ကစားသမားဘဝမှာ သူ့အတွက် တစ်ခုတည်းသောနောင်တကို မိုက်ကယ်အိုဝင် ထုတ်ပြော

img15-1.jpg

တစ်ချိန်က ”ငှက်မြန်လေး”လို့ ကျော်ကြားခဲ့တဲ့ လီဗာပူးတိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်ကတော့ ရီးရဲလ်ကနေ နယူးကာဆယ်ကို ပြောင်းရွှေ့ခဲ့တာ အောက်တစ်ဆင့် နိမ့်ကျသွားခဲ့ပြီး သူ့အတွက် အမှန်တကယ်နောင်တရခဲ့တဲ့ အပြောင်းအရွှေ့ဖြစ်တယ်လို့ သူ့ရဲ့စာအုပ်သစ်မှာ ရေးသားထားပါတယ်။ ”ဗိုက်ထဲက ပုဏ္ဍားလေးစကား နားထောင်ခဲ့သင့်ပါတယ်။ (နယူးကာဆယ်)ကို ကျွန်တော် မသွားချင်ဘူး။ ကျွန်တော့်နှလုံးသားက လီဗာပူးကို ပြန်သွားဖို့ ဆုံးဖြတ်ပြီးနေပြီ”

ဒါပေမဲ့ လွန်ခဲ့တဲ့ ၁၄ နှစ်မှာ နယူးကာဆယ်အသင်း ကမ်းလှမ်းခဲ့တဲ့ ပြောင်းရွှေ့ကြေးကို လီဗာပူးက လိုက်မမီခဲ့လို့ စိန့်ဂျိမ်းစ်ပက်ကို မပြောင်းချင်ဘဲ ပြောင်းခဲ့ရတာလို့ အိုဝင်က ပြောပါတယ်။ အိုဝင်ဟာ လီဗာပူးကနေ ရီးရဲလ်ကို ပြောင်းရွှေ့ခဲ့ပေမဲ့ ရီးရဲလ်မှာ တစ်နှစ်ပဲ ကစားခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ နယူးကာဆယ်ကို ပေါင် ၁၇ သန်းနဲ့ ပြန်လည်ပြောင်းရွှေ့ခဲ့ပါတယ်။ သူဟာ နယူးကာဆယ်မှာ ၄ နှစ်ကြာ ကစားခဲ့ပေမဲ့ ဒဏ်ရာပြဿနာတွေကြောင့် ၇၉ ပွဲပဲ ကစားခွင့်ရခဲ့ပါတယ်။

”ကစားသမားဘဝ ဖြတ်သန်းမှု ရှုထောင့်ကနေကြည့်ရင် နယူးကာဆယ်ကို ပြောင်းရွှေ့ခဲ့တာက တစ်ဆင့်နိမ့်သွားတယ်ဆိုတာကို ကျွန်တော် သံသယမရှိပါဘူး။ အဲဒီအမြင်ကို နယူးကာဆယ်ပရိသတ်တွေကတော့ ကြိုက်မှာမဟုတ်ပါဘူး။ ကျွန်တော် ခံစားခဲ့ရတာတော့ အဲဒီလိုပါပဲ”

၂၀၀၇ ခုနှစ် မေလက ဝက်ဖို့ဒ်နဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်မှာ အိုဝင် သတိလစ်ပြီး ထမ်းစင်နဲ့ ခေါ်ထုတ်ခဲ့ရပါတယ်။ အဲဒီအချိန်က နယူးကာဆယ်ပရိသတ်တွေက လှောင်ပြောင်အော်ဟစ်ခဲ့လို့
နယူးကာဆယ်ပရိသတ်တွေနဲ့ သူ့ကြားက ဆက်ဆံရေး လုံးဝပျက်စီးသွားခဲ့တယ်လို့ အိုဝင်က ပြောပါတယ်။

”ကျွန်တော် အိမ်ပြန်ရောက်တော့ အဲဒီပွဲကိုကြည့်ဖို့ Match of the Day အစီအစဉ်ဖွင့်လိုက်တယ်။ ကျွန်တော့်အသင်း ပရိသတ်ဖြစ်တဲ့ နယူးကာဆယ်ပရိသတ်တွေက ”တကယ့်ကို ပိုက်ဆံဖြုန်းတီးတာပဲ”လို့ သံပြိုင်အော်ဟစ်နေတာ ကြားရပါတယ်။ အဲဒီနေ့က သူတို့ရဲ့လုပ်ရပ်က ကျွန်တော့်အတွက် ပြောင်းလဲမှုတွေဖြစ်စေခဲ့တယ်ဆိုတာ ငြင်းမရပါဘူး”

နယူးကာဆယ်နဲ့ လမ်းခွဲပြီးနောက်မှာတော့ မိုက်ကယ်အိုဝင်ဟာ မန်ယူနဲ့ စတုတ်စီးတီးအသင်းတွေမှာ ကစားခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ ကစားသမားဘဝကနေ အနားယူခဲ့ပါတယ်။ မိုက်ကယ်အိုဝင်က ဒီအကြောင်းတွေကို Reboot – My Life, My Time စာအုပ်မှာ ရေးသားထားတာပါ။ အဲဒီစာအုပ်ကို Daily Mirror သတင်းစာက အခန်းဆက်ဖော်ပြနေပါတယ်။
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top