ONE: Dawn of Heroes ပြိုင်ပွဲကြီးတွင် စောင့်ကြည့်ရမည့်ကစားသမား (၅) ဦး

My-Post1.jpg

ဖိလစ်ပိုင်နိုင်ငံ၏ ကိုယ်ခံပညာအားကစားသမိုင်းတွင် အကြီးကျယ်ဆုံးပြိုင်ပွဲကြီးတစ်ခုဖြစ်လာမည့် ONE: Dawn of Heroes ပြိုင်ပွဲကြီးကို လာမည့်သြဂုတ် (၂) ရက်တွင် မနီလာမြို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံစိန်ခေါ်ပွဲ၊ ဖလိုင်းဝိတ်တန်း မွေထိုင်းကမ္ဘာ့ချန်ပီယံစိန်ခေါ်ပွဲများအပြင် ဖလိုင်းဝိတ်တန်းနှင့် လိုက်ဝိတ်တန်း တံခွန် စိုက်ရှုံးထွက်ပြိုင်ပွဲကြီးများ၏ ဆီမီးဖိုင်နယ်တွဲဆိုင်းများကို ယှဉ်ပြိုင်ကြမည်ဖြစ်သဖြင့် ပွဲကောင်းများစွာပါဝင်သည့်ပြိုင်ပွဲကြီးဖြစ်သည်။ ယင်းပြိုင်ပွဲကြီးမှ စိတ်ဝင်တစား စောင့်ကြည့်သင့် သည့် ကစားသမားအချို့အကြောင်းကို စုစည်းတင်ပြလိုက်ပါသည်။

၁။ Martin Nguyen

ONE: Dawn of Heroes ပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံစိန်ခေါ်ပွဲ (၂) ပွဲ ထည့်သွင်းကျင်းပမည်ဖြစ်ပြီး ပထမတစ်ပွဲမှာ ဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Martin “The Situ-Asian” Nguyen ကို ဂျပန်ကြယ်ပွင့်ကစားသမား Koyomi “Moushigo” Matsushima က စိန်ခေါ်ထိုးသတ်သည့်ပွဲဖြစ်သည်။ ဒဏ်ရာကြောင့် ကာလအတန်ကြာ အနားယူခဲ့သည့် Nguyen သည် ပြီးခဲ့သည့်ဧပြီလအတွင်းက ကျင်းပသော ONE: Roots of Honor ပြိုင်ပွဲမှစတင်ကာ ကြိုးဝိုင်းထဲတစ်ကျော့ပြန်ဝင်ရောက်လာခဲ့ပြီး စိန်ခေါ်သူ ဖယ်သာဝိတ်တန်းချန်ပီယံဟောင်း Narantungalag Jadambaa ကို ဒုတိယအချီတွင်ပင် ဒူးပျံဖြင့် လှလှပပပွဲသိမ်းခဲ့သည်။

၎င်း၏ ချန်ပီယံခါးပတ်နှစ်ခုအနက် လိုက်ဝိတ်တန်းခါးပတ်ကို စွန့်လွှတ်ခဲ့ရပြီးနောက် ကျန်ရှိနေသည့်ခါးပတ်ကို ကာကွယ်နိုင်ရေးအတွက် အမေရိကန်မှ အောင်လအန်ဆန် လေ့ကျင့်နေ သည့် HardKnock 365 အားကစားရုံတွင် စခန်းသွင်းလေ့ကျင့်နေသူလည်းဖြစ်သည်။

သြစတြေးလျတွင်မွေးဖွားကြီးပြင်းခဲ့သည့် ဗီယက်နမ်သား Nguyen သည် မတ်တပ်ရပ်တိုက်ခိုက်မှုရော၊ မြေပြင်ချုပ်ကွက်ပါ ကျွမ်းကျင်သည့်ကစားသမားတစ်ဦးဖြစ်ပြီး အတွေ့အကြုံ လည်း လုံလုံလောက်လောက်ရှိသူ ဖြစ်သည်။ ၎င်းနှင့် ရင်ဆိုင်ရမည့် Matsushima သည် Shooto ပြိုင်ပွဲမှ ဝယ်လ်တာဝိတ်တန်း တံခွန်စိုက် ချန်ပီယံဟောင်းဖြစ်သဖြင့် လွယ်ကူသည့် ပြိုင်ဘက်မဟုတ်ဘဲ ချန်ပီယံခါးပတ်ကိုကာကွယ်နိုင်ရန် အကြိတ်အနယ် ကစားရမည့်သူမျိုးဖြစ်နေသည်။ အချက်အလက်များအရ Nguyenသည် နောက်ဆုံးကစားခဲ့သည့် (၄) ပွဲတွင် (၂) ပွဲနိုင် (၂) ပွဲရှုံးရလဒ်ရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်က ဝိတ်တန်း (၃) ခုချန်ပီယံဖြစ်ရန်ပင် နီးစပ်ခဲ့သည်အထိ လက်စွမ်းပြနိုင်ခဲ့သည်။ ထို့ကြောင့် လက်ရှိအချိန်တွင် ဒဏ်ရာအနာတရ ကင်းစင်နေသဖြင့် ပြီးခဲ့သည့်နှစ်က လက်စွမ်းမျိုး ပြန်ရနိုင်၊ မရနိုင် ဆိုသည်ကို ယခုပွဲတွင်စောင့်ကြည့်ရမည်ဖြစ်သည်။

၂။ Jonathan Haggerty

ဗြိတိန်နိုင်ငံသား လူငယ်မွေထိုင်းကစားသမား Jonathan “The General” Haggerty သည် ပြီးခဲ့သည့်မေလ အတွင်းက အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပခဲ့သည့် ONE: For Honor ပြိုင်ပွဲကြီးတွင် နိုင်ငံတကာမွေထိုင်း ပရိသတ်များ ထင်မှတ်မထားသည့်ဖြစ်ရပ်တစ်ခုကို ဖန်တီးနိုင်ခဲ့သူဖြစ်သည်။ အဆိုပါဖြစ်ရပ်မှာ ဝါရင့် ထိုင်းကစားသမားကြီး Sam-A Gaiyanghadao ကိုအနိုင်ယူပြီး ဖလိုင်းဝိတ်တန်း မွေထိုင်းကမ္ဘာ့ချန်ပီယံ ခါးပတ်ကို လုယူနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အသက် (၂၂) နှစ်သာရှိသေးသည့် Haggerty ကိုအနိုင်ယူ၍ ၎င်းတို့ ရိုးရာအားကစားနည်း၏ ချန်ပီယံခါးပတ်ကို ပြန်လည်လုယူရန်ဆိုသည်မှာ ထိုင်းကစားသမားတိုင်း၏ ဆန္ဒဖြစ်သည်။

ယခုပြိုင်ပွဲတွင် ယင်းဆန္ဒကိုအကောင်အထည်ဖော်ခဲ့သူမှာ ထိုင်းကစားသမား Rodtang “The Iron Man” Jitmuangnon ဖြစ်သည်။ အပျော်တမ်းဘဝဖြင့် အင်္ဂလန်နှင့် ဗြိတိန်တို့မှ မွေထိုင်းချန်ပီယံခါးပတ်များ အကြိမ်ကြိမ် သိမ်းပိုက်ခဲ့ပြီးနောက် ပရော်ဖက်ရှင်နယ်ဘဝသို့ကူးပြောင်းခဲ့သူ Haggerty သည် WBC ၏ မွေထိုင်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ရရှိခဲ့သူလည်း ဖြစ်သည်။ ထို့ကြောင့် မွေထိုင်းပညာပိုင်းတွင် ထိပ်တန်းအဆင့်ရှိသူ Haggerty အတွက် Rodtang သည် ပြိုင်ဘက်ကောင်းတစ်ယောက်ဖြစ်လာမည်ဖြစ်သည်။ အထူးသဖြင့် ဥရောပ သားတစ်ဦးဖြစ်နေသည့် Haggerty က မွေထိုင်း၏ မွေးရပ်မြေမှ ထိုင်းနိုင်ငံသားကစားသမားကောင်း များကို ကျော်ဖြတ်အနိုင်ယူနိုင်သည့် စစ်မှန်သောချန်ပီယံတစ်ယောက် ဟုတ်၊ မဟုတ် ဆိုသည်ကို ယခုပွဲတွင် သက်သေပြရမည်ဖြစ်သည်။

၃။ Demetrious Johnson

ယခုပြိုင်ပွဲတွင်ထည့်သွင်းကျင်းပမည့် ဖလိုင်းဝိတ်တန်း ဂရင်းပရီဆီမီးဖိုင်နယ်တွဲဆိုင်းတစ်ခုဖြစ်သော UFC ကမ္ဘာ့ချန်ပီယံ (၁၂) ကြိမ်ဖြစ်ခဲ့ဖူးသည့် အမေရိကန်သား Demetrious “Mighty Mouse” Johnson နှင့် DEEP ပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံဖြစ်ဖူးသူ Tatsumitsu “The Sweeper” Wada တို့ပွဲကလည်း စိတ်ဝင်စားစရာ ပွဲတစ်ပွဲဖြစ်သည်။ နာမည်ကျော် UFC ပြိုင်ပွဲ၏ ဖလိုင်းဝိတ်တန်းတွင် ချန်ပီယံအဖြစ် ခြောက်နှစ်ကြာစိုးမိုးခဲ့သူ Johnson သည် အခြား UFC ကစားသမားဟောင်းများ ONE Championship ပွဲဦးထွက်မလှသည့် အချိန်တွင် ဂျပန်ကစားသမား Yuya “Little Piranha” Wakamatsu ကို မြေပြင်ချုပ်ကွက်ဖြင့်အနိုင်ယူကာ ပွဲထွက်လှခဲ့သည့် ကစားသမားဖြစ်သည်။

အသက် (၃၂) နှစ်ရှိပြီဖြစ်သော်လည်း အကောင်းဆုံးလက်စွမ်းကိုထိန်းသိမ်းထားသည့် Johnson သည် ၎င်း၏ အရည်အချင်းကို ကမ္ဘာကျော်ကစားသမားများနှင့် အကြိမ်ကြိမ်စစ်ဆေးခံ ပြီးသူဖြစ်သည်။ ယခုပွဲတွင် ၎င်းရင်ဆိုင်ရမည့် Wada သည် DEEP ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့ရုံသာမက ရှစ်ပွဲဆက်တိုက်အနိုင်ရလဒ်ကိုပါ ပိုင်ဆိုင်ထားသူဖြစ်သည်။ ၎င်းတို့နှစ်ဦး ထိပ်တိုက်တွေ့သည့်ပွဲသည် နည်းစနစ်ပိုင်းအားပြိုင်ကြသည့်ပွဲတစ်ပွဲ ဖြစ်လာမည်ဖြစ်သလို စွယ်စုံရကစားသမားနှစ်ဦး ထိပ်တိုက်တွေ့သည့်ပွဲလည်းဖြစ်သည်။ Johnson အနေဖြင့် နယ်မြေသစ်တွင် ၎င်း၏အရည်အချင်းများကိုပြသကာ ချန်ပီယံဆုကိုစိန်ခေါ်နိုင်ခြင်းရှိ၊ မရှိ ဆိုသည်ကို ယခုပွဲတွင် စောင့်ကြည့်ရမည် ဖြစ်သည်။

၄။ Arjan Bhullar

ယခုပြိုင်ပွဲ၏ တစ်ပွဲတည်းသော ဟဲဗီးဝိတ်တွဲဆိုင်းတွင် အိန္ဒိယနွယ်ဖွားကစားသမား Arjan “Singh” Bhullar နှင့် အီတလီကစားသမားကြီး Mauro “The Hammer” Cerilli တို့ ရင်ဆိုင်ကြမည်ဖြစ်သည်။ ONE Championship ၏ မျက်နှာသစ်ကစားသမား Bhullar သည် ယခုပွဲကို ၎င်း၏ ပထမဆုံးပွဲထွက်သည့်ပွဲအဖြစ် ကစားရခြင်းလည်း ဖြစ်သည်။ UFC မှပြောင်းရွှေ့လာသည့် Bhullar သည် ကနေဒါနိုင်ငံလက်ရွေးစင်အဖြစ် နိုင်ငံတကာ နပမ်းပြိုင်ပွဲများကိုပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပြီး ၂ဝဝ၉ ခုနှစ်က ကနေဒါ၏ အကောင်းဆုံးနပမ်းသမားအဖြစ် လည်း ရွေးချယ်ခံခဲ့ရဖူးသည်။ ၂ဝ၁ဝ ဓနသဟာယအားကစားပြိုင်ပွဲတွင် ကနေဒါကိုယ်စားပြုပါဝင်ယှဉ်ပြိုင်ကာ ရွှေတံဆိပ်ရရှိခဲ့သူလည်းဖြစ်သည်။

ကနေဒါမှ BFL နှင့်အမေရိကန် UFC တို့တွင်လက်စွမ်းပြခဲ့သည့် Bhullar သည် ကစားသမား သက်တမ်းတစ်လျှောက် ရှုံးပွဲတစ်ပွဲသာရှိခဲ့သည်။ ၎င်းနှင့်ရင်ဆိုင်ရမည့် Cerlli သည်လည်း ဗြိတိန်မှ Cage Warriors ပြိုင်ပွဲတွင် ဟဲဗီးဝိတ်ချန်ပီယံဖြစ်ခဲ့ကာ Brandon Vera ထံမှ ချန်ပီယံခါးပတ်ကိုပင် လုယူရန် ကြိုးစားခဲ့ဖူးသူဖြစ်သည်။ ONE Championship ၏ ဝိတ်တန်းအမြင့်ဆုံး လူ့ဘီလူကြီးနှစ်ယောက် ထိပ်တိုက်တွေ့သည့်ပွဲက ကြိုးဝိုင်းတစ်ခုလုံး သိမ့်သိမ့်တုန်အောင် ပွဲကြမ်းကြမည့်ပွဲမျိုးဖြစ်သည်။ Bhullar အနေဖြင့် သူ့ရှေ့မှ UFC ကစားသမားဟောင်းများကဲ့သို့ ပွဲဦးထွက်ရှုံးနိမ့်မှုမှ ရှောင်လွှဲနိုင်ခြင်းရှိ၊ မရှိ ဆိုသည်ကို ယခုပွဲတွင် မြင်တွေ့ရမည်ဖြစ်သည်။

 

၅။ Ayaka Miura

ယခုပြိုင်ပွဲတွင်ပါဝင်သည့် တစ်ပွဲတည်းသော အမျိုးသမီးတွဲဆိုင်းမှာ ဘရာဇီးလ်သူ Samara “Marituba” Santos နှင့် ဂျပန်သူ Ayaka Miura တို့၏ တွဲဆိုင်းဖြစ်သည်။ Miura သည် ဂျပန်နိုင်ငံမှ Deep နှင့် Pancrase ပြိုင်ပွဲများတွင် လက်စွမ်းပြခဲ့သူဖြစ်ပြီး ချန်ပီယံခါးပတ်မရခဲ့သော်လည်း ကစားသမားဘဝတစ်လျှောက် ရှုံးပွဲနှစ်ပွဲသာရှိခဲ့ဖူးပြီး ပရိသတ်အားပေးမှု မြင့်မားသည့်ကစားသမားဖြစ်သည်။ Deep ၏ နာမည်ကျော် ဝိတ်တန်းနှစ်ခုချန်ပီယံ Ryo Chonan ၏ သင်ကြားပြသမှုအောက်တွင် ထိပ်တန်းကစားသမားတစ်ဦး ဖြစ်လာခဲ့သည့် Miura သည် ဂျူဒိုပညာရပ်ကို အားပြုကစားသူဖြစ်သဖြင့် ပြိုင်ဘက်ကို မြေပြင်ချုပ်ကွက်ဖြင့် အနိုင်ယူခဲ့သည့်ပွဲ အများအပြားရှိသည်။

ပြိုင်ဘက်ဖြစ်သူ Santos သည်လည်း စတောဝိတ်တန်းချန်ပီယံ Xiong Jing Nan ကို ၎င်း၏ မွေးရပ်မြေ တရုတ်နိုင်ငံတွင် သွားရောက်စိန်ခေါ်ခဲ့ဖူးသည့်ကစားသမားဖြစ်သည်။ ထို့ကြောင့် ယခုပွဲသည် စတောဝိတ်တန်း ထိပ်တန်းအမျိုးသမီးကစားသမားနှစ်ဦး၏ ထိပ်တိုက်တွေ့ဆုံမှုဖြစ်လာကာ ချန်ပီယံစိန်ခေါ်ခွင့်အတွက် စာမေးပွဲလည်းဖြစ်သည်။ Miura အနေဖြင့် ယခုပွဲတွင် ပြိုင်ဘက်ကိုအနိုင်ယူပြီး စတောဝိတ်တန်းချန်ပီယံကို ရင်ဆိုင်နိုင်သည့်ပြိုင်ဘက်ကောင်းတစ်ဦးဖြစ်ကြောင်း သက်သေပြရမည်ဖြစ်သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top