ရွှေတောင်ညိုကြီး သြဂဲနစ်မွေးမြူရေးလုပ်ငန်းရဲ့ ပူးတွဲတည်ထောင်သူ၊ သဘာဝကြက်မွေးမြူရေး စွန့်ဦးတီထွင်လုပ်ငန်းရှင် ကိုဇော်ရဲနောင်ဟာ ၂၀၁၉ခုနှစ် ကုလသမဂ္ဂရေရှည်ဖွံ့ဖြိုးမှု ဦးတည်ချက်များ (SDG) ဆိုင်ရာ စီးပွားရေးရှေ့ဆောင်လူငယ် (၁၀) ဦးမှာ ပါဝင်ခဲ့ပါတယ်။ အခုလို (၁၀) စာရင်းမှာ မြန်မာနိုင်ငံက ကိုဇော်ရဲနောင် ပါဝင်ခဲ့ကြောင်းကို ကုလသမဂ္ဂ Global Compact အဖွဲ့ကြီးက နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဌာနချုပ်မှာ စက်တင်ဘာလ (၁၆) ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ကိုဇော်ရဲနောင်က ကမ္ဘာ့ကုလသမဂ္ဂက UN SDG Pioneer 2019 ဆုကို ကျေးလက်ပြည်သူများဖွံ့ဖြိုးတိုးတက်စေမှု (Advancing Local People) ခေါင်းစဉ်နဲ့ ရွေးချယ်ခံလိုက်ရတာဖြစ်ပါတယ်။ ဆုပေးပွဲအခမ်းအနားကို အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့က ကမ္ဘာ့ကုလသမဂ္ဂရုံးချုပ်မှာ အထွေထွေညီလာခံကျင်းပတဲ့အချိန်မှာ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
သဘာဝကြက်မွေးမြူရေး စွန့်ဦးတီထွင်လုပ်ငန်းရှင် ကိုဇော်ရဲနောင်က နိုင်ငံအတွက် ဂုဏ်ရှိစေတဲ့ ကမ္ဘာရဲ့ အသိအမှတ်ပြုမှုတစ်ခုရအောင် ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ဝမ်းသာဂုဏ်ယူမိကြောင်း၊ အခုလို အသိအမှတ်ပြုခံရတာဟာ ရွှေတောင်ညိုကြီးက ယုံကြည်ထားတဲ့လမ်းကို သူနဲ့အတူထပ်တူယုံကြည်ချက်အပြည့်နဲ့ အားသွန်ခွန်စိုက်လုပ်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်လယ်သမားတွေ၊ မွေးမြူရေးသမားတွေနဲ့ ယုံကြည်စွာအားပေးတဲ့စားသုံးသူတွေရဲ့ ကျေးဇူးတရားကြောင့်သာ ရရှိခဲ့တာဖြစ်ကြောင်း၊ ဒီဆုက လယ်သမားတွေ၊ မွေမြူရေးသမားတွေနဲ့ စားသုံးသူတွေကို ရည်ညွှန်းတာဖြစ်ကြောင်း ပြောပြသွားခဲ့ပါတယ်။
ဒီကနေ့ စက်တင်ဘာလ (၂၅) ရက်နေ့မှာတော့ ၂၀၁၉ခုနှစ် ကုလသမဂ္ဂရေရှည်ဖွံ့ဖြိုးမှု ဦးတည်ချက်များ (SDG) ဆိုင်ရာ စီးပွားရေးရှေ့ဆောင်လူငယ်တွေနဲ့အတူ ကိုဇော်ရဲနောင်ရဲ့ပုံကို နယူးယောက်မြို့လယ်ခေါင်မှာ ပြသရင်းနဲ့ ဂုဏ်ပြုခဲ့ပါတယ်။ ကုလသမဂ္ဂကပေးအပ်တဲ့ဆုနဲ့ နယူးယောက်မြို့လယ်ခေါင်မှာ ကိုရဲနောင်ဂုဏ်ပြုခံရတဲ့အတွက် မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့ ထပ်တူထပ်မျှဝမ်းသာဂုဏ်ယူမိပါတယ်။
Ref: Shwe Taung Nyo Gyi’s fb, YangonStockNews
Team (ရိုးရာလေး)