“ကမ္ဘာ့အန္တရာယ်အရှိဆုံးကျွန်း” ကို သွားဖို့ စီစဉ်နေတဲ့ ဗြိတိန်နိုင်ငံသားကမ္ဘာ့လှည့်ခရီးသည်

6-5-2022-yyl01.jpg

အန္တရာယ်များတဲ့နေရာတချို့ကို အလည်သွားလေ့ရှိတဲ့ ဗြိတိန်နိုင်ငံသား မိုင်းလ် ရို့တလေချ် (Miles Routledge) ဆိုသူက ကမ္ဘာ့အန္တရာယ်အရှိဆုံးကျွန်းကို အလည်အပတ်သွားဖို့ စီစဉ်နေပါတယ်။မိုင်းလ်က ခရီးသွားအကြောင်းတွေ တင်တဲ့ Lord Miles Routledge Adventures ဆိုတဲ့ တွစ်တာအကောင့် ဖွင့်ထားပြီး “အန္တရာယ်များတဲ့ခရီးသွားဧည့်သည်” လို့လည်း နာမည်ကြီးပါတယ်။ သူက တာလီဘန်တွေ အာဖဂန်နစ္စတန်ကို သိမ်းပိုက်တဲ့အတောအတွင်း အဲဒီနိုင်ငံကို သွားရောက်ခဲ့သလို ရုရှားကျူးကျော်စစ်အတွင်း ယူကရိန်းနိုင်ငံကိုလည်း သွားခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး။ အဓိကရုဏ်းဖြစ်နေတဲ့ ကာဇက်စတန်ကိုလည်း သွားခဲ့ပါသေးတယ်။

အခု မိုင်းလ်က တသီးတသန့်နေတဲ့ လူမျိုးစုရှိတဲ့ North Sentinel Island ကို အလည်သွားချင်နေတာပါ။ သူက အဲဒီကျွန်းကို အလည်သွားပြီး ကျွန်းပေါ်က မျိုးနွယ်စုကို မှတ်တမ်းဗီဒီယိုရိုက်ဖို့ အစီအစဉ်ရှိနေတာပါ။ မျိုးနွယ်စုကို အာရုံပြောင်းစေဖို့ မီးရှူးမီးပန်းတွေ ပစ်လွှတ်ပေးမယ့် အဖွဲ့၊ ရေဒီယိုသတ္တိကြွပစ္စည်းတွေကို ကာကွယ်တဲ့ဝတ်စုံတွေ ဝတ်ဆင်ထားမယ့် အဖွဲ့တွေနဲ့အတူ လှေ ၂ စင်းဝယ်ပြီး ကျွန်းဆီ အလည်သွားမှာဖြစ်ပါတယ်။ Starlink အင်တာနက်၊ ကင်မရာတွေ၊ လျှို့ဝှက်ဆိုလာပြားတွေကိုလည်း တပ်ဆင်ထားမှာပါ။ ဒါက မျိုးနွယ်စုကို မှတ်တမ်းတင်တဲ့အခါ Twitch TV ကနေ ထုတ်လွှင့်လို့ရမှာဖြစ်တယ်။ အဲဒီလိုလုပ်တာက လမ်းကြောင်းတစ်လျှောက် ငွေရှာနိုင်မှာဖြစ်တယ်လို့ မိုင်းလ်က သူ့ရဲ့မစ်ရှင်ကို ထုတ်ပြောပြခဲ့ပါတယ်။

အဲဒီကျွန်းက ကမ္ဘာ့အန္တရာယ်အရှိဆုံးကျွန်းအဖြစ် လူသိများပြီး အိန္ဒိယကျွန်းစုတစ်ခုဖြစ်တဲ့ ဘင်္ဂလားပင်လယ်အော်မှာ တည်ရှိပါတယ်။ ကျွန်းပေါ်မှာရှိတဲ့ လူမျိုးစုက သူတို့ရဲ့ကျွန်းကို ပြင်ပကလူတွေ ဝင်မလာအောင် ပြင်းပြင်းထန်ထန်ခုခံကာကွယ်လေ့ရှိပါတယ်။ပြင်ပကလူတွေနဲ့ ပြောဆိုဆက်ဆံလိုစိတ်မရှိတဲ့သူတွေလို့ သိထားကြပါတယ်။
၁၉၈၇ခုနှစ်က ဗြိတိန်လူမျိုးစူးစမ်းရှာဖွေသူတွေဟာ ခရီးသည် (၁၀၆) ဉီးနဲ့အတူ အဲဒီကျွန်းအနီးနားက သန္တာကျောက်တန်းတစ်ခုမှာ သင်္ဘောပျက်ခဲ့ပါတယ်။ သူတို့ဟာ Royal Navy တပ်တွေရဲ့ကယ်တင်ခြင်းကို မခံရခင် ကျွန်းပေါ်ကလူတွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတယ်။ ၂၀၀၆ခုနှစ်က ငါးဖမ်းသမား ၂ ဉီး၊ ၂၀၁၈ခုနှစ်က အမေရိကန်လူမျိုးခရစ်ယာန်သာသနာပြုအဖွဲ့ဝင် ဂျွန် အယ်လန် ရှောင် (John Allen Chau) လည်း အဲဒီကျွန်းမှာ အသတ်ခံခဲ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။.

Ref: Ladbible “British Tourist Reveals Plans To Travel To The ‘World’s Most Dangerous Island'”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top