူတွေရုတ်ရုတ်သဲသဲဖြစ်သွားရတာ ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။ ပြီးခဲ့တဲ့နှစ်ကလည်း University of Canberra စာကြည့်တိုက်က ဝန်ထမ်းတစ်ဦးက ဓာတ်ငွေ့ယိုစိမ့်တယ်လို့ ထင်မှတ်ခဲ့တာကြောင့် အဆောက်အဦးကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ အဲဒီနောက်မှာ ဓာတ်ငွေ့ယိုစိမ့်တာမဟုတ်ဘဲ ဒူးရင်းသီးအနံ့ဖြစ်နေတာကို ရှာတွေ့ခဲ့ပါတယ်။ ၂၀၁၈ခုနှစ်နိုဝင်ဘာလကလည်း မလေးရှားလေယာဉ်တစ်စီးက ဒူးရင်းသီးတွေကို သယ်ဆောင်လာခဲ့ရင်းနဲ့ ဒူးရင်းသီးအနံ့ကြောင့် ခရီးသည်တွေက မကျေမနပ် ညည်းညူပြောဆိုနေကြတဲ့အတွက် လေယာဉ်ကို ယာယီဆင်းသက်ခဲ့ရပါတယ်။

Ref: CNN “A suspect package sent six people to the hospital and caused an evacuation — its contents turned out to be some very smelly fruit”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top