ဆင်တုပ်ကွေးဖြစ်နေချိန် ခုခံအားကောင်းအောင် ဒါတွေစားပေးဖို့လိုပါတယ်

shutterstock-680919733.png

ခုလိုမိုးရာသီဆိုတာ တုပ်ကွေးပေါင်းစုံထကြွသောင်းကျန်းတဲ့ ရာသီတစ်ခုပါ။ သွေးလွန်တုပ်ကွေး၊ ရာသီတုပ်ကွေး၊ ဆင်တုပ်ကွေးစတဲ့အားလုံးသိကြတဲ့တုပ်ကွေးတွေ စုပြီးဖြစ်ကြတဲ့ရာသီတစ်ခုပေါ့။ နှစ်တိုင်းနှစ်တိုင်း သူတို့တွေက အလှည့်ကျနာမည်ကြီးကြပါတယ်။ ဒီနှစ်ထဲမှာ နာမည်ကြီးနေတာကတော့ ဆင်တုပ်ကွေးပေါ့။ ခြင်ကိုက်တာကနေကူးစက်လာတဲ့ ဆင်တုပ်ကွေးက ခုနောက်ပိုင်း ဖြစ်တဲ့သူတွေများနေတော့ ဆင်တုပ်ကွေးဖြစ်နေတဲ့အချိန် ဘယ်လို စားသောက်နေထိုင်ရမလဲဆိုတာအရေးကြီးလာပြီပေါ့။ တုပ်ကွေးဆိုတာကိုယ်ခံအားတိုက်မှ ပျောက်တဲ့အရာဆိုတော့ တုပ်ကွေးဖြစ်နေချိန်ကိုယ်ခံအားကို ဖြည့်ပေးမယ့်အစားအစာက အရေးကြီးလာပြီလေ။

ဆင်တုပ်ကွေးဆိုတာ ဘာလဲ

ဆင်တုပ်ကွေးဆိုတာ ဗိုင်းရပ်စ်ကြောင့်ဖြစ်ရတာဖြစ်ပြီး ရာသီတုပ်ကွေးလိုမျိုး နှာစေချောင်းဆိုးတဲ့လူကနေကူးစက်တာမဟုတ်ပါဘူး။ သွေးလွန်တုပ်ကွေးလိုမျိုး ခြင်ကိုက်ရာကတစ်ဆင့်ကူးစက်တဲ့ရောဂါဖြစ်ပြီး အဖျားကြီးပြီးချမ်းတုန်တာအပြင် ကိုယ်လက်ကိုက်ခဲ နာကျင်ပြီး ခြေထောက်ဖောရောင်တာမျိုးတွေပါ ဖြစ်တတ်ပါတယ်။ ဖြစ်လာတဲ့အခါကျရင် ကာကွယ်ဖို့ထက် ပျောက်ဖို့ကိုပိုအာရုံစိုက်သ့င်တာကြောင့် ခုခံအားပြန်အားရှိအောင် ဒါတွေစားပေးဖို့လိုပါတယ်။

ဆင်တုပ်ကွေးဖြစ်နေချိန် ဒါတွေစားပေးပါ

အုန်းရည်

ဖျားရင် ကိုယ်အပူချိန်များနေရင် အုန်းစိမ်းရည်သောက်ပေးလို့ရတယ်ဆိုတာ အားလုံးသိကြမှာပါ။ ဒါ့ကြောင့် အဖျားကြီးနေတဲ့ဆင်တုပ်ကွေးသမားတွေ ပိုလို့တောင်သောက်ပေးလို့ရတယ်နော်။ ကိုယ်ခန္ဓာကအဆိပ်အတောက်တွေကိုစွန့်ထုတ်ပေးရုံသာမက ရေဓာတ်ပါ ဖြည့်ပေးဦးမှာနော်။

အစိမ်းရောင်အသီးအရွက်တွေ

အစိမ်းရောင်အသီးအရွက်တွေဟာ ဗီတာမင်အပြည့်ပါလို့ ခုခံအားကို တက်စေမယ့်အပြင် ပါဝင်တဲ့ ရောင်ခြယ်ပစ္စည်းလေးတွေက ကိုယ်တွင်းကရောင်ရမ်းခြင်းတွေကို လျှော့ချပေးတာကြောင့် ကိုက်ခဲနေတဲ့အဆစ်အမြစ်တွေအတွက် အကောင်းဆုံးဖြစ်မှာပါ။

ပဲအမျိုးမျိုး

တုပ်ကွေးမိပြီး အဖျားကြီးနေတဲ့အချိန်အစာအိမ်အားနည်းနေတာကြောင့် ပျို့ချင်အန်ချင်လူတိုင်း ဖြစ်ကြမှာပါ။ ဒါပေမယ့် အန်ချင်လို့ဆိုပြီး ဘာမှမစားဘဲ နေလို့မရဘူးလေ။ အားရှိအောင် အစားအစားမှဖြစ်မှာဆိုတော့ အစာခြေရခက်တဲ့အသားတွေစားမယ့်အစား အစာခြေရလွယ်တဲ့ ပဲတွေစားပေးပါ။ ပရိုတင်းဓာတ်လည်းရ၊ အမျှင်ဓာတ်လည်း ကြွယ်ဝတော့ ဝမ်းချုပ်တဲ့ ပြဿနာတွေလည်းရှင်းသွားတာပေါ့။

စွပ်ပြုတ်ရည်

စွပ်ပြုတ်ရည်ပူပူလေးတစ်ခွက်က မိုးရာသီနဲ့လိုက်ဖက်လွန်းတဲ့အပြင် နေမကောင်းဖြစ်နေတဲ့သူတိုင်း အားထားရတဲ့အစားအစာတစ်ခုဖြစ်ပါတယ်။ ကိုယ်အရမ်းပူပြီးဖျားနေတဲ့အချိန်ဆိုရင် အသားပြုတ်ရည်တွေကို အစားအစာခြေရလွယ်တဲ့အသီးအရွက်ပြုတ်လေးတွေ စာပေးလို့ရပါတယ်။ မုန်လာဥနီတို့ခရမ်းချဉ်သီးပြုတ်ရည်တို့လိုပေါ့။ နောက်ပိုင်းမှ ပြန်ပြီးအားရှိအောင် ကြက်သားစွတ်ပြုတ်ရည်လေးတွေသောက်ပေးပါ။

ဗီတာမင်စီ ကြွယ်ဝတဲ့အသီးအနှံတွေ

ဗီတာမင် C က ခုခံအားအတွက် အရေးအကြီးဆုံးဗီတာမင်တစ်ခုဆိုတော့ ဆင်တုပ်ကွေးကို တိုက်နေရတဲ့ခုခံအားစနစ်အတွက် မရှိမဖြစ်အရေးကြီးတဲ့ဗီတာမင်တစ်ခုပါ။ ဒီတော့ ဗီတာမင် C ကြွယ်ဝတဲ့အသီးအနှံတွေဖြစ်တဲ့ သံပရာသီး၊ လိမ္မော်သီး၊ ကီဝီသီးတို့ကိုစားပေးပါ။ ခံတွင်းလေးလည်းရှင်းသွားတာပေါ့။ နောက်ပြီး အသီးအနှံတွေမှာပါတဲ့ဓာတ်တိုးဆန့်ကျင် အာနိသင်ကြောင့် ဒါတွေကတော့ ဆင်တုပ်ကွေးသမားတွေ အလေးထားစားသင့်တဲ့အစားအစာတွေဖြစ်ပါ။ ကိုယ်က တုပ်ကွေးမိနေတော့ ကိုယ်ခံးအားကောင်းအောင် ဂရုစိုက်ရမှာဖြစ်တဲ့အပြင် အိပ်ရေးဝဝအိပ်ပေးဖို့ကလည်း အရေးကြီးတဲ့ အရာတစ်ခုပါ။ နောက်ထပ်အရေးကြီးဆုံးအရာတစ်ခုကတော့ ကိုယ့်ဆီကအဖျားသူများဆီ မရောက်ဖို့ရယ် ကိုယ့်ဆီ နောက်ထပ်အခြားရောဂါတွေဝင်မလာဖို့ရယ်အတွက် ခြင်ကိုက်မခံရအောင် ကာကွယ်ထားတာ အကာင်းဆုံးပါ ။ ။

Ref: Helloဆရာဝန်
ရေးသားသူ – Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. Thurein Hlaing Win

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။
scroll to top